ယမန်နေ့ (မတ် ၂၈) နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့မှ ဗလီ ၅၀ ထက်မနည်း ပြိုကျက်ပျက်စီးခဲ့ပြီး၊ ထိုအဖြစ်အပျက်များကြောင့် အနည်းဆုံး ၂၅၀ ကျော်သေဆုံးနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ခန့်မှန်းလိုက်သည်။
သေဆုံးသူအရေအတွက်သည် မန္တလေးနှင့် စစ်ကိုင်းတို့မှလာသည့် သတင်းများကို အခြေခံပြောဆိုခြင်းဖြစ်ပြီး အရေအတွက်ထပ်မံတိုးလာနိုင်သည်ဟုလည်း ၎င်းကခန့်မှန်းသည်။
“အခုချိန်အထိ အဆောက်အဦးပျက်တွေကို မဖယ်ရှားနိုင်သေးဘူး။ ယန္တယားတွေကလည်း မလောက်လို့လေ။ အိမ်တွေ၊ ဗလီတွေမှာရော မြုပ်ထားတာ ဘယ်လောက်ရှိပါပြီဆိုပြီးတော့ပဲ ရေတွက်နိုင်သေးတယ်။ အဆောက်အဦးတွေပြိုနေတဲ့နေရာတွေက ဆွဲထုတ်လို့မရသေးဘူး”ဟု အဖွဲ့ဝင်တစ်ဦးက ဖုန်းမှတဆင့် ဖြေကြားသည်။
ငလျင်လှုပ်ချိန်နှင့် ဝတ်ပြုနေချိန် တိုက်ဆိုင်သွားသဖြင့် သေဆုံးသူများပြားခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုအတွင်း လူသေဆုံးမှုများပြားခဲ့သည့် ဗလီများမှာ မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးမြို့ အနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီ၊ ပဲခူးတိုင်း တောင်ငူမြို့ ကန်တော်ဗလီတို့များဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။
ရစ်ချ်စတာ စကေး ၇.၇ အဆင့်ရှိသည့် ငလျင်သည် မန္တလေးမြို့အနီးတဝိုက်ကို ယမန်နေ့ ၁၂ ကျော်က ဗဟိုပြုလုပ်ခတ်ခဲ့ရာ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေအိမ်အများအပြား ထိခိုက်ပျက်စီးကာ လူထောင်နှင့်ချီသေဆုံးခဲ့ရသည်။
အခြားသတင်းအရင်းမြစ်တစ်ဦးကလည်း မန္တလေးမြို့ပေါ်တွင် ပြိုကျသည့် ဗလီများအတွင်း ပိတ်မိနေသူ ရာနှင့်ချီရှိကြောင်း ပြောသော်လည်း အသေးစိတ်အခြေနေကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ယမန်နေ့က ဝတ်ပြုနေစဉ် ကြုံတွေ့လိုက်ရသည့် ငလျင်ကြောင့် ပြိုကျခဲ့သည့် ဗလီများမှာ ရှေ့ဟောင်းအဆောက်အဦးများဖြစ်ကြောင်း၊ ထိုအဆောက်အဦးများကို ၁၉၆၂ ခုနှစ်ကမှစ၍ စစ်အာဏာရှင်အဆက်ဆက်က ပြုပြင်ထိန်းသိမ်းခွင့်မပြုသောကြောင့် ဗလီပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ရာနှင့်ချီသေ ဆုံးရခြင်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင် တရားလွတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
စစ်ကောင်စီစာရင်းများအရ ငလျင်ဒဏ်ကြောင့် ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ၁၀၀၂ ဦးရှိလာသည်။



