Uncategorized

မဟန ၄၇ ပါးစုံညီ အစည်းအဝေးတွင် သူရဦးအောင်ကို၏ လျှောက်ထားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒုတိယအစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာ

[၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့)

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား

မြတ်စွာဘုရားရှင်၏သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် အာရုံရှေးရှုအလေးပြုကာ သမ္မာဆန္ဒအပြည့်အဝဖြင့် ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒုတိယအစည်းအဝေးသို့ စိတ်တူကိုယ်မျှ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများအား ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကြည်သာ ဖူးမြော်ကြည်ညိုခွင့်ရရှိပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခွင့်ရရှိပါသဖြင့် နှစ်သက်ကြည်နူးပီတိသောမနဿကုသိုလ်ထူးများ ဖြစ်ပွားရပါကြောင်း ရှေးဦးစွာ လျှောက်ထားအပ်ပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား

ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တံ့ပြန့်ပွားစေရေးအတွက် ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ၁၉၈၀-ပြည့်နှစ် မေလ၂၄ရက်နေ့မှ ၂၇ ရက်နေ့အထိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးကြီးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးရှိ ရဟန်းသံဃာတော် တစ်သိန်းကျော်တို့၏ ကိုယ်စား သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာတော်(၁၂၁၈)ပါးတို့ တက်ရောက်၍ ယင်းအစည်းအဝေးကြီးက ချမှတ်ခဲ့သော ” သံဃာ့ကိစ္စသံဃာဆောင်ရွက်”ဟူသောမူအရ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြု ဆုံးဖြတ်တော်မူခဲ့ကြောင်း သိရှိရပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် ” သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်” ဟူသောမူအရ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပရိယတ္တိပညာရေးစီမံချက်များ၊ သာသနာပြုလုပ်ငန်းစီမံချက်များ၌ ဖော်ပြပါရှိသည့် လုပ်ငန်းတာဝန်များကိုသာလျှင် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါသည်ဘုရား။ ယင်းလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးရှိ သံဃာထု၏ ဆန္ဒအရ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း သိရှိကြည်ညိုရပါသည်ဘုရား။ ယင်းသို့ဆောင်ရွက်ခြင်းသည် သာသနာ့ဝန်ထမ်းများအတွက် မြတ်စွာဘုရားရှင် သတ်မှတ်ပေးတော်မူခဲ့သော ဂန္ထဓုရ၊ ဝိပဿနာဓုရဟူသော ဓုရနှစ်ဖြာကိုဆောင်ရွက်ခြင်းပင်ဖြစ်၍ သာသနာတော် မြတ်ကြီး အဓွန့်ရှည်တည်တံ့ရေးအတွက် အားတက်ကြည်ညိုမိပါကြောင်းလည်း လျှောက်ထားလိုပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား

ယခုအခါ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည် သတ္တမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ်သက်တမ်းသို့ ကူးပြောင်းခဲ့ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် အသစ်သစ်သော သံဃနာယကဆရာတော်များ အစားထိုး ဝင်ရောက်လာသကဲ့သို့ ဝိနည်းဓိုရ်ဆရာတော်အဆင့်ဆင့်တွင်လည်း အသစ်သစ်သော ဝိနည်းဓိုရ်ဆရာတော်များ အစားထိုးဝင်ရောက်လာမှုများ ရှိလာကြောင်း သိရှိရပါသည်ဘုရား။ အစားထိုးဝင်ရောက်လာသော သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများနှင့် ဝိနိစ္ဆယဆိုင်ရာလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နာယကနှင့်ဝိနည်းဓိုရ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချသင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။ ထိုသို့နာယကသင်တန်းနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကြောင့် သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာများကို ကျေကျေညက်ညက် ပိုင်ပိုင်နိုင်နိုင် ရှင်းရှင်းလင်းလင်း လေ့လာရသဖြင့် သံဃနာယကလုပ်ငန်း၊ ဝိနိစ္ဆယလုပ်ငန်းများကို သာသနာပြုစိတ်ဓာတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လျှောက်ထားလိုပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား

မြတ်စွာဘုရားရှင်၏သာသနာတော်မြတ်ကြီးတွင် သံဃာတော်အရှင်မြတ်များသည် နှစ်စဉ်မိုးတွင်းကာလ၌ သတ်မှတ်ကျောင်းများအတွင်း ဝါဆိုဝါကပ်ခြင်းကိစ္စကို မြတ်စွာဘုရားရှင်၏ ပညတ်တော်မူချက်အရ ဆောင်ရွက်တော်မူကြရပါသည်ဘုရား။ အဆိုပါ ဝါဆိုဝါကပ်ခြင်းသည်လည်း ပုရိမဝါ၊ ပစ္ဆိမဝါဟု (၂)မျိုးရှိရာ ပုရိမဝါ၌ ဝါဆိုဝါကပ်ကုန်သော သံဃာတော်များသည် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိလည်းကောင်း၊ ပစ္ဆိမဝါ၌ ဝါဆိုဝါကပ်ကုန်သော သံဃာတော်များသည် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိလည်းကောင်း၊ ဝါတွင်းကာလ သတ်မှတ်သီတင်းသုံးရကြောင်း မှတ်သားရပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်း အပိုဒ်၉၇၊ အပိုဒ်ခွဲ(ဃ)အရ မြို့နယ်သံဃနာယကအဖွဲ့များက နှစ်စဉ်ဝါဆိုသံဃာစာရင်း ကောက်ယူလျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ၂၀၁၈ခုနှစ် ဝါဆိုသံဃာစာရင်းအရ ရဟန်းသာမဏေ ပေါင်း ၅၂၆၃၇၃ ပါးရှိကြောင်း နှင့် သီလရှင် ၆၇၅၂၁ ပါး ရှိကြောင်း သိရှိရပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား

ယခု ၁၃၈၁ ခုနှစ်(၂၀၁၉)တွင် ဝါဆိုသံဃာစာရင်းကောက်ယူရာတွင် ပိုမို စနစ်တကျရှိစေရေးနှင့် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် IT နည်းပညာများဖြင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်ဘုရား။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဝါဆို သံဃာစာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ထုတ်ပြန်ထားသော ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှောက်ထားလိုပါသည်ဘုရား။ ဝါဆိုသံဃာစာရင်းများ တိကျ မှန်ကန်စွာ ရရှိခြင်းအားဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်း၊ ပထမပြန် ဓမ္မာစရိယစာမေးပွဲဖြေဆိုခြင်း၊ ဝိနိစ္ဆယလုပ်ငန်းများဆောင်ရွက်ခြင်း၊ သာသနာဝင်မှတ်တမ်းစိစစ်ရေးကတ်များဆောင်ရွက်ခြင်း၊ ရဟန်းသာမဏေများအတွင်း စိမ့်ဝင်နေသော ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားနိုင်ခြင်းစသော သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အပံ့များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားလိုပါသည်ဘုရား။

ဆရာတော်သံဃာတော် အရှင်မြတ်တို့ဘုရား

ယနေ့မျက်မှောက်ကာလအခြေအနေတွင် သံဃာပရိသတ်အလယ်၌ အရည်အချင်းပြည့်စုံမှုမရှိဘဲ ထင်ပေါ်ကျော်ကြားလိုသည့် အချို့ပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ သြဝါဒခံ မဟုတ်သော အဖွဲ့အစည်းအမျိုးမျိုးကို စင်ပြိုင်ဖွဲ့စည်း ထူထောင်ခြင်း၊ ရဟန်းများနှင့် မအပ်စပ်သော လူမှုရေး၊ ပါတီနိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက် ဆောင်ရွက်နေခြင်းများကို တွေ့ရှိနေရပါသည်ဘုရား။ ထိုပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အပေါ် အကောင်းမြင်စိတ်ထား မရှိ၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ်မှုကိုလည်း မလိုလား၊ သံဃာဦးသျှောင်ဖြစ်တော်မူကြသော ရတ္တညူ မထေရ်ကြီးတို့၏ သြဝါဒစကားကို နာယူထိုက်သည်ဟုလည်း မှတ်ထင်ခြင်းမရှိကြပါဘုရား။

ထိုသို့အလိုဆိုးရှိသော ဒုဗ္ဗစရဟန်းများ တစ်စထက်တစ်စ တိုးပွားလာပါက အရှင်မဟာကဿပ အစရှိသော မထေရ်ကြီးအဆက်ဆက်တို့ ခဲယဉ်းပင်ပန်းစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ သော  မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး ဆုတ်ယုတ်ပျက်စီးလာနိုင်သည့်အပြင် ညီညွတ်စွာ ဖွဲ့စည်းတည်ထောင်လာခဲ့သော ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ သံဃာညီညွတ်ရေးကို ထိခိုက်လာနိုင်ပြီး ပြိုကျပျက်စီးသည်အထိ ဖြစ်ပေါ်လာနိုင်ပါသည်ဘုရား။ သို့ဖြစ်၍ အဆိုပါ ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အဆုံးအမသြဝါဒကို ခံယူ၍လည်းကောင်း၊ အာဏာပိုင်အဖွဲ့အစည်းများထံ မေတ္တာရပ်ခံညှိနှိုင်း၍လည်းကောင်း သက်ဆိုင်ရာဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း
လျှောက်ထားလိုပါသည် ဘုရား။

ဆရာတော်သံဃာတော်အရှင်မြတ်တို့ဘုရား

နိဂုံးချုပ်အားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့်တကွ သံဃာ့အဖွဲ့အစည်း အသီးသီး၌ပါဝင်သော ဆရာတော်ကြီးများ ညီညီညွတ်ညွတ် တိုင်ပင်ညှိနှိုင်းပြီး မျက်ခြည်မပြတ် သတိချပ်လျက် တက်တက်ကြွကြွ လက်တွဲဆောင်ရွက်ကြပါက သာသနာတော်ကြီးကို ကွယ်ပျောက်စေနိုင်မည့် သာသနာ့အတွင်းရန် အပြင်ရန်များ တစ်စတစ်စ နည်းပါးသွားနိုင်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အထက်အောက် ညှိနှိုင်းဆွေးနွေးကြခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းအားဖြင့် သာသနာ့ရန်စွယ်အန္တရာယ်များ ကာကွယ်တားမြစ်နိုင်မည်ဖြစ်ပါကြောင်း လျှောက်ထားလျက် ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။

Show More

Related Articles

Back to top button