သတင်း

မိုက်ကယ်ကျော်မြင့်နှင့် နောက်တစ်ဦးကို မေလ ၂၃ ရက်မတိုင်မီ လာရောက်ရန် ဝရမ်းထုတ်ထား

ပြီးခဲ့သည့်ရက်ပိုင်းက မွတ်စလင်တို့၏ရမ္မဇန်ဥပုသ်လဝတ်ပြုပွဲများ မပြုလုပ်ရန် တောင်ဒဂုံမြို့ယ်၌ သွားရောက်ပိတ်ပင် နှောင့်ယှက်သောကြောင့်  တရားစွဲခံထားရသူ  မိုက်ကယ်ကျော်မြင့်နှင့် အမျိုးသားတစ်ဦးတို့ကို ယခုလ ၂၃ ရက်မတိုင်မီ မြို့နယ်တရားသို့ လာရောက်ရမည်ဟု ၎င်းတို့အား ထုတ်ထားသော တရားရုံးဖမ်းဝရမ်းများတွင် ဖော်ပြထားသည်။

Myanmar Now က ကြည့်ရှခွင့်ရသော ထိုဝရမ်းစာများတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅() ဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး၊  မေလ၂၃ရက် (လာမည့်ကြာသပတေးနေ့) မတိုင်မီ တောင်ဒဂုံမြို့နယ်တရားရုံးသို့ လာရောက်ရမည်ဟု ဖော်ပြထားသည်။

တောင်ဒဂုံမြို့နယ် တွဲဖက်တရားသူကြီး ဦးမင်းထက်လက်မှတ်ဖြင့် မေလ ၁၆ ရက်နေ့က တောင်ဒဂုံမြို့နယ်ရဲစခန်း သို့ ထုတ်ပြန်သော  ထိုဖမ်းဝရမ်းများတွင်  ကျပ်သိန်း ၁၀၀ တန်  ခံဝန်သူ ၂ ယောက် အာမခံပေးလျှင် ၎င်းအား လွှတ်ထားခွင့်ရှိသည်” ဟု ဖော်ပြထားသည်။ ထိုအာမခံများသည် ရဲအာမခံများသာ ဖြစ်ပြီး ၎င်းတို့နှစ်ဦး တရားရုံးတွင် အချုပ်လွတ်ထုချေခွင့် အာမခံရမည်၊ မရမည်မှာ တရားသူကြီးက ထပ်မံ၍ ဆုံးဖြတ်ဦးမည်ဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦးသည် လတ်တလောတွင် မူလနေထိုင်ရာ အိမ်များတွင် မရှိဘဲ တိမ်းရှောင်လျက်ရှိပြီး၊ မေလ ၁၈ ရက်ညထိ ရဲက ၎င်းတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅() သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်လာအောင် အများပြည်သူကိုဖြစ်စေ၊ သီးခြားလူတစ်စုကိုဖြစ်စေ ကြောက်ခြင်း၊ ထိတ်လန့်ခြင်းကို  ဖြစ်စေရန်အကြံရှိလျှင်  အများဆုံးနှစ်နှစ်အထိ  ထောင်ဒဏ်ချမှတ်နိုင်ပြီး  ငွေဒဏ်လည်း ချနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဖမ်းဝရမ်းများတွင် မိုက်ကယ်ကျော်မြင့်သည် (/၄၈၇) ပီမိုးနင်းလမ်း၊ အမှတ်(၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြို့နယ်တွင် နေထိုင်သည်ဟု ဖော်ပြထားပြီး၊ သီဟမျိုးနိုင်သည် /၂၈၈(က) ၊ ဓနသုခလမ်း အမှတ် ၅၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု ဖော်ပြထားသည်။

မေလ ၁၅ ရက်ည ဖြစ်စဉ်တွင် မိုက်ကယ်ကျော်မြင့်ပါ လူအင်အား ၁၀၀ခန့်သည် တောင်ဒဂုံမြို့နယ်ရှိ ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ လူနေအိမ်သုံးလုံးရှိ အစ္စလာမ်ဝတ်ပြု ဆုတောင်းရာ နေအိမ်များအား ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး  ဒေသခံအစ္စလာမ်ဘာသာရေးလူကြီးများအား  နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင်  ခံဝန်ရေးထိုးစေခဲ့သည်။

၁၉၉၀ အစောပိုင်းကာလများတွင် မြို့သစ်ဖြစ်လာသော တောင်ဒဂုံတွင် မွတ်စလင်များ သောင်းချီနေထိုင်နေကြသော်လည်း ဗလီဆောက်လုပ်ခွင့်မရသဖြင့် နှစ်စဉ်  နေအိမ်များကို  အသုံးပြုပြီး ရမ္မဇာန်ဥပုသ်လအတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် စုပေါင်းဝတ်ပြုကြသည်။

ယခုနှစ်တွင်လည်း ဒေသခံအာဏာပိုင်များက နေအိမ်သုံးလုံးတွင် ဝတ်ပြုခွင့် ပြုခဲ့သော်လည်း ထိုအိမ်များသည် ဗလီကဲ့သို့သော အမှတ်သင်္ကေတများ ရှိသည်ဆိုကာ မျိုးချစ်အမည်ခံ လူတစ်စုက အင်အားသုံး ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တောင်ဒဂုံဖြစ်စဉ်တွင် ဦးဆောင်သူဟု ယူဆရသူ မိုက်ကယ်ကျော်မြင့်က “ကျုပ်တို့တင်မြှောက်ထားတဲ့ မင်းက အသုံးမကျတာကြောင့် ကျုပ်တို့လည်း အသုံးမကျတဲ့ကောင်တွေ ဖြစ်သွားပြီ။ ကျုပ်တို့ဘာသာအတွက်၊ ကျုပ်တို့သာသနာအတွက် အဲဒီမင်းမနိုင်တဲ့ တောင်ဒဂုံဗလီကို ဒီည ကျုပ်တို့ပြည်သူတွေ အပြီးဖြိုမယ်” ဟု အခင်းဖြစ်သည့်ညက အော်ဟစ်ပြီး လူအုပ်က ရဲတပ်ဖွဲ့ဝင်များရှေ့မှာပင် လက်ခုပ်တီးကြသည်။

ထိုလူအုပ်စုတွင် တုတ်၊ ဓား ကိုင်ဆောင်သူများ ပါဝင်သော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးအရေးယူခြင်းမရှိဘဲ  သတင်းလာယူသည့် သတင်းထောက်တစ်ဦးကိုသာ  ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လူထုတင်မြှောက်သော အရပ်သားအစိုးရမှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  အာဏာနှင့်လုပ်ပိုင်ခွင့် အကန့်အသတ်များရှိပြီး၊  ဆူပူမှုဖြစ်စဉ်များတွင်  အမျိုးသားရေးအမည်ခံ  လှုပ်ရှားသူများအား ဥပဒေကြောင်းအရ ဖိဖိစီးစီး အရေးယူမှု မရှိသည်မှာ  ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်လာခြင်း  မရှိသေးသောအချက်နှင့်  သက်ဆိုင်သည်ဟု  ပြည်သူများကြားတွင် ယူဆမှုများရှိနေသည်။

Show More

Related Articles

Back to top button