သတင်း

ရန်ကုန်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ဗလီအတွင်း တွေ့ရှိ  

ရန်ကုန်၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်ရှိ ဗိစ္စမိလ္လာဟ်ဗလီတွင် ဝတ်ပြုရန် ဖိတ်ခေါ်ရေးတာဝန်ယူထားသူ လူငယ်တစ်ဦး ကြိုးဆွဲချသတ်သေထားသည့် ပုံစံဖြင့် ယနေ့ (ဧပြီ ၁၂) တွင် တွေ့ရသည်။  

မနက်ဝတ်ပြုရန် ဖိတ်ခေါ်ရမည့် ဝတ္တရားပျက်ကွက်သည့် သူ့ကို လိုက်ရှာရာတွင် ဗလီအတွင်း၌ တွေ့ရကြောင်း မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောသည်။

အက္ကဘရ် ခေါ် ကိုကျော်ဘိုဘိုသည် အမျိုးသမီးအဝတ်အစားများ ဝတ်ဆင်ကာ မိတ်ကပ်လိမ်းထားကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

ခြေထောက်၊ လက်၊ ခန္ဓာကိုယ်တို့ကို ကြိုးချည်ထားပြီး ခြေထောက်မှာ ကြမ်းပြင်ပေါ် ထိနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

ကိုကျော်ဘိုဘိုသည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှဖြစ်ပြီး ရန်ကုန်၊ တာမွေမြို့နယ်၊ ၁၄၄ လမ်းရှိ ဗိစ္စမိလ္လာဟ်ဗလီတွင် မော်ဇင် (ဝတ်ပြုရန် ဖိတ်ခေါ်သူ) အဖြစ် လုပ်ကိုင်သည်မှာ တစ်နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ ဗလီတွင် နေထိုင်ကြောင်း လာရောက်ဝတ်ပြုလေ့ရှိသူတစ်ဦးက ပြောသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ဘာသာရေးဆရာနှင့် ဝတ်ပြုသူအချို့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းမဟုတ်ဘဲ အသတ်ခံရခြင်းဟုသာ ယူဆနေကြသည်။

ယခုကဲ့သို့ စစ်အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်နေသည့်အချိန်တွင် အခြေအနေများကို ရှုပ်ထွေးအောင် ဖန်တီးချင်သူတို့၏ လက်ချက်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးဆရာတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

“အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတစ်ခုထဲမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာဝန်ထမ်းတစ်ယောက်ကို သတ်တယ်ဆိုတာက ကြီးမားတဲ့ရည်ရွယ်ချက်ရှိမယ်လို့ ယူဆပါတယ်။ ဗလီထဲမှာ သတ်တဲ့ကိစ္စက လက်မခံနိုင်စရာပဲ။ ရှုပ်ထွေးအောင် လုပ်တဲ့ပုံစံဖြစ်နေပြီ။ ဘာသာရေးခေါင်းဆောင်တော်တော်များများက တုန်လှုပ်နေကြတယ်။ ဒီကိစ္စကို ဖြေဖို့” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တို့ကို အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးမှုများရှိနေသဖြင့် သတင်းဌာနများသို့ ဖြေဆိုရန် ခက်ခဲနေကြောင်း Myanmar Now ကို အတည်ပြုသည့် အစ္စလာမ်ဘာသာရေးအသိုင်းအဝိုင်းမှ ဘာသာရေးဆရာတစ်ဦးက ပြောသည်။

အဆိုပါ ဗလီမှ အုပ်ချုပ်သူ ဂေါပကအဖွဲ့နှင့် နယ်မြေရဲစခန်းတို့ကို အမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။ 

Show More

Related Articles

Back to top button