ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူတစ်ဦးကို အမှုဖွင့်ကာ အထူးတရားရုံးတွင် တရားစီရင်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောဆိုသည်။
မဲဆောက်ရှိ စုပေါင်းနေအိမ်တစ်ခုတွင် နေထိုင်သည့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးအောင်မင်းက အခန်းချင်းကပ်လျက် နေထိုင်သူ ငါးနှစ်အရွယ် မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟူသော တိုင်ကြားချက်မှာ ၂၀၂၃ မေ ၂ ရက်စွဲဖြင့် NUG အစိုးရထံ ရောက်ရှိနေသည်။
NUG ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုတည်ဆောက်ကာ တရားစွဲတင်နိုင်ရန် ပြင်ဆင်နေကြောင်း၊ ကျူးလွန်သည်ဟု စွပ်စွဲခံရသူကို ဝရမ်းထုတ် ဖမ်းဆီးနိုင်ရန် စီစဉ်နေကြောင်း NUG အစိုးရ ပြောဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။
“NUG ရဲတပ်ဖွဲ့ကနေပြီးတော့ အမှုတည်ဆောက်ပြီးတော့ တရားစွဲတင်ဖို့ကိစ္စကို ဆောင်ရွက်နေပါပြီ။ အဲ့ဒါပြီးရင်တော့ တရားရေးဘက်ကို ရောက်မယ်။ တရားရေးဘက်ကို ရောက်ရင် ရဲဘက်က စွဲတင်လာတဲ့ အမှုတွေအပေါ်မှာ မူတည်ပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ပေါ့” ဟု ၎င်းက ဆိုသည်။
“ကိုယ့်ပြည်တွင်းမှာဆိုရင် ဘယ်သူမဆို ဖမ်းပြီး အပ်လို့ရတာပေါ့။ အခုက အခြားနိုင်ငံမှာဆိုတော့ ထိုင်းဘက်ကို ထိုင်းအာဏာပိုင်တို့ဆီကို အကြောင်းကြားတာမျိုးတွေ လုပ်ရမှာပေါ့”
စွပ်စွဲခံရသည့် ဦးအောင်မင်းကို လတ်တလောတွင် NUG ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခြင်းမရှိသေးသလို မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အတိအကျမသိရကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။
သို့သော် NUG အစိုးရသည် စစ်အာဏာသိမ်းမှုအပါအဝင် မတရားကျူးလွန်မှုများကို တွန်းလှန်နေသည့် အစိုးရတစ်ရပ်ဖြစ်သောကြောင့် တော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် မတရားမှုတိုင်းကိုလည်း ကျောသားရင်သားမခွဲခြားဘဲ အမှုမှန်ပေါ်ပေါက်စေရန် ဆောင်ရွက်နေကြောင်း၊ တော်လှန်ရေးကာလဖြစ်၍ ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် တိုင်ကြားထားသည့် ကာယကံရှင်သားအမိကို နေရာပြောင်းရွှေ့နေထိုင်စေကာ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူညီများ ပေးထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
သမီးဖြစ်သူ လိင်အမြတ်ထုတ်ခံရသည်ဟု တိုင်ကြားထားသူ ရန်ကုန်တက္ကသိုလ်မှ ဆရာမဖြစ်သူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေပြီး အာဏာသိမ်းစစ်အုပ်စု၏ ခြိမ်းခြောက်မှုကြောင့် သမီးငယ်နှင့်အတူ ၂၀၂၂ အောက်တိုဘာတွင် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း NUG သို့ ပေးပို့တိုင်ကြားသည့်စာတွင် တွေ့ရသည်။
NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လိပ်မှုတိုင်ကြားထားသော သုံးမျက်နှာရှိ ထိုတိုင်ကြားစာမိတ္တူကို NUG ၏ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဝန်ကြီးဌာန ၄ ခု၊ NLD ပါတီ ဗဟိုကော်မတီတို့ထံ ပေးပို့ထားသည်။
ငွေကြေးအခက်အခဲကြောင့် စုပေါင်းနေအိမ်တစ်ခုတွင် သားအမိနှစ်ဦး နေထိုင်ခဲ့ရသည်၊ အိမ်ခန်းများတွင် ရေချိုးခန်းနှင့် အိမ်သာ မပါ၍ အများသုံးအိမ်သာတွင် အသုံးပြုကြရပြီး ထိုအချိန်တွင် သမီးငယ်ကို အခန်းချင်းကပ် နေထိုင်သည့် ဦးအောင်မင်းက လိင်အမြတ်ထုတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ယူဆရကြောင်း တိုင်းကြားစာတွင် ဖော်ပြထားသည်။
မိတ်ဆွေ CDM ဆရာမတစ်ဦးကို ပြသခဲ့ရာတွင် ကလေးငယ်၏ မိန်းမကိုယ်ကို လက်ဖြင့်၊ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းရှိသည်ဟု ယူဆပြီး မိန်းမကိုယ်တွင် အပေါက်ဖြစ်နေ၍ ဓာတ်မှန်ရိုက်ရန် အကြံပြုကြောင်း၊ မဲဆောက်ဆေးရုံတွင် ဆေးစစ်ထားပြီး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းဆဲဖြစ်ကြောင်း တိုင်ကြားစာတွင် တွေ့ရသည်။
ထိုအိမ်ရာဝင်းအတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း ထိုပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ကနဦးတွင် NUG အစိုးရ၏ ကာကွယ်ပေးမှု မရရှိသဖြင့် ကာကကံရှင်အနေဖြင့် စိတ်ဓာတ်ကျ လက်လျှော့သည့်သဘော ပြောဆိုမှုများ ကြားရကြောင်း ပြောသည်။
ခြိမ်းခြောက်ခံရမှုများလည်း ရှိပြီး လက်ရှိတွင် သားအမိနှစ်ဦးလုံးကို နေရာပြောင်းရွှေ့ထားသော်လည်း ကလေးငယ်အနေဖြင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိနေကြောင်း ဖြစ်စဉ်သိရှိသူများကို ကိုးကား၍ ၎င်းက ပြောသည်။
“သတင်းတွေလည်း ပျံ့သွားတော့ အဲ့ဒီအမျိုးသမီးက ပြောတယ်တဲ့၊ သူ ဘာမှ ဆက်မလုပ်ချင်တော့ဘူးပေါ့နော်။ အရမ်းလည်း တုန်လှုပ်ချောက်ချားနေပြီ၊ ခြိမ်းခြောက်တဲ့ Messages တွေကလည်း သူ့ဆီကို အရမ်းရောက်တယ်ဆိုတော့ သူ အရမ်းကြောက်နေပြီ၊ မလုပ်တော့ဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
တိုင်ကြားခံရသည့် ဦးအောင်မင်းသည် ထိုအိမ်တွင် နေထိုင်ခဲ့သည်မှာ ၂ နှစ်နီးပါး ရှိပြီး တိုင်ကြားသည့် သားအမိသည် နောက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း၊ အိမ်ခန်း လေးခန်းတွဲတွင် အိမ်ထောင်စုလေးစု နေသော်လည်း အခြားအိမ်ထောင်စုနှစ်စုမှာ ခရီးထွက်ခြင်း၊ ပြောင်းရွှေ့ခြင်းတို့ကြောင့် မကြာသေးမီအချိန်ကအထိ ထိုနေရာတွင် ၎င်းတို့အိမ်ထောင်စုနှစ်စုသာ ရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
NUG အစိုးရထံ တိုင်ကြားစာပို့သည့်ရက်မတိုင်မီတွင် ကျူးလွန်ခံရသူတို့သည် ပစ္စည်းများကို ထားကာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
တိုင်ကြားခံရသည့် ဦးအောင်မင်းကို ဖမ်းဆီးခြင်းမရှိသလို မည်သည့်နေရာတွင် နေထိုင်သည်ကိုလည်း မသိဟု NUG ပြောခွင့်ရှိသူက ဆိုသော်လည်း လူတစ်စုက စစ်ဆေးရန်ရှိသည်ဟုဆိုကာ နေအိမ်သို့ လာရောက်ပြီး ဖမ်းဆီးသွားကြောင်း ထိုခြံဝင်းထဲတွင် နေထိုင်သည့် ၎င်းက ခြံဝင်းထဲရှိ အလုပ်သမားများကို ကိုးကား၍ ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော တိုင်ကြားစာနှင့်အတူ ဦးအောင်မင်းကို ကားတစ်စီးအတွင်း လက်ထိတ်ခတ်လျက် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံလည်း ပူးတွဲပါဝင်သည်ကို တွေ့ရှိရသည်။
မည်သည့်အခြေအနေတွင်ဖြစ်စေ ကျူးလွန်ခံရသည်ဟုဆိုသည့် ကလေးငယ်၏ တရားမျှတမှုအတွက် NUG က တိတိကျကျကိုင်တွယ်ကာ စီရင်ချက်ချမှတ်ရန် လိုအပ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။
ကလေးငယ်များကို လိင်အမြတ်ထုတ်သည့်ကိစ္စမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ပါတီကြီးတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက ထိုကိစ္စနှင့် ပတ်သက်လာခြင်းမှာ ပို၍ပင် မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။
“NUG အနေနဲ့လည်း ဒါမျိုးကိစ္စကို တိတိကျကျ ကိုင်တွယ်ရမယ်။ ပြောဖို့လည်း လိုတယ်။ တာဝန်ယူ၊ တာဝန်ခံဖို့ လိုတယ်။ ဒီလူကို တာဝန်ယူ၊ တာဝန်ခံအောင် သူတို့ တွန်းပို့ဖို့လည်း လိုတယ်” ဟု ဒေါ်နိုးနိုးထက်စံက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)