နိုင်ငံတကာသတင်းသတင်း

ဟောင်ကောင်ကို ချောက်ထဲ တွန်းမချရန် ဆန္ဒပြသူများကို အစိုးရခေါင်းဆောင် ကယ်ရီလမ် သတိပေး

ဟောင်ကောင်ကို ချောက်ထဲတွန်းမချကြရန် နေ့ (ဩဂုတ်လ ၁၃ ရက်) ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရခေါင်းဆောင် ကယ်ရီလမ်က ဆန္ဒပြသူများကို သတိပေးပြောကြားလိုက်သည်။

ဟောင်ကောင်သည် အန္တရာယ်ကြီးသော အနေအထားသို့ ရောက်နေကြောင်းနှင့် အကြမ်းဖက်မှုများက ပြန်လမ်းမရှိသောလမ်းပေါ်သို့ တွန်းပို့နေကြောင်း မစ္စကယ်ရီလမ်က သတိပေးပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပါးနပ်စွာ ရှောင်ရှားခဲ့သဖြင့် ကယ်ရီလမ်ကို သတင်းထောက်များက အော်ဟစ်ကန့်ကွက်ခဲ့ကြသည်။

ဟောင်ကောင်လူထု၏ အုံကြွမှုများသည် သီတင်းဆယ်ပတ်ခန့်  ရှိလာပြီဖြစ်သော်လည်း လျော့ပါးသွားမည့်ပုံ မရှိသေးပေ။

ယနေ့ (ဩဂုတ်လ ၁၃)တွင်လည်း ဒီမိုကရေစီအရေးဆန္ဒပြသူများက ဟောင်ကောင်လေဆိပ်၌ ချီတက်ဆန္ဒပြမှုကြီးတစ်ရပ်ကို ထပ်မံပြုလုပ်ခဲ့ကြသည်။ ယင်းနေ့မတိုင်မီတစ်ရက်ကလည်း လေဆိပ်တွင် ဧရာမဆန္ဒပြမှုကြီးတစ်ရပ် ပြုလုပ်ခဲ့ကြရာ လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းခဲ့သည်အထိ ဖြစ်ခဲ့သည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဩဂုတ် ၁၃ ရက်(အင်္ဂါနေ့) နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း၊ သို့သော် နေ့လယ်ပိုင်းတွင် ဆန္ဒပြသူ ရာပေါင်းများစွာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ဆန္ဒပြပွဲများ ထပ်မံပြုလုပ်ရန် ဆော်ဩခဲ့ကြကြောင်း သိရသည်။

အစပိုင်းက ပြည်မကြီးသို့ တရားခံလွှဲပြောင်းမည့် ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်က ရရှိထားသော ရပိုင်ခွင့်များ ပွန်းပဲ့လာတော့မည့်အရေးကို စိုးရိမ်လာမှုကြောင့် ဒီမိုကရေစီတောင်းဆိုသော လှုပ်ရှားမှုအဖြစ် ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် မျက်ရည်ဝဲနေပုံရသော ကယ်ရီလမ်က သဘောကွဲလွဲမှုများကို ဘေးဖယ်ထားကြရန် ဆန္ဒပြသူများအား တောင်းဆိုလိုက်ပြီး ဟောင်ကောင်ကျွန်း ချောက်ထဲကျသွားသည်ကို တကယ်မြင်ချင်ကြသလားဟု မေးမြန်းခဲ့သည်။

မစ္စကယ်ရီလမ်၏ သတိပေးစကားများသည် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ဟောင်ကောင် ချောက်ထဲသို့ ကျသွားတော့မည်ဟု အလားတူ သတိပေးထားသူ ဟောင်ကောင်ရှိ ပြည်မကြီးဆက်ဆံရေးရုံးမှ တာဝန်ရှိသူ၏ ပြောဆိုပုံနှင့်ပင် တူညီနေသည်။

ကယ်ရီလမ်က ရဲများ၏ တုံ့ပြန်ကိုင်တွယ်ပုံကို ကာကွယ်ပြောဆိုခဲ့ပြီး ရဲများသည် အလွန်အမင်း ခက်ခဲသော အခြေအနေတွင် ကျရောက်နေခြင်းဖြစ်သည်ဟု ပြောကြားသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ရက် ဆန္ဒပြပွဲများတွင် ရဲများက အသက်အန္တရာယ် မဖြစ်နိုင်သော ကျည်များဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည်ကို ပြည်တွင်းမီဒီယာများက မှတ်တမ်းတင်နိုင်ခဲ့သည်။

ဘူတာရုံတွင် မျက်ရည်ယို ဓာတ်ငွေ့ကျည်များဖြင့် မပစ်မီ ရဲများက အတင်းဝင်ရောက်ကာ နံပါတ်တုတ်များဖြင့် ရိုက်နှက်ခဲ့ပုံများကိုလည်း သတင်းဗီဒီယိုများတွင် တွေ့မြင်ရသည်။

ရဲတွေရဲ့ ကိုင်တွယ်မှုကို ကျွန်မလို တာဝန်ရှိသူက ဆုံးဖြတ်ပေးလို့ မရပါဘူး။ ရဲတွေဟာ နေရာမှာတင်ပဲ ဆုံးဖြတ်လုပ်ဆောင်ကြရတာပါဟု ကယ်ရီလမ်က ပြောကြားသည်။

အကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေ လျော့သွားတဲ့အချိန်ကျရင် ဟောင်ကောင်စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့၊ ဟောင်ကောင်ပြည်သူတွေရဲ့ မကျေလည်မှုတွေကို နားထောင်ဖို့နဲ့၊ ဟောင်ကောင်ကို ရှေ့ဆက်သွားနိုင်အောင် ကူညီဖို့ ကျွန်မ တာဝန်ယူမှာ ဖြစ်ပါတယ်ဟု ၎င်းက ပြောကြားသည်။

ဟောင်ကောင်သည် ပြည်မကြီး၏ လက်အောက်ခံဒေသ ဖြစ်သော်လည်း ဗြိတိန်ထံမှ လွှဲပြောင်းလက်ခံခဲ့စဉ်အချိန်က လက်မှတ်ထိုးခဲ့သော သဘောတူညီချက်များအရ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် အပါအဝင် ပြည်မကြီးထက် ပိုမိုလွတ်လပ်သော အုပ်ချုပ်စီမံခွင့်များကို ရရှိထားသည်။

Show More

Related Articles

Back to top button