
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ဘုရားဒကာအဖြစ် ခံယူကာ နေပြည်တော်တွင် တည်ဆောက်ထားသည့် ကျောင်းဆင်းတုဘုရားကြီး အနေကဇာတင်ပွဲအပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ဦးကိုကို ရာထူးမှ ဖြုတ်ချခံလိုက်ရသည်။
ယခုလ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့်အခမ်းအနားများဖြင့် အကြီးအကျယ်ပြုလုပ်ခဲ့သော မာရဝိဇယအမည်ရ ကျောက်ဆင်းတုဘုရား အနေကဇာတင်ပွဲအပြီး နောက်တစ်ရက်တွင် စစ်ကောင်စီအဖွဲ့အချို့နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရာထူးမှ ထုတ်ပယ်ရာ၌ သာသနာရေးဝန်ကြီး ဦးကိုကိုလည်း ပါဝင်ခဲ့သည်။
သာသနာရေးဝန်ကြီး ဖြုတ်ခံရသည်မှာ လူအများထင်မြင်ယူဆနေသကဲ့သို့ ကျောက်မဲဆရာတော် ဟောကြားသည့် ရေစက်ချတရားနှင့် မသက်ဆိုင်ဘဲ တိုက်ဆိုင်မှုသာဖြစ်သည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) မှ ဆရာတော်ကြီးတစ်ပါးက ယနေ့ (ဩဂုတ် ၄) မိန့်ဆိုသည်။
“သာသနာရေးဝန်ကြီးပြုတ်တာ သူပြောတာနဲ့တော့ မဆိုင်လောက်ဘူး ထင်တာပဲ။ အခြားအခြားသော ပြုတ်တဲ့သူတွေလည်းရှိတာပဲ။ တိုက်ဆိုင်တယ်လို့ပဲ ထင်ပါတယ်။ တိုက်ဆိုင်မှုပါ။ ဒါက ကောင်းတဲ့ တရားတွေပါပဲ။ သဘာဝလည်းကျပါတယ်၊ ကောင်းလည်းကောင်းပါတယ်”
မဟနအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒနသာရက ရေစက်ချတရားဟောရာ၌ မကောင်းသည့်အလုပ်ကို မလုပ်ရန်၊ ကောင်းသည့်အလုပ်ကို လုပ်ရန်၊ စိတ်ကို ဖြူစင်အောင်ထားရှိရန် ဆိုသော အချက်သုံးချက်သည်သာလျှင် ဗုဒ္ဓ၏ အနှစ်ချုပ်တရားဖြစ်ကြောင်း တိုတိုပြတ်ပြတ်ဟောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အခမ်းအနားမှူးက အနုမောဒနာတရားကို အကျဉ်းချုပ်ဟောပေးရန် လျှောက်ထားရာ၌ သံဃမဟာနာယကဆရာတော်က စိတ်မရှည်ဟန်ဖြင့် လက်သုံးချောင်းထောင်ကာ အထက်ပါအတိုင်း ဟောပြောခဲ့သည်။
ထို့ပြင် စစ်ခေါင်းဆောင်က ကျောက်ဆင်းတုဘုရားအနီး ထောင်နှင့်ချီသော ကျောက်စာတိုင်များ ထည့်သွင်းတည်ဆောက်ထားသော်လည်း မည်သူမျှ ဖတ်ရှုလေ့လာမည်မဟုတ်ကြောင်းလည်း မဟနဒုဥက္ကဋ္ဌ ဆရာတော်က မိန့်ဆိုခဲ့သည်။
“တိုတိုလေးပဲ။ ဟောဒီရှေ့မှာ ကျောက်စာတိုက်တွေရှိတယ်။ …ဘယ်သူမှလည်း သွားကြည့်၊ မဖတ်တတ်ဘူး။ ဖတ်လည်းမဖတ်ချင်ဘူး။ ဖတ်တော့လည်း နားမလည်ဘူး။ ဖတ်ဖို့လည်း အချိန်မရှိဘူး။ …ကျောက်စာအချပ်ရေ ၁၄၀၀ ကျော်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ဗုဒ္ဓတရားတော်တွေဟာ လိုက်နာစရာ အချက်သုံးချက်တည်းပါပဲ”
ဘုရားရေစက်ချပွဲတွင် အာဏာသိမ်းခေါင်းဆောင်က ကျောက်ဆင်းတုဘုရား တည်ဆောက်ကိုးကွယ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ရှည်လျားစွာ ရှင်းလင်းတင်ပြခဲ့သော်လည်း ငိုက်နေသဖြင့် ထွေထွေထူးထူး မမှတ်မိကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် အထက်ပါ မဟနအဖွဲ့ဝင် ဆရာတော်က မိန့်သည်။
“သူပြောတာကို ကျုပ်က ကောင်းကောင်းမသိရဘူး၊ ငိုက်နေတာနဲ့။ တခြားဘုန်းကြီးတစ်ပါးပြောတာတော့ ဒါတွေက ဦးသန်းရွှေလက်ထက်ကတည်းက လျာထားပြီးသား ရှိတယ်ဆိုလား၊ ပြောတာပဲဗျ။ ကျုပ်ကတော့ အိပ်ချင်နေတာနဲ့ ဘာမှကိုမသိဘူး”
စစ်ခေါင်းဆောင်၏ ဘုရားအနေကဇာတင်ပွဲအတွက် နံနက် ၅ နာရီခွဲအရောက် ကြွရောက်ခဲ့ရပြီး မွန်းလွဲ ၁ နာရီကျော် ပြန်ရကြောင်း၊ အလှူငွေကျပ်တစ်သိန်းနှင့် သင်္ကန်းနှစ်စုံသာရကြောင်း မဟနအဖွဲ့ဝင်ဆရာတော်က ဆိုသည်။
“သင်္ကန်းနှစ်စုံနဲ့ ငွေတစ်သိန်းရတယ်။ ကျန်တာတော့ ဘာမှထူးထူးခြားခြား မရှိပါဘူး။ ဒါပါပဲ။ တပ်မတော်က ထုတ်တဲ့ သင်္ကန်းနှစ်စုံပေါ့။ အဲမှာ ဝတ်ပြီးတော့ တက်ရတာပေါ့လေ”
အနေကဇာတင်ပွဲနှင့် ကျောက်စာရုံစေတီများ ထီးတင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး သံဃာ ၉၀၀ ကျော် တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဉာဏိဿရနှင့် ဓမ္မဒူတဆရာတော် ဦးဆေကိန္ဒတို့၏ စီစဉ်မှုဖြင့် ရုရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အိန္ဒိယတို့မှ သံဃာအပါး ၇၀ ကျော်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
အလေးချိန် တန်ငါးထောင်ကျော်ရှိ စကျင်ကျောက်တုံးကြီးကို အာဏာရှင်ဟောင်း ဦးသန်းရွှေက လှူခဲ့ခြင်းဖြစ်ကာ အာဏာ သိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလျင်အမြန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ ဉာဏ်တော်အမြင့်ဆုံးဟု ကြွေးကြော်ထားသည့် အဆိုပါ ကျောင်းဆင်းတုဘုရား ကုန်ကျစရိတ်မှာ စကျင်ကျောက်တန်ဖိုး မပါဝင်ဘဲ အမေရိကန်ဒေါ်လာသန်း ၃၀ မှ ၄၀ ခန့်အထိ ရှိမည်ဟု ခန့်မှန်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။
ဘုရားတည်ဆောက်ရေးနှင့် ပတ်သက်၍ အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေး စစ်ကောင်စီက လပေါင်းများစွာ ဆော်ဩခဲ့ပြီး နေပြည်တော်အရောက် ဆင့်ခေါ်ခံရသည့် ရာနှင့်ချီသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များက စုစုပေါင်းငွေ ကျပ်ဘီလျံ ၄၀ ကျော်လှူခဲ့သည်။
ဘုရားပွဲအပြီး သာသနာရေးဝန်ကြီး ဖြုတ်ချခံရခြင်းမှာ အနေကဇာပွဲအစီအစဉ်နှင့် သက်ဆိုင်နိုင်သော်လည်း သံဃမဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဟောကြားခဲ့ခြင်းမှာ မည်သူ့ကိုမှ သာစေနာစေ သဘောမျိုးမဟုတ်ဘဲ ဘုရားရှင်အဆက်ဆက် ဆုံးမဩဝါဒတရားကိုသာ လိုရင်းဟောခဲ့ခြင်းသာဖြစ်သည်ဟု မန္တလေးမြို့မှ အမည်မဖော်လိုသူ ဆရာတော်တစ်ပါးက မိန့်ဆိုသည်။
“ဘုရားရဲ့အဆုံးအမပေါ့နော်။ ဧတံဗုဒ္ဓါန သာသနံ၊ ဒါဟာ ဘုရားအဆက်ဆက်ရဲ့ ဆုံးမဩဝါဒသာ ဖြစ်တယ်။ ဒါက ဗုဒ္ဓနည်းလမ်းကျပဲ ပြောတာ။ မြှောက်ပေးတာ မပါဘူး။ ဓမ္မစဉ်အတိုင်း သွားတယ်။ မြှောက်တာလည်း မပါသလို ခြောက်တာလည်း မပါဘူး။ မြှောက်စားမှု ချီးမွမ်းမှုမပါလို့ အရေးယူချင်တယ်ဆိုလည်း ယူမှာပေါ့။ ပြောရတာ မဟုတ်ဘူး”
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)