သတင်း

နယ်လှည့်စစ်ကြောင်းထိုးတပ်က ဝက်လက်ဒေသခံ ၄ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းသွားသည့် ရွာတချို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းနှင့် ဒေသခံတို့၏ ရုပ်အလောင်း ၄ ခုတို့ကို တွေ့ရကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကိုင်း၊ ဝက်လက်၊ အရာတော် သုံးမြို့နယ်ဆုံသည့် နေရာတွင် တည်ရှိသော ထိုရွာများကို စစ်ကောင်စီတပ်က ဇွန် ၁၈ မှ စတင်ပြီး သုံးရက်ကြာ လှည့်လည်စီးနင်းခဲ့သည်။

စစ်ကိုင်းမြို့ သာစည်လေးကျေးရွာကို ဇွန် ၁၈ နံနက် ၅ နာရီခန့်တွင် စီးနင်းလာသည့် စစ်ကောင်စီတပ်သားတို့ကို ရွာမြောက်ဘက်ရှိ နေရာ ၄ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁) တာဝန်ရှိသူက ပြောသည်။

မွန်းလွဲပိုင်းတွင် ရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်ကြရာ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ထိုရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ယောက် တိုက်ပွဲအတွင်း သေဆုံးသည်ဟု ၎င်းက ပြောသည်။

“သူတို့က အကုန်ထွက်မသွားဘဲ ရွာအရှေ့မြောက်ဘက်မှာ ထိတွေ့မှုဖြစ်တယ်။ ရွာပကဖတစ်ယောက် ကျသွားတယ်။ ကျွန်တော်တို့ အလောင်းမကောက်နိုင်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ သာစည်လေးရွာခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အသက် ၂၁ အရွယ် ကိုရှိုင်းကိုကို ဆိုသူဖြစ်သည်။ 

(သေဆုံးပုံနှင့် ပတ်သက်ပြီး စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

နောက်တစ်နေ့ စစ်ကောင်စီတပ် သာစည်လေးရွာမှ ပြန်လည်ထွက်သွားသဖြင့် ရှင်းလင်းရေး ဝင်ရောက်စဉ် မီးလောင်ထားသည့် ကိုရှိုင်းကိုကို၏ ရုပ်အလောင်းကို တွေ့ရသည်ဟု တပ်ရင်း (၁) တာဝန်ရှိသူက ပြောသည်။

ထိုရွာမှ ထွက်သွားသည့် စစ်တပ်သည် ရွှေစည်းခုံရွာ၌ တပ်စွဲထားသည့် တပ်နှင့် ပြန်လည်ပူးပေါင်းပြီးနောက် ဝက်လက်မြို့နယ်အတွင်း ဝင်သွားသည်၊ ရွှေစည်းခုံရွာအနောက်ဘက် တစ်မိုင်အကွာရှိ ဝက်လက်မြို့နယ် ကျောက်ကုန်းရွာသို့ ဦးတည်ချီတက်စဉ် ရွာသားနှစ်ဦးကို ဖမ်းဆီး၊ တစ်ဦးကို သတ်ပစ်ခဲ့သည်ဟု ရွှေဘိုခရိုင် တပ်ရင်း အမှတ် (၁) အဖွဲ့ဝင် အမျိုးသားက ပြောသည်။

“လမ်းမှာ တွေ့တဲ့ ရွာသားနှစ်ယောက်ကို ဖမ်းပြီးတော့ တစ်ယောက်ကို သတ်ပြီးတော့ ရေတွင်းထဲ ကန်ချခဲ့တာ။ ရွှေစည်းခုံရွာမြောက်ဘက်မှာ သတ်သွားတာ။ ခေါင်းကို ပစ်ပြီးတော့ ရေတွင်းထဲ ကန်ချခဲ့တာ” ဟု အလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သည့် အထက်ပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် ကျန်အမျိုးသားတစ်ဦးကို ကျောက်ကုန်းရွာအထိ ဆက်လက်ခေါ်ဆောင်လာကြောင်း၊ ကျောက်ကုန်းရွာအတွင်း စီးနင်းချိန် အခြားအမျိုးသား ၂ ဦးကိုလည်း ဆက်လက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသူ သုံးဦးလုံးကို ဇွန် ၁၉ ညနေပိုင်းတွင် ကျောက်ကုန်းရွာအရှေ့ထိပ် ဘုရားအနီးတွင် သတ်ဖြတ်ခဲ့သည်၊ ရုပ်အလောင်းများကို နောက်တစ်နေ့တွင် တွေ့ရသည်ဟု ရွှေဘိုခရိုင် တပ်ရင်း (၁) အဖွဲ့ဝင်က ပြောသည်။

“ရွာထိပ်က ဘုရားနားမှာ အလောင်းတွေ တွေ့တယ်။ သူတို့သုံးယောက်ကတော့ သေနတ်တွေနဲ့လည်း ပစ်ထားတယ်။ ခြေထောက်တွေကို ပစ်ထားတာ။ ဓားတွေနဲ့လည်း ခုတ်ထားတာ တွေ့တယ်။ လက်တွေမှာလည်း ကြိုးတုပ်ထားတာ။ အလောင်းတွေက မပီတော့ဘူး။ ပြန်တွေ့တော့ လက်ပြန်ကြိုးတွေ ပြန်ပြေနေပြီ” ဟု ၎င်းက ပြောသည်။

ဒဏ်ရာများကို ကြည့်ပြီး ကောက်ချက်ချရလျှင် ကျောက်ကုန်းရွာ၌ အသတ်ခံရသူ ၃ ဦးလုံးမှာ စစ်ကောင်စီတပ်က ထွက်ပြေးခိုင်းပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

ရွှေစည်းခုံရွာ၌ အသတ်ခံရသူ အမျိုးသားတစ်ဦးနှင့် ကျောက်ကုန်းရွာတွင် အသတ်ခံရသူ သုံးဦးတို့မှာ ကျောက်ကုန်းရွာခံ စစ်ဘေးရှောင်များ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အသတ်ခံရသူများထဲတွင် ၅၀ ဝန်းကျင် နှစ်ယောက်၊ ၄၀ ဝန်းကျင် နှစ်ယောက် ပါဝင်သည်၊ ရွာသားအများစု ထွက်ပြေးနေဆဲဖြစ်၍ မည်သူတို့ သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်ကြခြင်း မရှိသေးသလို သတ်ဖြတ်ရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။

ထိုဒေသတွင်းအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လဆန်ပိုင်းမှစ၍ စစ်ကိုင်းတိုင်း ဆားတောင်မြို့အနီးတစ်ဝိုက်နှင့် ဝက်လက်မြို့နယ်အနောက်ပိုင်းတွင် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်စစ်ကြောင်းထိုးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ မေလ ၆ ရက် ထုတ်ပြန်ချက်တွင် နေအိမ်ပေါင်း ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း လူဦးရေ ၁ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု ဆိုသည်။

ထိုအထဲမှ ၇၆၀,၀၀၀ ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု UN OCHA က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button