နိုင်ငံတကာသတင်းသတင်း

ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ထပ်မံဆန္ဒပြ

ဟောင်ကောင်တွင် အုပ်ချုပ်ရေးမှူး ကာရီလမ်က အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကိစ္စ လုံးဝပြီးဆုံးသွားပြီဟု ထုတ်ဖော်ပြောဆိုထားသော်လည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက ဟောင်ကောင်အစိုးရကို ထပ်မံဆန္ဒပြနေကြခြင်းဖြစ်သည်။

လနှင့်ချီ၍ ကြာမြင့်ခဲ့သော ဟောင်ကောင်ဆန္ဒပြမှုများသည် ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်း ဖျက်သိမ်းရေးအတွက် အဓိကဦးတည်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်းဆိုမှုများမှာ ပိုမိုကျယ်ပြန့်လာပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိထိရောက်ရောက်လုပ်ကိုင်ရန် တောင်းဆိုကြခြင်းဖြစ်သည်။

ယခုတစ်ကြိမ် ဆန္ဒပြရာတွင် ရှာတင်ရပ်ကွက်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူအနည်းငယ် ထိပ်တိုက်တွေ့ကာ အချင်းများခဲ့ကြသည်။

ဆန္ဒပြသူများက ဟောင်ကောင်၏ လွတ်လပ်ခွင့်သည် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည့်အတွက် စိုးရိမ်လျက်ရှိသည်ဟု ဆိုကြသည်။

ယခင် ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်သည် တရုတ်ပြည်မကြီးလက်အောက်တွင် ရှိသော်လည်း တစ်နိုင်ငံ စနစ်နှစ်မျိုးပုံစံဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထိုက်အလျောက် ရရှိထားသည့် ဒေသဖြစ်သည်။ ဟောင်ကောင်တွင် ကိုယ်ပိုင်တရားစီရင်ရေးစနစ်၊ ပြည်မကြီးနှင့်မတူညီသော တရားဥပဒေစနစ်တို့ ရှိသည်။

ယခုလို ဟောင်ကောင်၌ ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ရာထူးမှနုတ်ထွက်ရန် အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့သော်လည်း တရုတ်ပြည်မကြီးအစိုးရက ပယ်ချခဲ့သည်ဟု Financial Times သတင်းစာက ဖော်ပြသည်။

ကာရီလမ်အနေနှင့် သူမဖန်တီးခဲ့သည့် အရှုပ်တော်ပုံကြီးကို သူမကိုယ်တိုင် ရှင်းထုတ်ရမည်ဟု တရုတ်ပြည်မကြီးအစိုးရက သူမ၏ နုတ်ထွက်စာအပေါ် တုံ့ပြန်ခဲ့သည်ဟု

သတင်းရင်းမြစ်တစ်ခု၏ ပြောဆိုချက်ကို ယင်းသတင်းစာက ကိုးကားဖော်ပြသည်။

နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲကြီးတွင် အချို့က မစ္စကာရီလမ်အနေနှင့် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုကြပြီး အချို့ကမူ ဟောင်ကောင်ဒေသ လုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုကြသည်။

ဆန္ဒပြနေရတာ ကျွန်တော်မမောပန်းပါဘူး၊ ကျွန်တော်တို့ရဲ့အခွင့်အရေးအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပါပဲဟု အသက် ၂၅ နှစ်အရွယ် ဆန္ဒပြလူငယ်တစ်ဦးက South China Morning Post သို့ ပြောကြားသည်။

Credit: BBC

Show More

Related Articles

Back to top button