သတင်း

Reuters သတင်းထောက်နှစ်ဦး အထူးအယူခံဝင်ရန် မသေချာ

၂၀၁၉ ခုနှစ်၏ ပူလစ်ဇာဆုရှင်နှစ်ဦးဖြစ်သည့် Reuters သတင်းထောက် နှစ်ဦး၏ အမှုပြင်ဆင်ချက်ကို နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ပယ်ချလိုက်သည်။

အထူးအယူခံကို ဆက်လက်တင်သွင်းနိုင်သော်လည်း သတင်းထောက်နှစ်ဦးက ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ၎င်းတို့၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နောက်ဆုံးတွေ့ခဲ့တုန်းကတော့ ကိုဝလုံးတို့ ပေးထားတဲ့ Instruction (ညွှန်ကြားချက်) ကတော့ တရားလွှတ်တော်ချုပ်ကို တစ်ကြိမ်ပဲ သူတို့ကြိုးစားမယ်။ တရားလွှတ်တော်ချုပ်က သူတို့အတွက် စစ်မှန်တဲ့ သက်သာခွင့်ပေးနိုင်သလား၊ မပေးနိုင်ဘူးလား ဆိုတာကို တစ်ကြိမ်ပဲ စမ်းသပ်မယ်။ အဲဒါမှ မဖြစ်ရင် တရားလွှတ်တော်ချုပ်ကို ဆက်ပြီးတော့ အာမခံမတက်တော့ဘူးဆိုတဲ့ သူတို့ရဲ့ Instruction တစ်ခု ရှိပါတယ်ဟု ၎င်းက ပြောသည်။

သတင်းထောက် ကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းက ယမန်နေ့က ထောင်ဝင်စာ တွေ့ခဲ့ကြောင်း၊ အထူးအယူခံဝင်ရေးအတွက် ထပ်မံ တိုင်ပင်ရဦးမည်ဖြစ်သော်လည်း အယူခံဝင်ရေးမသေချာကြောင်း ပြောသည်။

အမှုရှုံးသော်လည်း အနိုင်ရခဲ့

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသော  သတင်းထောက်နှစ်ဦးနှင့် လုပ်ဖော်ကိုင်ဖက်သတင်းထောက်များသည် ၎င်းတို့ စုံစမ်းဖော်ထုတ်ရေးသားထားသည့် သတင်းဆောင်းပါး ၁၀ ပုဒ်အတွက် ယခုနှစ်အတွက် ပူလစ်ဇာဆု ရရှိခဲ့ကြသည်။

နိုင်ငံတကာစာနယ်ဇင်းလောကတွင် ပူလစ်ဇာဆုသည် အမြင့်ဆုံးသော ဂုဏ်ပြုဆု ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်နှစ်ဦးသည် တရားရုံးများတွင် ရှုံးနိမ့်ခဲ့သော်လည်း ဂုဏ်သိက္ခာကျခြင်း မရှိဟု ပြောသည်။

 “ဒီအမှုက မဟာဗျူဟာမြောက်တရားရင်ဆိုင်ခြင်းပဲ။ ဒီ မဟာဗျူဟာမြောက်တရားရင်ဆိုင်ခြင်းမှာ ဆိုရိုးတစ်ခုရှိပါတယ်၊ အမှုက ရှုံးရင်ရှုံးမယ်၊ သူရဲ့ အကျိုးစီးပွားအကြောင်းအရေးတော်ပုံက နိုင်တယ်၊ အဲဒါဆိုရင် လုပ်ရကျိုးနပ်တယ်ပေါ့ဗျာ။ ပူလစ်ဇာဆုကို ရလိုက်တဲ့အတွက်ကြောင့် the case is lost but the cause is won ပေါ့ဗျာ။ တစ်ကမ္ဘာလုံးနဲ့ ချီပြီးတော့ ကိုဝလုံးတို့က အနိုင်ရလိုက်တာဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပုံရိပ်ထိခိုက်ခဲ့သည့် ယခုစီရင်ချက်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောသည်။

ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်ထိခိုက်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့်အခွင့်အရေး၊ လွတ်လပ်စွာတင်ပြခွင့်၊ ပြောဆိုခွင့် အဲဒါတွေ အကုန်လုံးကို အကန့်အသတ်တွေ အများကြီးဖြစ်သွားစေတဲ့ စီရင်ချက်တစ်ခုဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်ဟု ၎င်းက ပြောသည်။

ဝလုံး၊ ကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် အရပ်သား ၁၀ ဦး အသတ်ခံရသည့် သတင်းများ အတည်ပြုနိုင်ရန်အတွက် အဆိုပါနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံ အင်တာဗျူးနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သတင်းထောက်များကို ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။

လက်ကိုင်ဖုန်းများအတွင်း တွေ့ရသည်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းအများစုဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာရွက်များသည် လုံခြုံရေးအဆင့်သတ်မှတ်ထားသည့် စာရွက်များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်နှင့် အကျုံးဝင်ကြောင်း၊ ထို့အပြင် ကိုဝလုံး၏ မှတ်စုစာရွက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ဖုန်းနံပါတ်များကို တွေ့ကြောင်း တရားစွဲအဖွဲ့အစည်းက ထွက်ဆိုခဲ့သည်။

ဖမ်းဆီးခြင်း

တရားလိုပြသက်သေအများစု၏ ထွက်ဆိုချက်များသည်လည်း သတင်းထောက်နှစ်ယောက်၊ သက်သေ ဒုရဲမှူးဟောင်းတစ်ဦး၏ ထွက်ဆိုချက်တို့နှင့် များစွာ ကွဲလွဲနေခဲ့သည်။

တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က သတင်းထောက်များကို ရဲတပ်ဖွဲ့က ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။ 

ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အခွင့်မရှိဘဲ သတင်းထောက်များကို လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံရပြီး ၎င်း၏ မိသားစုသည် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ ချက်ချင်း ဖယ်ရှားခံခဲ့ရသည်။

တရားခွင်တွင် လေ့လာခဲ့ကြသည့် နိုင်ငံတကာသံတမန်များက သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Show More

Related Articles

Back to top button