ဤဗုဒ္ဓဘာသာဘုန်းတော်ကြီးသည် ကနဦးတွင် ကျပ်ငွေသိန်းပေါင်းသောင်းချီသည့် ထီဆုကြီးကို ပေါက်သည်။ မကြာမီတွင် သူသည် သူ့ကျောင်းသို့ ဝင်ထွက်ပြုနေသော ဒကာမတစ်ဦးကို အဓမ္မပြုကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင် ၇ နှစ် ချခံရသည်။ သို့ရာတွင် သူသည် ထောင်ထဲတွင် နှစ်လတာသာနေရပြီး ထောင်မှ လွတ်မြောက်လာပြီဖြစ်သည်။
ထိုကဲ့သို့ ဘဝအချိုးအဆစ်များ လျှင်မြန်စွာတွေ့ကြုံရသည်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းထိုင် ဘုန်းတော်ကြီး ဦးစန္ဒိမာဖြစ်သည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့မည်သည် ငွေကြေးနှင့် ပစ္စည်းလာဘ်လာဘများကို ရှောင်ပယ်ကာ အလိုလောဘများကို လျော့ပါးသထက်လျော့ပါးအောင် ကျင့်ကြံရမည်ဟူ၍ ယျေဘုယျ ယူဆချက်ရှိသည်။ သို့ရာတွင် အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးစန္ဒိမာမှာမူ သူရရှိသည့် အလှုခံငွေများကိုသုံးကာ အောင်ဘာလီထီပုံမှန်ထိုးပြီး သူဌေးဖြစ်ရန် စိတ်ကူးယဥ်ခဲ့သူဖြစ်သည်။
သူစိတ်ကူးယဥ်ခဲ့သည့်အတိုင်း လွန်ခဲ့သည့်သုံးနှစ် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံအစိုးရ ပထမဆုံးဖွင့်လှစ်သည့် ကျပ်သိန်းတစ်သောင်းခွဲတန်ထီဆုကြီးကို သူကံထူးခဲ့သည်။ သို့သော် ထီပေါက်ပြီး တစ်နှစ်ကျော်အကြာတွင် မုဒိန်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
အေးမေတ္တာစံ ပရဟိတ ကျောင်းရှိ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးငယ်များကို ဂျပန်စာသင်ပေး နေသည့် အသက် ၃၃နှစ် ကျော် သားသည်မိခင်တစ်ဦးက ဦးစန္ဒိမာကို ပုဒ်မ၃၇၆ဖြင့် အရပ်သား အစိုးရ လက်ထက် ၂၀၂၀၊ ဒီဇင်ဘာလကုန်တွင် ဗုဗ္ဗသီရိမြို့နယ် ထုံးဘို ရဲစခန်း၌ အမှုဖွင့်သည်။ထိုအမှုကို ပုဒ်မ၃၇၆ဖြင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးက နှစ်နှစ်နီးပါး စစ်ဆေးခဲ့ပြီး စက်တင်ဘာလ အတွင်းတွင် ထောင်ဒဏ်သတ်မှတ်ခဲ့သော်လည်း အာဏာသိမ်းစစ်ဌာနချုပ်ရုံးစိုက်ရာ ဇေယျာသီရိခရိုင် တရားရုံးက ယခုနှစ် နိုဝင်ဘာ ၂၅ရက်တွင် အပြစ်မှ လွှတ်ပေးသည်။
နေပြည်တော်နှင့် မိုင် ၆၀ ဝန်းကျင် ဝေးသည့် မန္တလေးတိုင်း ရမည်းသင်းမြို့ အကျဉ်းထောင်မှ ပြန်လွတ် လာသည့် ဦးစန္ဒိမာ ကျန်းမာရေးကောင်းသည်ဟု ၎င်း၏ ရှေ့နေ ဦးစိုးသူရလှိုင်က ပြောသည်။ ဦးစန္ဒိမာ ယခု မည်သည့် နေရာတွင်ရှိနေသည်ကိုမူ ဦးစိုးသူရလှိုင်က ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
“အယူခံတက်လိုက်တဲ့အခါမှာ အောက်ရုံး (မြို့နယ်ရုံး) အမိန့်ကို ပယ်ဖျက်ပြီးတော့ အပြီးသတ် လွတ်သွားတာဗျ”ဟု ၎င်းက ပြောသည်။ ဇေယျာသီရိခရိုင် တရားသူကြီးမှာ ဦးမျိုးကျော်အောင် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဦးစန္ဒိမာ မုဒိမ်းမှုဖြင့် အမှုဖွင့်မခံရမီ တစ်ရက်အလို ၂၀၂၀ ဒီဇင်ဘာ ၃၀ တွင် အေးမေတ္တာစံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ Myanmar Now က ရောက်ရှိလေ့လာဖူးသည်။ ကျောင်းအဝင်ဝ လူမြင်သာသည့် သစ်ပင်တစ်ပင်တွင် သတိပေးစာ တစ်ခုကပ်ထားပြီး ဧည့်သည်များ ကျောင်းသို့လာလျှင် မဝေဖန်ရန်၊ မကဲ့ရဲ့ရန်၊ ငွေမချေးရန် ရေးထားသည်။
ဓမ္မာရုံကြီးတစ်ခုထဲတွင် အနောက်တိုင်း ဒစ်စကိုတေးသွားအတိုင်း အကလေ့ကျင့်နေသည့် အမျိုးသမီး ငယ် ၃၀ ထက်မနည်းကို တွေ့ရပြီး ထိုအဖွဲ့ကို ဦးစန္ဒိမာ၏ ကျောင်းမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဘုန်းကြီးတစ်ပါး ကြီးကြပ်နေသည်ကို တွေ့ရသည်။
၎င်း၏ ပရဟိတဂေဟာတွင် ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ကရင်ပြည်နယ်များမှ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး လူငယ် ၂၅၀ ခန့်ရှိကြောင်း၊ ၂ နှစ်ကျော်အရွယ်မှစ၍ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့်အရွယ်အထိ ရှိကြောင်း၊ ကျောင်းကို မည်ကဲ့သို့ စည်းကမ်းတင်းကျပ်စွာ အုပ်ချုပ်ကြောင်း ဦးစန္ဒိမာက ထိုစဉ်က ပြောပြဖူးသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း အမျိုးသမီးငယ် များ နိုင်ငံခြားအက လေ့ကျင့်နေသည့် ကိစ္စနှင့် ပတ်သက်၍မူ ၎င်းထံမှ မှတ်ချက်ရရှိခြင်းမရှိပေ။
“ဓမ္မာရုံရဲ့ တောင်ဘက်မှာ ကျောင်းသားယောက်ျားလေးတွေ ထားတယ်။ မြောက်ဘက်အခြမ်းမှာ ကျောင်းသူမိန်းကလေးတွေ ထားပါတယ်။ ကိစ္စဝိစ္စ မရှိဘဲနဲ့ ယောက်ျားလေးတွေဆိုရင် ဓမ္မာရုံရဲ့မြောက်ဘက်ကို မလာရဘူး။ မိန်းကလေးတွေလည်း ဓမ္မာရုံရဲ့ တောင်ဘက်ကို ကိစ္စဝိစ္စမရှိဘဲ မလာရဘူး။ အဲဒီတော့ စည်းကမ်းကြီးတယ်ဆိုတာလည်း ကိုယ့်အတွက် မဟုတ်ပါဘူး။ သူတို့အတွက်ပါ” ဟု ဦးစန္ဒိမာက ဆိုခဲ့သည်။
၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဦးစန္ဒိမာ၏ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဒုတိယအဆင့်ရရှိထားသည့်ကျောင်းဖြစ်ပြီး မုဒိန်းမှုဖြင့် အမှုဖွင့်ခံရသည့် ၂၀၂၀ နှစ်ကုန်ပိုင်းမှစ၍ ကျောင်း၏ အခြေအနေကို အရပ်သားအစိုးရက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ထိုပရဟိတဂေဟာအား မည်သို့ဆက်လက်လည်ပတ်နေသည်ကို ရှင်းလင်းစွာမသိရတော့ပေ။
ဦးစန္ဒိမာမှာ အသက် ၅၀ ခန့်၊ ဘုန်းကြီးအဖြစ် ၂၇ ဝါထက်မနည်းရှိပြီဟု ၎င်း၏ ဒကာရင်းတစ်ဦးက ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြောပြခဲ့သည်။ ဦးစန္ဒိမာသည် နေပြည်တော်ရှိ အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ ဖြစ်ပြီး အာမခံမရသည့် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရပြီးနောက် ရဲတပ်ဖွဲ့က လူဝတ်လဲ ဖမ်းဆီးနိုင်ရန် အချိန် ယူကြိုးပမ်းခဲ့ရသည်။
၂၀၂၂၊ နိုဝင်ဘာ ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်ပြီးနောက်တွင် အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းသို့ ဦးစန္ဒိမာ ပြန်လည်နေထိုင်ခြင်းရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦး၏ အဆိုအရ ဦးစန္ဒိမာမှာ ရမည်းသင်းမြို့၌ပင် ရှိနေသေးကြောင်း သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဦးစန္ဒိမာ အပြစ်မှလွတ်လာသည့် အပေါ် တရားလို အမျိုးသမီး၏ သဘောထား မသိရသေးပေ။ တိုင်တန်းသူ အမျိုးသမီးနှင့် ၂၀၂၁ ဇန်နဝါရီတွင် Myanmar Now ကတွေ့ဆုံခွင့်ရချိန်ကမူ ၎င်း၏ မိသားစု ငွေရေးကြေးရေး အကျပ်အတည်းကို ကူညီပေးခဲ့သည့် ဦးစန္ဒိမာ၏ ဖိတ်ခေါ်မှုဖြင့် ရန်ကုန်မှ နေပြည်တော်သို့ မိသားစုလိုက် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
ပရဟိတကျောင်းတွင် ဂျပန်စာ သင်ပေးနေချိန် တစ်နှစ်ခန့်အတွင်း ဦးစန္ဒိမာက လေးကြိမ် လိင်အမြတ်ထုတ်ခဲ့ကြောင်း၊ မလိုက်လျောပါက စာသင်၍ ရမည်မဟုတ်ဟု အကြပ်ကိုင်ခဲ့ကြောင်း တိုင်တန်းသူ အမျိုးသမီးက ထိုစဉ်က ပြောပြဖူးသည်။
အရပ်သား အစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်နီးပါးအတွင်း ပုဗ္ဗသိရိမြို့နယ် တွင် အိမ်ငှားနေထိုင်သည့် တရားလို အမျိုးသမီးမှာ ဦးစန္ဒိမာ၏ အပေါင်းအပါများ နှောင့်ယှက်သဖြင့် အခြား ဒေသသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း စုံစမ်းသိရှိရသည်။
ထိုအမျိုးသမီးသည် ယခုအခါ ငွေကြေးနှင့် လုံခြုံရေးအခက်အခဲများကြောင့် တရားရုံးချိန်းများသို့ ရောက်မလာတော့ဘဲ ရှေ့နေအဖွဲ့နှင့်ပင် အဆက်အသွယ်ပြတ်နေသည်မှာ တစ်နှစ်နီးပါး ကြာပြီဟု တရားရုံးဆိုင်ရာ သတင်းရင်းမြစ်ထံမှသိရသည်။
“(ဦးစန္ဒိမာကို ပြန်လွှတ်တဲ့ တရားရုံး) အမိန့်ကိုမကျေနပ်ရင် တရားလိုနဲ့ ဥပဒေအရာရှိက နှစ်လအတွင်းမှာ တိုင်းနဲ့ တရားလွှတ်တော်ချုပ်ထိ အယူခံတက်လို့ရတယ်။ တရားလိုကလည်း ရုံးချိန်းမလာတော့ ဘာဆက်လုပ်မယ်တော့ မသိရသေးဘူး“ဟု တရားရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)