စုံစမ်းဖော်ထုတ်ရေးသားမှု

ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် နာမည်ကြီးဟိုတယ်တစ်ခု၏အတွင်းပိုင်း ခန်းမကျယ်ကြီးအလယ်၌ စင်မြင့်လျှောက်လမ်းအတိုင်း ဗုဒ္ဓဘာသာရဟန်းအချို့ ဟန်ပါပါ လမ်းလျှောက်ဝင်လာသည်။ ပရိသတ်အပေါင်း ခြံရံထားသည့် လျှောက်လမ်း (Catwalk) ပေါ်၌ တစ်ပါးစီ လမ်းလျှောက်ဝင်လာပုံမှာ နိုင်ငံခြားတိုင်းပြည်များမှ အထင်ကရ ဖက်ရှင်ရှိုးပွဲအလားပင်။​

ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် ကိုယ်ဟန်ပြမော်ဒယ်များနှယ် လျှောက်ဝင်လာသူများမှာ မြန်မာနှင့် သီရိလင်္ကာမှ ရဟန်းများဖြစ်သည်။ နာမည်ကြီးဆရာတော်တစ်ပါး၏ မွေးနေ့အကြို သီရိလင်္ကာနိုင်ငံသို့ ဆန်အိတ်များလှူဒါန်းပွဲ တက်ရောက်လာခြင်းဖြစ်ကာ ရန်ကုန်မြို့ အင်လျားကန်စောင်းရှိ စစ်တပ်နှင့် အကျိုးစီးပွားဆက်နွှယ်နေသော Lotte ဟိုတယ်၌ လွန်ခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ပြိုးပြိုးပြက်ပြက် မီးရောင်အောက် ရဟန်းများ လမ်းလျှောက်လာပုံ ပျံ့နှံ့ခဲ့ပြီးနောက် လူအများ ပြက်ရယ်ပြုခဲ့ကြသည်။

အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့သော အောင်ဇမ္ဗူတောရကျောင်းဆရာတော်၏ အသက် ၆၀ ပြည့် မွေးနေ့အကြို ဆန်လှူပွဲသို့ တက်လာသည့် သံဃာများ။ (ဓာတ်ပုံ – လူမှုကွန်ရက်)

နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ဗုဒ္ဓဘာသာရဟန်းများက ဟိုတယ်၌ ပြုလုပ်သော အခမ်းအနားတွင် နောက်ဆုံးပေါ် တန်ဖိုးကြီး ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် မင်းသားများနှယ် မွေးနေ့ပွဲတက်နေခြင်းအပေါ် ပြက်ရယ်ပြုကြခြင်းပင်။

မွေးနေ့ရှင် ဘုန်းကြီးမှာ ရန်ကုန်မြို့မှ မိုင် ၃၀ ခန့်အကွာ မှော်ဘီမြို့အဝင်ရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်းဆရာတော် အသက် ၆၀ အရွယ် ဘဒ္ဒန္တပဏ္ဍဝံသဖြစ်သည်။ ထိုဆရာတော်၏ ကျောင်းမှာ ဂျပန်ဘုရားဟု လူသိများသည့်နေရာပင်။

Lotte ဟိုတယ်၌ ပြုလုပ်သောအခမ်းအနားတွင် ဟိုတယ်ခန်းမဆောင်ကြီးတစ်ခုလုံး ပရိသတ်များ ပြည့်နှက်နေပြီး စင်မြင့်ထက်ရှိ သံဃာထုအလယ်၌ မွေးနေ့ရှင် ဆရာတော်က နေရာယူထားသည်။ ထိုအခမ်းအနားတွင် အောင်ဇမ္ဗူတောရဆရာတော်က ဆန်အိတ်တစ်ထောင် လှူဒါန်းရာ၌ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး လက်ခံရယူသည်။

ထို့ပြင် တက်ရောက်လာသော သံဃာများကို ကျပ်သိန်း ၁၀၀၊ ၅၀ စသည်ဖြင့် သီးခြားလှူဒါန်းထားသည်ကိုလည်း တွေ့ရသည်။ သံဃာတော်များအတွက် အလှူကန်တော့ပွဲများကို တူညီဝတ်စုံဖြင့် လှပျိုဖြူများက စင်မြင့်ထက်တွင် အတန်းလိုက်အလှပြနေသည့် ဓာတ်ပုံများလည်း တွေ့ရသည်။ 

ရန်ကုန်မြို. အင်းလျားကန်စောင်းရှိ Lotte ဟိုတယ်၌ ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့သော အောင်ဇမ္ဗူတောရကျောင်းဆရာတော်၏ အသက် ၆၀ ပြည့် မွေးနေ့အကြိုကျင်းပခဲ့ပုံ။ (ပုံ/Facebook) 

မွေးနေ့အကြို ပြုလုပ်သော ထိုပွဲတွင် စုစုပေါင်းတန်ဖိုး မည်မျှလှူဒါန်းခဲ့သည်ကို မသိရသော်လည်း အခမ်းအနားကုန်ကျစရိတ်သည်ပင် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ရှိသည်ဟု Lotte ဟိုတယ်ထံမှ စုံစမ်းသိရှိရသည်။ အခမ်းအနားတွင် အသုံးပြုသည့် ပန်းဖိုးသည်ပင်လျှင် ကျပ်သိန်း ၁၀၀ ကုန်ကျပြီး အောင်ဇမ္ဗူတောရဆရာတော်နှင့် အခြားရဟန်းနှစ်ပါးသည် တစ်ညလျှင် ဒေါ်လာထောင်ချီ ပေးချေရသည့် Lotte ဟိုတယ် အထူးခန်းတွင် နှစ်ညတာ တည်းခိုသွားသည်ဟုလည်း သိရသည်။ 

​အောင်ဇမ္ဗူတောရဆရာတော်၏မွေးနေ့မှာ ထိုမျှနှင့် ရပ်တန့်မသွားပေ။ Lotte ဟိုတယ်မှ ဓာတ်ပုံထွက်လာပြီး နှစ်ရက်အကြာ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် လူအများ အပြစ်ပြောစရာ ဓာတ်ပုံများ ထပ်မံပေါ်ထွက်လာပြန်သည်။​ နာမည်ကျော် အပန်းဖြေစခန်းမြို့ ပြင်ဦးလွင်၌ အပျံစားဆောက်လုပ်ထားသည့် အိမ်တစ်လုံးကို ဖွင့်ပွဲလုပ်ခြင်းပင်။

ပြင်ဦးလွင်မြို့ အိမ်သစ်တက်ပွဲသို့ Rolls-Royce ဇိမ်ခံကားဖြင့် တက်ရောက်လာသော အောင်ဇမ္ဗူတောရဆရာတော်။ (ဓာတ်ပုံ – လူမှုကွန်ရက်)

အောင်ဇမ္ဗူတောရဆရာတော်အတွက် စာကြည့်တိုက်ဟု အမည်တပ်ထားသော ထိုခေတ်မီအိမ်ကို သူဌေးသူကြွယ်များ၏ ဇိမ်ခံအိမ်များနှယ် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လွင်တောက်ပသော ခေတ်မီ အိမ်ထောင်ပရိဘောဂများ၊ ဇိမ်ခံပစ္စည်းများအပြင် အမျိုးသမီးများသာ သုံးလေ့ရှိသော အလှပြင်မှန်တင်ခုံပင် ထည့်သွင်းပေးထားသည်။ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က ရိုးလ်ရွိုက်စ်ကားကြီး စီးကာ ကြွလာသည်။​ Rolls-Royce မှာ တန်ဖိုးကြီးဇိမ်ခံကားအမျိုးအစားဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင် သူဌေးတိုင်းပင် မစီးနိုင်လောက်အောင် တန်ကြေးမြင့်သည်။​

မြန်မာနိုင်ငံတွင် သံဃာပေါင်း သိန်းချီရှိသည့်အနက် အများစုမှာ ပစ္စည်းလေးပါးမည်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပင် မပြည့်စုံနိုင်သဖြင့် ရုန်းကန်နေရသည်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြမှုများ၊ လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများ ဖြစ်ပွားနေချိန်ဖြစ်ရာ အလှူဒါနကို အားပြုနေရသော သံဃာထုမှာ ပို၍ အခက်အခဲတွေ့နေသည်။ အရှိန်အဝါကြီးသည့် ဆရာတော်များက အာဏာသိမ်းခေါင်းဆောင်ကို မင်းကောင်းမင်းမြတ်သဖွယ် မြှောက်ပင့်ပြောဆိုသဖြင့် ပြည်သူလူထု၏ အမုန်းတရားနှင့် မကျေနပ်ချက်က ရဟန်းသံဃာများအပေါ် ပုံကျလာသည်။

ထိုအချိန်တွင် အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုမှာ အံ့အားသင့်ဖွယ်ပင်။​

အောင်ဇမ္ဗူတောရဆရာတော်နှင့် ဂျပန်ဘုရား

ရန်ကုန်မြို့ အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ ပြုလုပ်သော မွေးနေ့အကြိုအခမ်းအနားတွင် တွေ့ရသည့် အောင်ဇမ္ဗူတောရဆရာတော်။ (ဓာတ်ပုံ – အောင်ဇမ္ဗူဓမ္မရိပ်သာ Facebook)

မြန်မာနိုင်ငံတွင် ရဟန်းသံဃာပေါင်း လေးသိန်းနီးပါးမျှရှိသည်ဟု သိထားကြသည်။​ ဘုရားပုထိုးစေတီများနှင့် ဘုန်းကြီးကျောင်းများလည်း အနယ်နယ်အရပ်ရပ်တွင် လက်ညှိုးထိုးမလွဲရှိသည်။

ရဟန်းသံဃာများအတွက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုသော အခြေခံအလုပ်ကြီးသုံးခုရှိရာ မြန်မာနိုင်ငံတွင် ပရိယတ္တိမည်သော စာပေကျမ်းဂန်များ လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချခြင်းသည် အကျယ်ပြန့်ဆုံးနှင့် အထွန်းကားဆုံးလုပ်ငန်းစဉ်ဖြစ်ခဲ့သည်။ ယနေ့ခေတ်ကာလတွင်မူ ပရိယတ္တိနယ်ပယ်ထက် လာဘ်လာဘပေါများသည့် တခြားအလုပ်များကို ရဟန်းသံဃာများ ရွေးချယ်လာကြသည်။ နယ်လှည့်တရားဟောခြင်း (ဓမ္မကထိက) နှင့် တရားပြခြင်း (ဓမ္မရိပ်သာ) တို့ဖြစ်သည်။

စာသင်စာချအလုပ်တွင် စာချကိုယ်တော်၊ တိုက်အုပ်မှသည် စာသင်တိုက်ပိုင်ရှင်ဆရာတော်ဖြစ်သည်အထိ နှစ်ပေါင်းများစွာ ရုန်းကန်ရသော်လည်း ဓမ္မကထိကနှင့် ဓမ္မရိပ်သာအလုပ်တို့တွင် ပေါက်မြောက်ပါက မခန့်မှန်းနိုင်လောက် ကြွယ်ဝချမ်းသာနိုင်လေသည်။

အထင်ရှားဆုံးဥပမာတစ်ခုမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်ဟု မြှောက်ပင့်ပြောဆိုထားသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရပင်။ သဲကုန်းဆရာတော် ရှင်ဉာဏိဿရဆိုသော အမည်ဖြင့် ဓမ္မကထိကတစ်ဦးအဖြစ် စတင်ထင်ရှားကျော်ကြားခဲ့သူဖြစ်သည်။ ယနေ့အချိန်တွင် သီတဂူဆရာတော်မှာ တစ်တိုင်းတစ်ပြည်လုံးတွင် မသိသူမရှိဖြစ်သည့်အပြင် မရေမတွက်နိုင်လောက်သော စည်းစိမ်ချမ်းသာဖြင့်လည်း ကြွယ်ဝပြီးဖြစ်သည်။

ဓမ္မကထိကများနည်းတူ ဓမ္မရိပ်သာပိုင်ရှင် ဆရာတော်များသည်လည်း လာဘ်လာဘရွှင်ပြီး ကြွယ်ဝ ချမ်းသာကြသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ပြုလုပ်ခဲ့သော အောင်ဇမ္ဗူရိပ်သာကျောင်းဖွင့်ပွဲ အကြိုအခမ်းအနားတစ်ခု။ (ဓာတ်ပုံ – အောင်ဇမ္ဗူဓမ္မရိပ်သာ Facebook)

အောင်ဇမ္ဗူတောရဆရာတော်မှာ ဓမ္မရိပ်သာပိုင်ရှင်ဖြစ်သည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းများ တရားပြကောင်းမကောင်း မကျော်ကြားသော်လည်း ရိပ်သာပိုင်ရှင်ဆရာတော်မှာမူ ကြွယ်ဝချမ်းသာမှုဖြင့် ကျော်ကြားခဲ့ပြီဖြစ်သည်။​

မော်လမြိုင်တွင် အောင်ဇမ္ဗူတောရအမည်ဖြင့် ဓမ္မရိပ်သာဖွင့်လှစ်စဉ်က လူသိထင်ရှားကျော်ကြားခြင်း မရှိသေးပေ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ဘက်တွင် အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာခွဲ စဖွင့်သည်။

၂၀၁၂ ခုနှစ်တွင် ဂျပန်လူမျိုးတစ်ဦးက ၎င်းစုဆောင်းထားသည့် ရှေးဟောင်းဆိုသည့် ၃၀၁ ဆူသော ဗုဒ္ဓဆင်းတုများကို အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော်ထံ လှူဒါန်းခဲ့သည်။ ထိုဆင်းတုတော်များမှာ အမှန်တကယ် ရှေးဟောင်းဘုရား ဟုတ်မဟုတ် ရှေးဟောင်းသုတေသနကဲ့သို့ ဌာနများက ထုတ်ပြန်ထားခြင်း၊ အသိအမှတ်ပြုထားခြင်း မရှိပေ။ သို့သော် ထိုရှေးဟောင်းဘုရားများမှာ ဆုတောင်းပြည့်သည်ဆိုသော တစ်ဆင့်စကားဖြင့် လူအများ လာရောက်ကြရာမှ ဂျပန်ဘုရားဟု နာမည်ကြီးလာပြီး ကျောင်းပိုင်ရှင်ဆရာတော်လည်း တစ်စထက်တစ်စ ကြွယ်ဝလာခြင်းပင်။​

ဂျပန်ဘုရားဟု နာမည်ကြီးလာပြီးနောက် နေ့စဉ် လူထောင်ချီ လာရောက် ဖူးမြော်ကြရာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာသည်လည်း ပွဲတော်ကြီးတမျှ စည်ပင်ကြီးထွားလာသည်။

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရဆရာတော်ကို ထင်ရှားကျော်ကြားသူများနှင့် သူဌေးသူကြွယ်များသာမက မင်းစိုးရာဇာများကပါ ဆည်းကပ်ကိုးကွယ်ကြသည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသကို ၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက မဟာသဒ္မမ္မဇောတိကဓဇဘွဲ့ ဆပ်ကပ်ခဲ့သည်။

ဂျပန်ဘုရားဟု လူအများခေါ်ဝေါ်သည့် မှော်ဘီရှိ ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်ဟောင်းကို ခေတ်မီငါးထပ်တိုက်ကြီးအဖြစ် အသစ်ပြန်လည်တည်ဆောက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ပွဲပြုလုပ်ခဲ့ရာ ထိုစဉ်က သာသနာရေးဝန်ကြီးဖြစ်သူ သူရအောင်ကိုနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းတို့ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထိုကျောင်းဆောင်သစ်ဖွင့်ပွဲတွင် နိုင်ငံကျော် သရုပ်ဆောင်များ၊ အဆိုတော်များလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်း၏ Facebook စာမျက်နှာတစ်ခုတွင် တင်ထားသော ဓာတ်ပုံများအရ ဂျပန်ဘုရားဖြင့် နာမည်ကြီးထင်ရှားလာသည့် အောင်ဇမ္ဗူတောရက သံဃာ့အဖွဲ့အစည်းမှ အရေးကြီးဆရာတော်ကြီးများကိုလည်း ဆည်းကပ်ကိုးကွယ်လေ့ရှိသည်ကို တွေ့ရသည်။

အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းအဖြစ် ထင်ရှားသည့် မဘသအဖွဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ အင်းစိန်ရွာမဆရာတော်ကို ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းခဲ့သည်။ အင်းစိန်ရွာမဆရာတော်ကို စစ်ကောင်စီက အဘိဓဇမဟာရဌဂုရုဘွဲ့ ဆပ်ကပ်ပြီးနောက် ထပ်ဆင့်ဂုဏ်ပြုသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လအတွင်း ၎င်း၏ ဒကာဒကာမများကို စေလွှတ်ကာ လှူဒါန်းစေခဲ့ခြင်းဖြစ်သည်။

သံဃာမဟာနယကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗန်းမော်ဆရာတော်ထံ သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း ထိုကျောင်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အောင်ဇမ္ဗူတောရရိပ်သာကျောင်းအတွင်း ငါးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် သူရအောင်ကိုနှင့် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့စဉ်။ (ဓာတ်ပုံ – ပေါ်ပြူလာ)

အောင်ဇမ္ဗူတောရဆရာတော်မှာ အခြားသော ဆရာတော်များကဲ့သို့ နယ်လှည့်တရားဟောခြင်း၊ စာသင်စာချခြင်း မရှိပေ။ မော်လမြိုင်၊ မှော်ဘီနှင့် မေမြို့ ခေါ် ပြင်ဦးလွင်ရှိ ၎င်းပိုင် ဓမ္မရိပ်သာကျောင်း သုံးခု၌သာ အခါအားလျော်စွာ တရားပြလေ့ရှိသည်ဟု ဂျပန်ဘုရားမှ တာဝန်ခံရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရက Myanmar Now ကို မိန့်ကြားသည်။

မကြာမီက ပြုလုပ်ခဲ့သော အခမ်းအနားများမှာ မွေးနေ့အကြိုဖြစ်ပြီး အောင်ဇမ္ဗူတောရဆရာတော်သည် လာမည့် ကဆုန်လပြည့်နေ့ (မေလ) တွင် အသက် ၆၀ ပြည့်မည်ဟုလည်း သိရသည်။​

ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ၏ အကျယ်အဝန်းမှာ လက်ရှိတွင် ဧက ၃၀ ကျော် ရှိပြီဖြစ်ကာ နေ့စဉ် ဘုရားဖူးလာရောက်သူများ မပြတ်စည်ကားနေဆဲဖြစ်ကြောင်း၊ အခါကြီးရက်ကြီးများတွင် လူပေါင်းသိန်းချီ လာရောက်ကြောင်း တာဝန်ခံ ဦးဉာဏိဿရက မိန့်သည်။

မှော်ဘီရှိ ဂျပန်ဘုရားကို သွားရောက်လေ့လာမည်ဆိုပါက အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုကို ရိပ်စားနိုင်မည်ဖြစ်သည်။

မျက်မြင်ကိုယ်တွေ့ ဂျပန်ဘုရားမှ စီးပွားရေးလုပ်ငန်းများ

မကြာသေးမီ ရက်ပိုင်းအတွင်း Myanmar Now က ဂျပန်ဘုရားသို့ သွားရောက်လေ့လာခဲ့ရာ ဘာသာရေးအမည်ခံထားသည့် နေရာဖြစ်သော်လည်း ဘုရားဖူးလာသူများထံမှ နည်းမျိုးစုံဖြင့် ငွေရှာနေသည့် နေရာတစ်ခုဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

ရန်ကုန်မြို့မှ တစ်နာရီခွဲခန့် ကားစီးပြီးနောက် ဂျပန်ဘုရားတည်ရှိရာ အောင်ဇမ္ဗူတောရကျောင်းသို့ နေမွန်းမတည့်မီ ရောက်ရှိခဲ့သည်။ ရန်ကုန် – ပြည်လမ်းမအတိုင်း သွားနေရာမှ မှော်ဘီမြို့မရောက်မီ လမ်းချိုးတစ်ခုကို စတင်ချိုးဝင်လိုက်သည်နှင့် ဈေးဆိုင်တန်းများက ဆီးကြိုနေသည်။ ဂျပန်ဘုရားသို့ မရောက်သေးပေ။

ဂျပန်ဘုရားအတွင်းပိုင်းရှိ ဈေးဆိုင်တန်းကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဈေးဆိုင်တန်းက စုံလင်လှသည်။ အစားအသောက်ရောင်းချသည့်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှစ၍ ယုတ်စွအဆုံး ငါးရံ့ခြောက်သည်အထိ တွေ့ရသည်။ ဈေးဆိုင်တန်းတစ်လျှောက် အရောင်အသွေးစုံ ဘုရားဖူးပြည်သူများ တွေ့ရသည်။ မကြာမီ ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်း အဝင်ဝကို ရောက်ရှိသည်။

ဝင်ကြေး ကျပ် ၃၀၀ ပေးရသည်။ မည်သည့်မော်တော်ယာဉ်မဆို ဝင်ကြေးပေးရသည်ဟု ဆိုသည်။ အနည်းဆုံး ပေ ၃၀၀ ခန့် ပတ်လည် အကျယ်အဝန်းရှိ ယာဉ်ရပ်နားဝင်းတစ်ခုလုံး ကားများ ပြည့်ကျပ်နေသည်။ ကားတစ်စီး ကျပ် ၃၀၀ ဖြင့်ပင်လျှင် နေ့စဉ်ဝင်ငွေ အတော်များပေမည်။

ဘုန်းကြီးကျောင်းဝင်းမှာ ဧက ၃၀ ကျော် ကျယ်ဝန်းပြီး ဈေးဆိုင်ခန်းပေါင်း ၅၀ ခန့် တွေ့ရသည်။ အနည်းငယ် တီးခေါက်မေးမြန်းကြည့်ရာတွင် ၁၅ ပေပတ်လည်ဆိုင်ခန်းတစ်ခုအတွက် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ (ကျပ်တစ်သိန်းခွဲ) ပေးသွင်းရကြောင်း၊ ဆိုင်ခန်းမယူသည့် လမ်းဘေးဈေးသည်များမှာ နေ့စဉ် ကျပ် ၅၀၀ မှ ၁၀၀၀ ပေးရကြောင်း သိရသည်။

ဆိုင်ခန်းလခသည်ပင် တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ ၇၅ သိန်းအထိ ရရှိနိုင်သည်။

ဈေးဆိုင်ခန်းများအလွန်တွင် လူ့နှစ်ရပ်ထက်မြင့်သော ပုဂံရှိ သရပါတံခါးနီးပါးမျှ ကြီးမားသည့် အုတ်တံတိုင်းကြီး ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ အုတ်တံခါးနောက်ဘက်တွင် ပုံစံတူဘုရားစေတီများ တန်းစီ တည်ဆောက်ထားသည်။ အမှတ်တရဓာတ်ပုံရိုက်နေသူ အများအပြားရှိပြီး ဘုရားစေတီတိုင်းတွင် အလှူခံပုံးများထားထားသည်ကို တွေ့ရသည်။

တောင်ကြောတစ်ခုနှယ်ရှိ ပုံစံတူဘုရားများရှိရာကို ဖြတ်လျှောက်ပြီးနောက် မြေနိမ့်ဘက်သို့ ကြည့်လိုက်မိစဉ် အလွန်လှပသည့် ပန်းခြံကြီးတစ်ခု တွေ့ရသည်။ လျှောက်လမ်းများ၊ အလှဖော်ထားသည့် ပန်းအလှပင်များအပြင် ကလေးကစားကွင်းလေးများလည်း တွေ့ရသည်။ ပန်းခြံအတွင်း ကလေးများအကြိုက် နာမည်ကျော် ဒိုင်နိုဆော၊ ကင်းကောင်အရုပ်ကြီးများ တွေ့ရသည်။ ဧရာမကြီးမားသည့် အရုပ်ကြီးများပင်။ အင်္ဂတေဖြင့် သေသေသပ်သပ် ပြုလုပ်ထားသည့် ကြိုးကြာ၊ သမင်စသည့် အရုပ်များလည်း တွေ့ရသည်။

ဂျပန်ဘုရားအတွင်းရှိ ဒိုင်နိုဆောအရုပ်ကြီးနှင့် ကလေးကစားကွင်းတစ်နေရာကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အရုပ်ကြီးများနှင့်အတူ ကလေးများ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ဘုရားဖူးလူကြီးများကိုသာမက ကလေးများကိုပါ ဆွဲဆောင်ထားသည်ကို တွေ့ရသည်။ အကွက်ကျကျချထားသည့် ထိုင်ခုံများတွင် ချစ်သူစုံတွဲတချို့ကို တွေ့ရသည်။ အသည်းပုံ ဖန်တီးတည်ဆောက်ထားသည့် အမှတ်တရဓာတ်ပုံရိုက်ရန် နေရာများ၊ ပန်းခြံများလည်း တွေ့ရသည်။

နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုမှာ ပေရာနှင့်ချီ ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခုဖြစ်သည်။ ရေကန်ကြီးထဲတွင် ငန်းဖြူပုံ အပျော်စီးခြေနင်းလှေများကို စီးနေသည့် ကလေးငယ်များ၊ စုံတွဲများ တွေ့ရပြန်သည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးရှိ ကန်တော်မင်္ဂလာပန်းခြံထဲ ရောက်နေသလား အောက်မေ့ရသည်။​

ခြေနင်းလှေစီးခမှာ အရွယ်အလိုက် တစ်ဦးလျှင် ကျပ် ၅၀၀ နှင့် ၁၀၀၀ ဟု သိရသည်။​ ဂျပန်ဘုရားမှာ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုပင်။ ရေကန်အတွင်းမှ ခြေနင်းလှေများသာမက ဈေးဆိုင်ခန်းများအကြား ကွန်ကရစ်လမ်းပေါ်၌ အပျော်စီးမီးရထားတစ်ခု ပြေးဆွဲပေးနေသည်။ ဈေးဝယ်စင်တာများတွင် ကလေးများ လိုက်ပါစီးနင်းကြသည့် အပျော်စီးမီးရထားပင်။

လူကြီးများသာမက ကလေးငယ်များကို ဆွဲဆောင်ထားသည့် ဂျပန်ဘုရားပင်။ တစ်ခေါက်ရောက်ပြီးပါက နောက်တစ်ခေါက် ထပ်လာချင်ကြပေလိမ့်မည်။ ကလေးငယ်များကိုသာမက လူငယ်များကို ဆွဲဆောင်သည်။ ပျော်ပွဲရွှင်ပွဲများလည်း ရှိသည်ဟု သိရသည်။ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင် စတိတ်ရှိုးပွဲများပင် ပြုလုပ်ပေးသည်ဟု ဆိုသည်။

ဗုဒ္ဓဘာဘာသာဝင်များ၏ ပွဲတော်ရက်များဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကဲ့သို့သော အခါသမယများသာမက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များတွင်ပါ အကြီးအကျယ်ပွဲလုပ်ပေးသည်ဟု သိရသည်။ ထိုသို့သော နေ့များတွင် နာမည်ကြီးအဆိုတော်များကို ဖိတ်ခေါ်ကာ ရှိုးပွဲလုပ်လေ့ရှိသည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ရပ်ကွက်များ၌ပင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကင်းမဲ့ကာ တိတ်ဆိတ်နေသော်လည်း မှော်ဘီက ဂျပန်ဘုရား၌ ကွင်းလုံးပြည့် ပျော်ပွဲရွှင်ပွဲရှိသည်ဟု သိရသည်။ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုသော ဆိုင်းဘုတ်ကြီးနှင့်အတူ မဏ္ဍပ်ကြီးထိုးထားသည်က သက်သေပင်။

ဂျပန်ဘုရားအတွင်းရှိ ဈေးဆိုင်ခန်းများအလယ်တွင် ပြေးဆွဲပေးနေသည့် အပျော်စီးရထား။ (ဓာတ်ပုံ​ – Myanmar Now)

“ဆရာတော်က အဆက်အသွယ်တွေ၊ ကိုးကွယ်တဲ့သူတွေ ပေါတယ်လေ။ ဆရာတော်က လာဆိုရင် အဆိုတော်တွေ လာရတာပဲ” ဟု ဈေးဆိုင်ရှင်တစ်ဦးက ပြောသည်။

ထိုပွဲတော်များက ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်းတိုက်ကို ဝင်ငွေတိုးစေသည်။ လစဉ်ကြေးပေးထားရသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း ပျော်ရွှင်စေသည်။ လူအလာများလေ ဝင်ကြေးပိုရလေ၊ ဈေးရောင်းကောင်းလေပင်။

ဆိုင်ခန်းငှားခ တစ်လ ကျပ်တစ်သိန်းခွဲ ပေးထားရသည့် ဆိုင်ရှင်များက ဘုရာဖူးများကို အလုအယက်ခေါ်ယူနေကြသည်။ သို့မှသာ ဆိုင်ခန်းခ၊ အလုပ်သမားခ ကာမိစေမည်ဟု ဆိုသည်။ “ဘုရားဖူးက ပိတ်ရက်တွေပဲ များများလာတော့ ဒီရက်တွေပဲ အားထားရောင်းရတယ်။ တစ်ခါတလေ အမြတ်မထွက်တဲ့ လတွေရှိတယ်” ဟု ဆိုင်ခန်းနှစ်ခုတွဲယူကာ ထမင်းဟင်းနှင့် ကော်ဖီ၊​ အအေး တွဲရောင်းနေသူတစ်ဦးက ခပ်ညည်းညည်းဆိုသည်။​

ကျုံးသွင်းအလှူခံခြင်း

ဂျပန်ဘုရား၏ နောက်ထပ် ဝင်ငွေရပေါက်ရလမ်းတစ်ခုမှာ အိမ်သာအသုံးပြုမှုဖြစ်သည်။​ အိမ်သာအသုံးပြုခမှာ လူတစ်ဦးလျှင် ကျပ် ၂၀၀ ဖြစ်သည်။ နေ့စဉ် ဘုရားဖူးထောင်ချီ လာရောက်နေရာ အိမ်သာသည်ပင်လျှင် ဝင်ငွေမနည်းလှပေ။

ဂျပန်ဘုရားဟု နာမည်ကျော်သည့် ရှေးဟောင်းဘုရားများ ထားရှိရာ ကျောင်းဆောင်ဘက်သို့ ခြေဦးလှည့်လိုက်ပါက အဆင့်မြင့်ဟိုတယ်တစ်ခုနှယ် ခမ်းနားသည့် အဆောက်အအုံကြီးကို တွေ့ရသည်။ ခေတ်အမီဆုံးဒီဇိုင်းဖြင့် ဆောက်လုပ်ထားသည့် ငါးထပ်အဆောက်အအုံကြီးဖြစ်သည်။

ကျောင်းဆောင်အဝင် ပေရာချီရှည်လျားသည့် နိဗ္ဗာန်လမ်းတစ်လျှောက် တန်းစီ စောင့်ဆိုင်းနေကြသည့် အရွယ်စုံဘုရားဖူးများကို တွေ့ရသည်။ ရာဂဏန်းမျှ လူစုမိချိန်တွင် ကျောင်းဆောင်၏ မြေညီထပ်တံခါးကြီး ပွင့်လာသည်။ ကျောင်းဆောင်အတွင်း ဝင်ရောက်ချိန်တွင် တစ်ခုလျှင် ကျပ် ၂၀၀ ဖြင့် မဖြစ်မနေ နှာခေါင်းစည်းဝယ်တပ်ရသည်။ ရောင်းချသူများကမူ နှာခေါင်းစည်းဝတ်မထားပေ။ 

ဘုရားဖူးတိုင်းလိုလို နှာခေါင်းစည်းမပါကြပေ။ ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ခု ကျပ် ၅၀ မှ ၁၀၀ သာ ရှိသော်လည်း ဂျပန်ဘုရား၌ ဈေးနှစ်ဆပေးရသည်။

အလှူခံများထူထပ်ရာ ငါးထပ်ကျောင်းဆောင် အဝင်ဝ။ (ဓာတ်ပုံ – Myanmar Now)

ကျောင်းဆောင်မြေညီထပ်ရှိ ခန်းမအတွင်း ရောက်လာသည်နှင့် ဘုရားဖူးများအားလုံး နေရာတကျ ယူကာ ဘုရားဆင်းတုတော်ကို ရှိခိုးကြသည်။ ဆင်းတုတော်ရှေ့တည့်တည့်၌ နေရာယူထားသည့် ယောဂီရောင်ဝမ်းဆက်ဝတ်ဆင်ထားသူ အသက် ၅၀ အရွယ် အမျိုးသားကိုလည်း ရောယောင်ဦးချမိလျက်သား ဖြစ်သွားသည်။ လုံခြုံရေးတာဝန်ကျနှယ် စည်းကမ်းထိန်းသိမ်းရေးနှယ် အခြားယောဂီဝတ်များလည်း တွေ့ရသည်။ မာမာထန်ထန်ပြောဆို သတိပေးနေသံများလည်း ကြားရသည်။

ဘုရားဆင်းတုတော်ကို ဦးချပြီးချိန်၌ အသက် ၅၀ အရွယ် ယောဂီဝတ်အမျိုးသားက စတင်ဟောပြောတော့သည်။ ထိုသူဟောပြောနေစဉ် အလှူခံဖလားကိုင်ထားသည့် ယောဂီဝတ်အမျိုးသမီးများက အတန်းလိုက်ထိုင်နေသော ဘုရားဖူးများအကြား ဖလားထိုးကာ လိုက်လံအလှူခံသည်။ အနည်းဆုံး ကျပ် ၂၀၀ မှစ၍ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရသည်။

ယောဂီဝတ်တရားဟောဆရာက ငါးထပ်ကျောင်းဆောင်နံရံများကို ညွှန်ပြကာ ထပ်ဆင့်အလှူခံလေသည်။ ရွှေရောင်ကနုတ်ပန်းများကြားရှိ ဘုရားဆင်းတုတော် အသေးလေးများမှာ ကံထူးသူအလှူရှင်အသီးသီးက တစ်ဆူလျှင် ငွေကျပ် ၅၀၀၀ ဖြင့် လှူဒါန်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ဒီဆင်းတုတော်တွေကို လှူထားတဲ့အလှူက ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့် အလှူဖြစ်တယ်” ဟု ယောဂီဝတ်အမျိုးသားက ကြွေးကြော်သည်။

ဆင်းတုတော်ငယ်များကို ရွှေချရန် အခွင့်အရေးကောင်းများ ကျန်နေသေးကြောင်း၊ ရွှေဆိုင်းများ ဝယ်ယူကပ်လှူနိုင်ကြောင်းလည်း မနားမနေ ဟောပြောလေသည်။ သူ့ပုံစံမှာ ရွှေဆိုင်းလုပ်ငန်းရှင်များ စေလွှတ်ထားသည့် အရောင်းမြှင့်တင်ရေးသမား (မာကတ်တင်း) ဟုပင် ထင်ရသည်။

အပြောအဟော ကောင်းပါပေသည်။ ဘုရာဖူးများလည်း သူ့ထက်ငါဦးအောင် ထပြေးကာ ရွှေဆိုင်းရောင်းချရာကောင်တာများဆီ ရောက်သွားသည်။ အနည်းဆုံးအားဖြင့် ရွှေဆိုင်းငါးရွက်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူလှူဒါန်းနိုင်သည်။ လှူထိုက်လို့သာ ရောက်ရှိနေခြင်းဖြစ်သည်ဆိုသော ဟောပြောချက်ကြောင့် ထင်သည်။ ရွှေဆိုင်းရောင်းချရာကောင်တာများရှေ့တွင် ဘုရားဖူးများ အလုအယက်ဖြစ်နေသည်။

ဂျပန်ဘုရားမှ ငါးထပ်ဆောင်အတွင်းရှိ အလှူခံဌာနတစ်ခုကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ရွှေချထားသည်ဆိုသော နံရံမှ ဆင်းတုတော်အငယ်စားလေးများကို သေသေချာချာ လေ့လာမိသည်။ အဝေးကကြည့်ပါက အနုစိတ်လက်ရာဟု ထင်ရသည်။ အနီးကပ်လေ့လာကြည့်သောအခါ ထွင်းထုထားခြင်းမဟုတ်ဘဲ ကနုတ်ပုံပါ ကော်ပြားများကို တိုင်နှင့် နံရံများတွင် ကပ်ထားခြင်းပင်။ လက်မခန့်အရွယ်ရှိ ဆင်းတုလေးများကို ဆီလီကွန်ထိုးကာ ကပ်ထားသည်။ အချို့သော ဆင်းတုများနှင့် နံရံများအကြားတွင် ဆီလီကွန်များ ထိုးထွက်နေသည်ကို တွေ့ရသည်။

ဆင်းတုငယ်လေးများ အပါအဝင် ရွှေရောင်တောက်နေသည့် ကနုတ်ပန်းများမှာ အမှန်တကယ် ရွှေချထားခြင်း မဟုတ်ပေ။ ကရဝိတ်ရွှေဆေးကဲ့သို့ သင်္ဘောဆေးသုတ်လိမ်းထားခြင်းဖြစ်သည်။ ဘုရားဖူးများဝယ်ယူသည့် ရွှေဆိုင်းများမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသလဲ မခန့်မှန်းနိုင်ပေ။

ခန်းမဆောင်အတွင်းမှ အလှူခံစခန်းမှာ ထိုမျှနှင့် ရပ်မသွားပေ။ ရွှေဆိုင်းရောင်းချပြီးချိန်တွင် ဘုရားဖူးများကို ပြန်ထိုင်စေကာ လိပ်စာကတ်အရွယ် အောင်ဇမ္ဗူတောရဆရာတော်ပုံပါသည့် ဓာတ်ပုံများကို အဆောင်ဟုဆိုကာ လိုက်လံရောင်းချသည်။ ပလတ်စတစ်လောင်းထားသည့် ထိုဓာတ်ပုံငယ်များကို တစ်ပုံလျှင် ကျပ် ၁၀၀၀ ဖြင့် ဝယ်ယူရသည်။

ငါးထပ်ကျောင်းဆောင် မြေညီထပ်ရှိ ထိုခန်းမအတွင်း နာရီဝက်ခန့်ကြာလျှင် တစ်ကြိမ် ရာဂဏန်းရှိ လူအုပ်သွင်းနေခြင်းဖြစ်ရာ နေ့စဉ်ဝင်ငွေမှာ အတော်များပြားသော ပမာဏဖြစ်နိုင်သည်။​ ယောဂီဝတ်အမျိုးသားဟောပြောသည့်နှယ် နံရံမှ လက်မအရွယ် ဆင်းတုငယ်လေးများမှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်ဖြစ်ရာ ကမ္ဘာတည်သရွေ့ တည်ရှိနေပေလိမ့်မည်။

ထူးခြားမှုတစ်ခုမှာ အလှူခံအထပ်ထပ်ရှိရာ ငါးထပ်ကျောင်းဆောင်အတွင်း မဝင်ရောက်မီ ယောဂီဝတ်များက ဓာတ်ပုံမရိုက်ရန် လိုက်လံတားမြစ်သည်။ ရှေးဟောင်းဘုရားသည် ကင်မရာမီးရောင်ကြောင့် ထိခိုက်ပျက်စီးစေနိုင်သော်လည်း ထိုခန်းမအတွင်း မည်သည့်ရှေးဟောင်းဘုရားမျှ မတွေ့ရပေ။ ပါလာသည့် လက်ကိုင်ဖုန်းလေးများဖြင့် ဓာတ်ပုံရိုက်သူများကို ယောဂီဝတ်လုံခြုံရေးများက ငရဲကြီးသည်ဟု ခြိမ်းခြောက်သည်ကိုလည်း တွေ့ရသည်။

ခန်းမရှိရာ မြေညီထပ်မှ ဆက်တက်သွားမှသာ အပေါ်သုံးထပ်၌ ရှေးဟောင်းဘုရားများ တွေ့ရှိရသည်။ အထပ်တိုင်းတွင် အလှူခံပုံးအရေအတွက်မှာ ဘုရားအရေအတွက်နီးပါး ရှိနေသည်။

ငါးထပ်ဘုရားကျောင်းဆောင်မှ ပြန်အထွက်တွင် ခုံတစ်လုံးချကာ ထီလက်မှတ်ရောင်းနေသည့် ယောဂီဝတ်အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူလူထုက အကြီးအကျယ်သပိတ်မှောက်ထားသည့် အောင်ဘာလေထီလက်မှတ်များပင်။

“လူတွေ ဘိုင်းကောက် (Boycott) ထားတဲ့ ထီလက်မှတ်ကို ဒီဘုန်းကြီးကျောင်းက ရောင်းနေတာ ဘာသဘောလဲ” ဟု အတူပါလာသည့် ဘုရားဖူးမိတ်ဆွေက မှတ်ချက်ပေးသည်။

လက်ဖက်ထမင်းရုံနှင့် တိရစ္ဆာန်ရုံ

ငါးထပ်ကျောင်းဆောင် မြေညီထပ်ခန်းမနှင့် ဆင်းတုတော်များရှိရာ အထပ်သုံးထပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောင်းဝင်းအတွင်း အခြားစိတ်ဝင်စားဖွယ်နေရာအချို့ကို သွားရောက်လေ့လာဖြစ်သည်။ ထမင်းကျွေးရုံတွင် ဘုရားဖူးများကို သက်သတ်လွတ်လက်ဖက်ထမင်း ပြန်ကျွေးသည်ကို တွေ့ရသည်။ ဘုရားဖူးများ ဆာဆာလောင်လောင် စားသောက်နေကြသည်မှာ ကြည်နူးစရာတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

ဂျပန်ဘုရားရှိ တိရစ္ဆာန်ရုံတစ်ခုကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ထမင်းကျွေးရုံအနီးတွင် လှောင်အိမ်များ တွေ့ရသည်။ ကြယ်လိပ်များ၊ ဒေါင်းများ၊ ငှက်များ၊ သမင်များအပြင် ခါးကို ကြိုးချည်ထားသည့် မျောက်တစ်ကောင်ကိုလည်း တွေ့ရသည်။ ကလေးငယ်များ စိတ်ဝင်တစားကြည့်နေကြသည်။

ဘုရားဖူးရင်း အပန်းဖြေကြည့်ရှုစရာ စုံလင်သည့်နေရာပင်။ ကစားကွင်း၊ ပန်းခြံ၊ ရေကန်မှသည် တိရစ္ဆာန်ရုံအသေးစားလေးများပင် ရှိသည်။ အလှဓာတ်ပုံရိုက်ရန် လှလှပပ ဖန်တီးတည်ဆောက်ထားသည့် နေရာများလည်း ရှိသည်။ အဝတ်အထည်နှင့် အမှတ်တရပစ္စည်းမှ ငါးပိငါးခြောက်အထိ ဝယ်ယူနိုင်သည့် ဈေးလည်းရှိသည်။​ နာမည်ကျော်အပန်းဖြေစခန်းများထက် သာလွန်သည့် အတွဲလိုက်ဝန်ဆောင်မှု (Package Tour) ခရီးစဉ်ပင်။

“အောင်ဇမ္ဗူဆရာတော်ဆိုတဲ့ ဂျပန်ဘုရားဘုန်းကြီး ဘာလို့ ဒီလောက်ချမ်းသာနေပါလိမ့်လို့ တွေးမိနေတာ။ ခုမှ သတင်းစုံ သိရတော့တယ်။ ဘုရားတွေတင် ပြစား ရောင်းစားနေတာ မဟုတ်၊ တိရစ္ဆာန်ရုံပါ ဖွင့်စားနေတာကိုး” ဟု လူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အခြားသူတစ်ဦး၏ ရေးသားချက်ကို တစ်ဆင့်ပြန်လည်မျှဝေထားခြင်းပင်။ Lotte ဟိုတယ်မှ မော်ဒယ်ရှိုးလမ်းလျှောက်ပုံဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲဓာတ်ပုံများ ထွက်လာပြီးနောက် တွေ့ရသည့် ရေးသားမှုဖြစ်သည်။

“ရှင်းရှင်းပြောရရင် စစ်ဝတ်စုံတွေ အပွင့်တွေနဲ့ သင်္ကန်းတွေဆိုတာ အရေခြုံလုပ်စားဖို့ အကောင်းဆုံးယူနီဖောင်းတွေပါပဲ။ သူတို့ချင်းကလည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီတွေ။ ဒါကြောင့် စစ်ယူနီဖောင်းတော်လှန်ရေးမှာ သင်္ကန်းခြုံတော်လှန်ရေးပါ တစ်ပါတည်းပေါ်လာတာ” ဟု ထိုပို့စ်၌ ဆက်လက် ရေးသားထားသည်။

ဂျပန်ဘုရားကို မိသားစုဝင် ၇ ဦးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ဘုရားဖူးသွားခဲ့သူ ဇာမဏီ (မုနိမြေ) ဆိုသူကလည်း “မှော်ဘီဘုရားတစ်ခေါက် ငရဲရောက်” ဟု အစချီကာ ၎င်း၏မကျေနပ်ချက်များအကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

“ကျွန်တော့်အမေနဲ့ ညီမလေးက ဘောင်းဘီအပွ အရှည်နဲ့ပါ၊ အမြင်မရိုင်းပါဘူး။ ဒါပေမဲ့ သူတို့က ယောဂီဝတ်စုံ လဲရမယ်ပြော၊ ကိစ္စမရှိဘူး။ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ယောဂီအဝတ်ငှားရင် တစ်ယောက်ကို နှစ်ထောင်တဲ့။ များတယ်လို့ ထင်တယ်ဗျာ၊ စီးပွားရေးဆန်သလိုပဲ” ဟု ၎င်းက ရေးသားသည်။

ဂျပန်ဘုရားတွင် ကသိကအောက်ဖြစ်ရသည့် ကိစ္စများတွင် တစ်ခါမျှ မကြားဖူးသော “အိမ်ထောင်ရေးဘုရား”၊ “ကျန်းမာရေးဘုရား”၊ “ပညာရေးဘုရား”၊ “စီးပွားရေးဘုရား” စသည်ဖြင့် ဘုရားများကို သီးခြားဘွဲ့အမည်ပေးထားခြင်းကိုလည်း ထိုသူက ထည့်သွင်းပြောဆိုထားသည်။​

လူအောင် (ဝမ်းတွင်း) ဆိုသူကလည်း ဂျပန်ဘုရားကို လမ်းကြုံဝင်ဖူးရင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပုံကို တခုတ်တရ ရေးသားထားသည်။​

ဘောင်းဘီရှည်ဝတ်လာမိသည့် အမျိုးသမီးဖြစ်သူကို ဝင်ခွင့်မပေးဘဲ ထဘီတစ်ထည် ကျပ် ၁၅၀၀ ဖြင့် ရောင်းကြောင်း၊ ဘုရားအကြောင်းစီဒီတစ်ချပ်ကို ကျပ် ၁၀၀၀၊ လက်တစ်ဆစ်စာ ဘုရားတစ်ဆူကို ၅၀၀၀၊ အဆောင်ပါသည်ဆိုသော ဘုရားပုံ အသေး ၁၀၀၀၊ အကြီး ၂၀၀၀ ဖြင့် ရောင်းနေသည့်အပြင် ကြုံကြိုက်ခဲမို့ သင်္ကန်းတစ်စုံ ကျပ် ၂၀,၀၀၀ ဖြင့် လှူဒါန်းနိုင်ကြောင်းလည်း အတင်းအဓမ္မ အလှူခံသည်ဟု ၎င်းက ရေးသားသည်။​

ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ ဒေသခံအချို့ကို မေးမြန်းကြည့်ရာတွင် အလှူခံသောင်းကျန်းသဖြင့် ခုနောက်ပိုင်း သိပ်မသွားကြတော့ကြောင်း၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက် တိုင်းပြည် ကမောက်ကမဖြစ်နေချိန် မဆီမဆိုင် သီရိလင်္ကာကို ဆန်လှူသည့်အတွက် ပို၍ မကျေမနပ်ဖြစ်နေကြကြောင်း ဆိုကြသည်။

အမျိုးစုံ အလှူခံခြင်းများအပြင် ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်အဝင်ဝ၌ နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၀၀ ဖြင့် ရောင်းသည့်အပြင် အထွက်၌လည်း ထီအတင်းလိုက်ရောင်းသည်ဟု မကြာမီရက်ပိုင်းက ဂျပန်ဘုရားရောက်ဖြစ်ခဲ့သူ မှော်ဘီဒေသခံတစ်ဦးက ပြောသည်။

“ဘုရားမဖူးခင် သုံးခါ အလှူခံတယ်။ ရေဖိုးမီးဖိုးဆိုပြီးလည်း အလှူခံသေးတယ်။ မီးပြတ်ရင် စက်နှိုးရလို့ တစ်လ (သိန်း) ၃၀ လောက် ကုန်တယ်ပြောပြီး အလှူခံနေတာ” ဟု ထိုမှော်ဘီဒေသခံက ဆိုသည်။

ဂျပန်ဘုရားရှိ ငါးထပ်မြေညီထပ် ခန်းမအတွင်း အဟောအပြောဖြင့် ဦးဆောင်အလှူခံနေသည့် ယောဂီဝတ်အမျိုးသားကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဂျပန်ဘုရားတွင် အလှူခံများပြားခြင်း၊ အပန်းဖြေစခန်းတစ်ခုနှယ် ဖန်တီးထားခြင်း၊​ တိရစ္ဆာန်ရုံ လုပ်ထားခြင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အောင်ဇမ္ဗူတောရကျောင်းမှ တာဝန်ခံ ရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရကို ဆက်သွယ်မေးမြန်းရာတွင် သူ့အမြင်ကိုယ့်အမြင် ဝေဖန်ခြင်းများသာ ဖြစ်သည်ဟု မိန့်သည်။

“ဘာမှမဖြစ်ပါဘူး ဒကာကြီး။ တိရစ္ဆာန်ရုံဆိုတာ ဦးဇင်းတို့က သက်သက်ကြီး မွေးထားတာ မဟုတ်ဘူး။ ပြစားတာ မဟုတ်ဘူး။ ဆရာတော်ကို အပြင်က ဒကာဒကာမတွေက လာလှူကြတာပေါ့။ သတ္တဝါတွေကို ကျွေးမွေးထားတာ ခြံလေးတွေ လုပ်ပေးထားတာပဲ ရှိတယ်။ သီးသန့်မွေးထားတာတော့ မဟုတ်ပါဘူး”

ကျောင်းအဝင်၌ ဝင်ကြေးကောက်ခံခြင်း၊ ငှားရမ်းခ တောင်းခံပြီး ဈေးဆိုင်ခန်းများဖွင့်လှစ်ကာ စီးပွားရေးဆန်ဆန် လုပ်ဆောင်ခြင်းများနှင့် ပတ်သက်၍လည်း “အဲလိုမျိုးတော့ မလုပ်ပါဘူး ဒကာကြီး။ ဘယ်နေရာမဆို ကားသွားတယ်ဆိုရင် ဝင်ကြေးတော့ ပေးရမှာပဲလေ။​ ဘယ်နေရာဝင်ဝင် အဲလိုမျိုး ကောက်ကြတာ။ ဒီပိုက်ဆံတွေက ဒီမှာပဲ ပြန်သုံးတာပါ။ ကိုယ်ကျိုးစီးပွားအတွက် သုံးတာ မဟုတ်ပါဘူး” ဟု တုံ့ပြန်သည်။

သို့သော် Lotte ဟိုတယ်မှ ဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စံအိမ်အကြောင်း ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် အောင်ဇမ္ဗူကျောင်းဆရာတော်ကို သံဃာအချင်းချင်းပင် ပြစ်တင်ပြောဆိုလာခြင်းများ ရှိသည်ဟု ဦးဉာဏိဿရက မိန့်သည်။

“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေ သံဃာတွေက ဦးဇင်းတို့ကျောင်းကို ဖုန်းတွေဆက်လာတယ်။​ အရှင်ဘုရား လိုင်းပေါ်မှာ ပျံ့နေတာ။ ကျောင်းကို တိုက်ခိုက်တာတွေ များတယ်လေ။ ဘုန်းကြီးအချင်းချင်းကကို တိုက်ခိုက်ကြတာ”

ထိုသို့ပြစ်တင်ဝေဖန်ခြင်းများ ရှိသော်လည်း အောင်ဇမ္ဗူကျောင်းဆရာတော်က မည်သို့မျှ မှတ်ချက်မပေးကြောင်း၊ အလှူခံများနှင့် ပတ်သက်၍လည်း အတင်းအကျပ် ခိုင်းစေခြင်း မရှိဟု ၎င်းက မိန့်သည်။

ဂျပန်ဘုရားမှ အလှူခံများအကြောင်း လူအောင် (ဝမ်းတွင်း) ၏ ရေးသားချက်တွင် “ယောဂီရောင်တွေ ဝတ်ထားတဲ့ အာပေါင်အာရင်းသန်သန် ကြော်ငြာအားကောင်းကောင်း နိဗ္ဗာန်ဆော် လူရည်သန့် ဥပါသကာ ဥပါသိကာမကြီးများ အပြိုင်အဆိုင် မရအရ ချိုင်နေတာ ထားတော့။ ဆရာတော်ကလည်း မြိန့်မြိန့်ထိုင်ပြီး လာသမျှလူကုန် ငါးပါးသီလပေး၊ သင်္ကန်းကပ်ခံ” ဟု ဆိုသည်။

Show More

Related Articles

Back to top button