ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အီဒ်ဂါဗလီတွင် ယနေ့(ဇွန် ၂၁) နံနက် ၂ နာရီခန့်က စတင်ဖြစ်ပွားသည့် မီးလောင်မှုကို မီးသတ်ဌာနက ပေါ့ဆမီးအဖြစ် သတ်မှတ်ပြီးနောက် ဗလီ တာဝန်ရှိသူများထဲမှ နှစ်ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်သည်။
မီးလောင်ပြီး နာရီဝက်ခန့်အကြာတွင် မီးသတ်တပ်ဖွဲ့ရောက်ရှိလာပြီး များမကြာမီ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ပေ ၃၀ ပတ်လည်ရှိသည့် ဗလီမှာ နံရံနှင့် အမိုးသာ ကျန်တော့သည်ဟု ဂေါပကတစ်ဦးဖြစ်သူ ဦးမောင်မောင်လွင်က Myanmar Now ကို ပြောသည်။
မီးသတ်ဌာနက ဝါယာရှော့ခ်ဟု သတ်မှတ်ကာ ဗလီညစောင့် ကိုကျော်ဦးနှင့် ကိုဇော်လင်းဦးဆိုသူနှစ်ဦးကို အလုံရဲစခန်းက မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားကာ လက်ရှိတွင် အာမခံပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။
“မီးလောင်တာနဲ့ပတ်သက်ပြီး ဗလီမှာလည်း ရှိမနေတော့ ဘာမှမှတ်ချက်ပေးလို့မရဘူး”ဟု ဦးမောင်မောင်လွင်က ပြောသည်။
အချို့ကမူ စစ်ကောင်စီက ညမထွက်ရအမိန့်(ည၁၀နာရီမှ နံနက်၄နာရီ) ကြေညာထားသည့်အချိန်တွင် ပေါ်ပေါက်သည့် မီးလောင်မှုဖြစ်၍ သွေးရိုးသားရိုးမဖြစ်နိုင်ဟု သုံးသပ်ကြသည်။
“အချိန်ကိုလဲကြည့်လေ၊ အချိန်က ၂ နာရီ။ ဒါက မာရှယ်လောအချိန်ကြီး။ ရှေ့မှာလည်း စျေးတွေမီးလောင်တာတွေဖြစ်ပြီးပြီ။ လောင်တာကလည်း မာရှယ်လောအချိန်မှာလဲ လောင်ကြတာလေ။ အဲဒါတွေက စဉ်းစားစရာတွေပဲ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
ညမထွက်ရကြေညာထားချိန် မီးလောင်မှုများအနက် အထင်ရှားဆုံးမှာ မြန်မာ့စီးပွားရေးဦးပိုင်က ပိုင်ဆိုင်သော ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Ruby Mart ဈေးဝယ်ကုန်တိုက်နှင့် မရမ်းကုန်းမြို့နယ် ဂန္ဓမာဈေးဝယ်ကုန်တိုက်ဖြစ်စဉ်များဖြစ်သည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်မှုဖြင့် CNN သတင်းထောက် မြန်မာပြည်ရောက်နေချိန် ဧပြီ ၁ရက် နံနက် ၂ နာရီခန့် မည်သူမျှ အပြင်ထွက်ခွင့်မရှိချိန်တွင် စစ်တပ်ပိုင်ဖြစ်၍ အာဏာသိမ်းပြီးနောက် လုံခြုံရေးအထူးတင်းကျပ်သည့် အဆိုပါ ကုန်တိုက်ကြီးနှစ်ခု မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကယားပြည်နယ်တွင် ဘာသာရေးအဆောက်အအုံများကို စစ်တပ်က လက်နက်ကြီးနှင့်ပင် ပစ်ခဲ့သည့် ဖြစ်စဉ်မှာလည်း ထင်ထင်ရှားရှားရှိနေသည်ကိုလည်း ဦးထွန်းကြည်က ထောက်ပြသည်။
ဘုန်းတော်ကြီးများနှင့် ဒေသခံများ၏ ပြောပြချက်အရ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနှင့် ဖယ်ခုံမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၈ ခုအထိကို စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဝင်ရောက်နေရာယူ တပ်စွဲထားသည်ကို Myanmar Now ကလည်း ဇွန်လအတွင်းက အတည်ပြုထားနိုင်ခဲ့ပြီးဖြစ်သည်။
အီဒ်ဂါဗလီဖြစ်စဉ်မတိုင်မီ ရန်ကုန်၌ပင်ရှိသည့် ဒလမြို့နယ် ကမာသွယ်ရပ်ကွက် ဟာဖိဇ်အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ဇွန် ၉ ရက် ည ၁၁နာရီခွဲခန့် မီးလောင်ခဲ့စဉ်ကလည်း မီးသတ်တပ်ဖွဲ့က ဝါယာရှော့ခ်အဖြစ် သတ်မှတ်ခဲ့ဖူးသည်။