သတင်း

မြန်မာနိုင်ငံကို လက်နက်မရောင်းရန် ကန့်သတ်ထားမှု ဥရောပသမဂ္ဂ သက်တမ်းထပ်တိုး

ဘရပ်ဆဲလ်၊ ဧပြီ ၃၀

မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ မရောင်းချရန် ကန့်သတ်ပိတ်ပင်မှုအပါအဝင် အခြားသောဒဏ်ခတ်အရေးယူမှုများကို ဆက်လက်သက်တမ်းတိုးလိုက်ကြောင်း ဥရောပသမဂ္ဂက ယနေ့ထုတ်ပြန်လိုက်သည်။

အင်အားသုံးနှိမ်နင်းဖြိုခွင်းမှုများတွင် အသုံးပြုနိုင်သည့် စစ်လက်နက်များနှင့် အခြားလက်နက်ပစ္စည်းများ ရောင်းချမှုများအား ကန့်သတ်ပိတ်ပင်မှုကို လာမည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ အကျုံးဝင်နေမည်ဖြစ်သည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

ဥရောပသမဂ္ဂ(အီးယူ)သည် ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုကို ကန့်သတ်ပိတ်ပင်ခဲ့သလို အဆင့်မြင့် ထိပ်ပိုင်းအရာရှိကြီးများကိုလည်း ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။

စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် နယ်ခြားဒေသစောင့်တပ်ဖွဲ့ဝင်များပါ အသုံးပြုနိုင်သည့် လက်နက်များနှင့် ဆက်သွယ်ရေးကိရိယာများ ရောင်းချမှုလည်း အကျုံးဝင်သည်ဟု အီးယူက ဆက်လက်ဖော်ပြသည်။

အီးယူသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဒဏ်ခတ်အရေးယူမှုများပြုလုပ်ထားရာ ၎င်းတို့ထဲတွင် စစ်ဘက်နှင့် နယ်ခြားဒေသဆိုင်ရာ ထိပ်ပိုင်းအရာရှိ ၁၄ ဦးပါဝင်သည်။ ၎င်းတို့ကို ဥရောပသမဂ္ဂထဲသို့ ခရီးသွားလာခွင့် ဗီဇာပိတ်ပင်မှုအပါအဝင် ဥရောပဒေသထဲ၌ ၎င်းတို့ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းလွှဲယူခြင်းများအား ရပ်ဆိုင်းထားမှု အစရှိသည့်ပုံစံဖြင့် ဒဏ်ခတ်အရေးယူထားခြင်း ဖြစ်သည်။

ထို့နောက် အီးယူက မြန်မာအစိုးရအနေနှင့် ပဋိပက္ခဖြစ်သော နေရာဒေသများအားလုံးတွင် အဓိပ္ပာယ်ပြည့်ဝသော လုပ်ကိုင်ဆောင်ရွက်မှုများကို နှောင့်နှေးခြင်းမရှိဘဲ အကောင်အထည်ဖော်လုပ်ဆောင်သွားရန် ထပ်မံတိုက်တွန်းလိုက်ပါကြောင်း ဖော်ပြထားသည်။

အီးယူသည် မြန်မာ့တပ်မတော်ကို လေ့ကျင့်သင့်ကြားပေးမှုများ သို့မဟုတ် ထောက်ပံ့မှုများ ပြုလုပ်မည်မဟုတ်ဟု သဘောထားထုတ်ပြန်ထားသည်။

Related Articles

Back to top button