ဆန္ဒပြမှုများကြောင့် မတည်မငြိမ်ဖြစ်နေသည့် ဟောင်ကောင်တွင် တနင်္ဂနွေနေ့ညပိုင်းက ဘူတာရုံတစ်ခုကို မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်စုက စီးနင်းပြီး ဆန္ဒပြသူများနှင့် ခရီးသည်များကို တိုက်ခိုက်ခဲ့သဖြင့် ၄၅ ဦးခန့် ဒဏ်ရာရသွားသည်။
အဖြူရောင်ရှပ်များ ဝတ်ဆင်ထားသည့် ယင်းမျက်နှာဖုံးစွပ်များသည် ယွမ်လောင်းရပ်ကွက်ရှိ ဘူတာရုံထဲသို့ ဝင်ရောက်ကာ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် ဖြတ်သွားဖြတ်လာသူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်သည် ဟောင်ကောင်၌ လတ်တလောဖြစ်ပေါ်နေသည့် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းဖျက်သိမ်းရေးဆိုင်ရာ ဆန္ဒပြမှုများနှင့် မတည်မငြိမ်မှုများအတွင်း ပထမဆုံးအကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်သည်။
ယခုလို ဒီမိုကရေစီရေးဆန္ဒပြသူများနှင့် လမ်းသွားလမ်းလာများအပေါ် မျက်နှာဖုံးစွပ်ထားသူများက လူမိုက်ဆန်ဆန် လိုက်လံတိုက်ခိုက်ခဲ့သည့်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန် ရောက်လာနိုင်ခြင်း မရှိသည့်အတွက်လည်း ဥပဒေသမားတချို့က မေးခွန်းထုတ်ခဲ့သည်။
လူမှုကွန်ရက်ပေါ် တက်လာသော ဗီဒီယိုဖိုင်များတွင် သစ်သားတုတ်များ၊ သံတုတ်များကိုင်ဆောင်ထားသူ အမျိုးသား ၂၀ ကျော် ၃၀ ခန့်က ဘူတာရုံတွင်းရှိနေသူများနှင့် ဆန္ဒပြသူများကို လိုက်လံရိုက်နှက်နေပုံများ ပါဝင်သည်။
အဆိုပါဖြစ်ရပ်ကြောင့် လူပေါင်း ၄၅ ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု ဆိုသည်။
- ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ထပ်မံဆန္ဒပြ
- ပြည်သူ ၂ သန်းကျော် ဆန္ဒပြခဲ့ပြီးနောက် ဟောင်ကောင်ခေါင်းဆောင် ဝန်ချတောင်းပန်
အမတ်တစ်ဦးဖြစ်သူ လမ်ချောက်တင်က ဟောင်ကောင်ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ ဘူတာရုံသို့ တစ်နာရီကျော်ကြာမှ ရောက်ရှိလာကြသည်ဟု ပြောကြားသည်။
“ဟောင်ကောင်ဟာ ရဲတပ်ဖွဲ့ဝင် အချိုးအစားအရဆိုရင် ကမ္ဘာပေါ်မှာ ရဲတပ်ဖွဲ့ဝင် အများဆုံးရှိတဲ့နေရာပါ။ အခုအဲဒီရဲတွေ ဘယ်ရောက်ကုန်လဲ” ဟု ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လိုလားသူ ဥပဒေပညာရှင် ရေးချန်းက Twitter တွင် ဖော်ပြသည်။
Credit: BBC