သတင်း

PPP ပါတီတွင် စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များ ဦးဆောင်မည်ဟုဆို

သမ္မတ ဦးသိန်းစိန်အစိုးရ၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာဦးမြင့်သည် ဂုဏ်ထူးဆောင်အကြံပေးအဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် လက်တွဲမည်ဟု ပါတီက ကြေညာထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party – PPP) ကို အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ ဦးဆောင်သွားမည်ဟု ပါတီရေးဆိုခွင့်ရှိသူများက ရန်ကုန်တွင် ယနေ့ကျင်းပသည့် ပါတီမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ပါတီတည်ထောင်သူ ၁၉ ဦးတွင် ထက်ဝက်ကျော်မှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာဦးမြင့်၊ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးတို့သည်လည်း ပါတီ၏စီးပွားရေးနှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပေးများအဖြစ် ဆောင်ရွက်မည်ဟု PPP ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်မောင်ထွန်းက ပြောသည်။

ပါတီတည်ထောင်ရာတွင် စီးပွားရေးလုပ်ငန်းရှင်အများစု ပါဝင်ရခြင်းက နိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်ရန်အတွက်ဟု ၎င်းက ဆိုသည်။

“NLD အစိုးရတော့ ငြိမ်းချမ်းရေးပဲ အဓိကလုပ်ပြီး စီးပွားရေးကို နည်းနည်းမျက်ကွယ်ပြုထားတာ တွေ့ရလို့ပါ” ဟု ဦးမြင့်မောင်ထွန်းက ပြောသည်။

ပါတီတည်ထောင်သူများထဲတွင် ဆက်သွယ်ရေးလုပ်ငန်း၊ စိန်ရွှေရတနာလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အလှပြင်နှင့် လေ့ကျင့်ရေးစင်တာလုပ်ငန်းများ၊ ကားရောင်းဝယ်ရေးလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို ပါတီ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းတို့အနက်မှ ထင်ရှားသည့်သူတစ်ဦးမှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သက်သက်ခိုင်ဖြစ်ပြီး သူသည် အောင်မြင်နေသည့် စိန်ရွှေရတနာလုပ်ငန်းရှင်လည်းဖြစ်သည်။ မကြာသေးမီကမှ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လမ်းခွဲခဲ့သည့် ရန်ကုန် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ၎င်းတို့၏ ပါတီသစ်သည် လာမည့်၂၀၂၀ ရွေးကောက်ပွဲထက် လာမည့်ရွေးကောက်ပွဲများအတွက် ရေရှည်စီမံကိန်းဖြင့် တည်ထောင်ခြင်းဟု ဆိုသည်။

“ကျွန်မတို့က အများကြီး မမှန်းထားပါဘူး” ဟု ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒေါ်သက်သက်ခိုင်က ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကို တည်ထောင်ရန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ ကြိုးပမ်းခဲ့သည်ဟု တည်ထောင်သူတစ်ဦးဖြစ်သူ ဦးမြင့်မောင်ထွန်းက ပြောသည်။ လက်ရှိတွင် ကော်မရှင်သို့တင်ရန် ပါတီဝင်ဦးရေ ၁,၀၀၀ခန့် ရထားပြီးဖြစ်ဟု သူက ပြောသည်။

PPP ပါတီသည် အောက်တိုဘာ ၂၃ရက်နေ့တွင် မှတ်ပုံတင်ကျခဲ့ပြီး မှတ်ပုံတင်အမှတ် (၁၂၂) ဖြင့် ခွင့်ပြုချက်ရရှိခဲ့သည်။ လက်ရှိအချိန်ထိ ရွေးကောက်ပွဲကော်မရှင်ထံမှ တည်ထောင်ခွင့်ရထားသော ပါတီစုစုပေါင်းမှာ (၉၆) ပါတီရှိပြီး PPPပါတီသည် (၉၆) ပါတီမြောက်ဖြစ်သည်။

Show More

Related Articles

Back to top button