မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သံဃနာယကအဖွဲ့အတွင်းရေးမှူး ဆရာတော် ဦးဝါယမ စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် ရရှိသည့် ဒဏ်ရာဒဏ်ချက်များဖြင့် ဇန်နဝါရီ ၁၈ တွင် ပျံလွန်သွားသည်ဟု ဒေသခံများက ပြောသည်။
စစ်သားများက သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ ရှိသည့် ဆရာတော်ကို သီတင်းသုံးနေသည့် ထန်းပင်ကုန်းရွာတွင် ဇန်နဝါရီ ပထမပတ်အတွင်း လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံတို့က ဆိုသည်။ ဖမ်းဆီးသွားသည့်အချိန် အတိအကျကို မသိရသေးပေ။
ယင်းနောက် ခန္ဓာကိုယ်ညိုမည်းစွဲဒဏ်ရာများ၊ လည်ပင်းနှင့်အနီးတစ်ဝိုက် ဓားဒဏ်ရာများဖြင့် ဇန်နဝါရီ ဒုတိယပတ်အတွင်း ထန်းပင်ကုန်းရွာအနီး ပြန်လည်တွေ့ရှိရသည်။ ထိုဒဏ်ရာများကြောင့် ကုသမှု ခံယူနေစဉ် ပျံလွန်သည်ဟု ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။
စစ်တပ်က ဆရာတော် ဦးဝါယမကို နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ဖမ်းဆီးခဲ့သေးသည်။ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဒဏ်ရာဒဏ်ချက်များ ရရှိထားသည့် ဆရာတော်ကို ဇီးဖြူပင်ကုန်းရွာအနီး ချောင်းဘေးတွင် ပြန်လည်တွေ့ရပြီး ဆေးကုပေးခဲ့ရသေးသည်ဟု မတ္တရာဒေသခံ အမျိုးသမီးက ပြောသည်။
“အဲဒီတုန်းက ဆရာတော်ကြီးကို လူဝတ်လဲသိက္ခာချဖို့အတွက် နောက်ဆရာတော်တစ်ပါးကိုလည်း ခေါ်သွားတယ်။ အဲဒီဆရာတော်က သိက္ခာချမပေးရဲပါဘူး။ မလုပ်ပေးပါဘူးပြောတော့ အဲဒီဆရာတော်ကို လမ်းပေါ် ထားပစ်ခဲ့တယ်။ နောက် ၂ ရက်နေတော့ ဆရာတော်ကြီးကိုလည်း ဒဏ်ရာတွေနဲ့ မြောင်းဘေးမှာ လာပစ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ထိုသတင်းရင်းမြစ်က ပြောသည်။
ဆရာတော်၏ လက်ရင်းတပည့်တစ်ဦးသည် မတ္တရာမြို့နယ် တော်လှန်ရေးသမားတစ်ဦး ဖြစ်နေရာ ဆရာတော်ကို ထိုသူနှင့် ဆက်စပ်သည်၊ တော်လှန်ရေးအဖွဲ့များကို ထောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
ဆရာတော်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
မတ္တရာမြို့နယ်တွင်း တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများ
စစ်ကောင်စီတပ်က မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်အနီး ကျေးရွာများကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ကာ အင်အား ၁၀၀ဖြင့် စစ်ကြောင်းထိုးနေသည်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခုကို မီးရှို့သည်၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းတွင်လည်း မတ္တရာမြို့နယ်အနောက်ခြမ်း ဝန်တင်ကုန်း၊ ခြေတော်ရာ၊ ပြည်သာအေး၊ သပြေအိုက် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး မီးရှို့မှုကြောင့် ဝန်တင်ကုန်းရွာနှင့် ခြေတော်ရာရှိ နေအိမ်အချို့ မီးလောင်ခဲ့သည်။
ယင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့ဒင်နှင့် ဆင်ရွာသို့ ကျရောက်ပေါက်ကွဲရာ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မတ္တရာအနောက်ခြမ်း ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများ တိမ်းရှောင်နေကြရပြီး မတ္တရာတွင် စစ်ရှောင်သူ တိုးလာနေသည်ဟု စစ်ရှောင်အရေး ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် တိုက်ပွဲများပြင်းထန်ခဲ့သည့် မတ္တရာမြို့နယ်တွင် ယခု ဇန်နဝါရီတတိယပတ်တွင်းလည်း စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁၁နာရီခန့်တွင် မတ္တရာမြို့ပေါ်ရှိ ထွေအုပ်ရုံးကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့သည်။ ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သားများ သေဆုံးဒဏ်ရာရနိုင်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။