သတင်း

လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု ရက်ပိုင်းအတွင်း ဖယ်ပေးရန် ကန့်ကွက်သူတို့ တောင်းဆို

ကယားပြည်နယ်၊ လွိုင်ကော် မြို့လယ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို လာမည့်တနင်္ဂနွေနေ့ (မတ်လ ၁၇) နောက်ဆုံးထားပြီး နေရာရွှေ့ပြောင်းပေးရန် ကြေးရုပ်ကန့်ကွက်သူများက ပြည်နယ်အစိုးရကို တောင်းဆိုလိုက်ပြီး ပျက်ကွက်ပါက ပိုမိုပြင်းထန်သည့် လူထုလှုပ်ရှားမှုတစ်ခုနှင့် ရင်ဆိုင်ရမည်ဟု ယနေ့ သတိပေးလိုက်သည်။

ကြေးရုပ်ကိုထောက်ခံသူနှင့် ကန့်ကွက်သူများအကြား ဆွေးနွေးရန် သဘောတူထားသည့် တစ်လကြာ အချိန်ကာလ ပြည့်သွားသည့်နေ့တွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ သတ်မှတ်ကာလအတွင်း နှစ်ဖက်ကြားဆွေးနွေးမှုသည် သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပါ။

ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည့် ကြေးရုပ်ပြဿနာကို မဖြေရှင်းပါက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ ဆန္ဒပြပွဲကဲ့သို့ လူထုအုံကြွမှုနှင့် ရင်ဆိုင်ရမည်ဟုလည်း ကန့်ကွက်သူများက ဆိုသည်။

ပြီးခဲ့သည့်လက လွိုင်ကော်မြို့တွင် လူထောင်နှင့်ချီ ပါဝင်သည့် ကြေးရုပ်ကန့်ကွက်ပွဲ  ပြုလုပ်ခဲ့ပြီး ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းသည်အထိ နှစ်ဖက်အကြားတင်းမာခဲ့သည်။

ကြေးရုပ် ဦးဆောင်ကန့်ကွက်သူ ကိုဒီးဒီက ၎င်းတို့သည် ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အစိုးရအရာရှိများထံ ကြေးရုပ်အရေး စာပို့တိုင်ကြားထားသော်လည်း ဘာမျှအကြောင်းပြန်မလာဟု ပြောသည်။ 

အစိုးရဘက်က ညှိနှိုင်းရန် ပျက်ကွက်ပါက ၁၀ တန်းစာမေးပွဲနှင့် ဒေသတွင်းလူမျိုးစုများ၏ ဘာသာရေးပွဲတော်များပြီးချိန် လာမည့်ရက်ပိုင်းအတွင်း ဖေဖော်ဝါရီလ ကန့်ကွက်ဆန္ဒပြပွဲကဲ့သို့ ပြင်းထန်သည့် လူထုလှုပ်ရှားမှုဖြင့် တုံ့ပြန်ရမည်ဟု ၎င်းကဆိုသည်။

ကန့်ကွက်သူများက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ အဓိကတာဝန်ရှိကြောင်း စွပ်စွဲခဲ့ကြပြီး ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

 “ပြဿနာ အကြီးကြီးတွေ မဖြစ်ခင် လေးလေးနက်နက် မဖြေရှင်းဘူးဆိုရင် အကျိုးဆက်တွေမကောင်းနိုင်ဘူး” ဟု ပြည်နယ်အစိုးရထံ ယနေ့တွင် နောက်ဆုံးသတိပေးစာ ပို့ခဲ့သည့် ကရင်နီပြည်လူငယ်များအင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်က ပြောသည်။

သို့သော် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကြေးရုပ်စိုက်ထူရေးအတွက် အစိုးရအဖွဲ့က ဦးဆောင်ခြင်း မဟုတ်သလို စိုက်ထူရေးအဖွဲ့တွင်လည်း အစိုးရအရာရှိများ မပါဝင်ဟု RFA သတင်းဌာနကို ဖေဖော်ဝါရီလ အတွင်းက ပြောကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးအစီအစဉ်ကို ကယားပြည်နယ်အစိုးရက ၂၀၁၈ ဖေဖော်ဝါရီလအတွင်းက စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် အရပ်ဘက်အဖွဲ့များထံ လွှဲပြောင်းပေးခဲ့သည်။

အစိုးရထံမှ လက်လွှဲယူခဲ့သည့် ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းအောင်က ၎င်းတို့သည် ကြေးရုပ်စိုက်ထူပြီးနောက် အစိုးရထံ အပ်လိုက်ပြီ ဖြစ်သောကြောင့် ကန့်ကွက်သူများ ကြေးရုပ်အနာဂတ်ကို ဆွေးနွေးလိုပါက အစိုးရနှင့်သာ ဆွေးနွေးသင့်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာပါက တပ်မတော်ကို ကိုင်တွယ်ရန် တာဝန်ပေးရမည် ဟုလည်း ကယားဝန်ကြီးချုပ်က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ပြောကြားသဖြင့် ပွဲဆူခဲ့ရသည်။ အဆိုပါပြောကြားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှုလွဲမှားပြီး ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး အခြေခံဥပဒေနှင့်မညီဟု တပ်မတော်ဘက်က တုံ့ပြန်ခဲ့သည်။

ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာလျှင် ဝန်ကြီးချုပ်ပြောကြားခဲ့သကဲ့သို့  တပ်မတော်ကို ထိန်းသိမ်းရန် တာဝန်ပေးမည်ဆိုပါက ဒေသတွင်းအခြေစိုက်သည့် လူမျိုးစုလက်နက်ကိုင်များနှင့် တင်းမာမှု မြင့်တက်လာနိုင်ကြောင်း ကြေးရုပ်ကန့်ကွက်ရေး ဦးဆောင်သူ ဒီးဒီက ပြောသည်။

“တကယ်တော့ ဒီကိစ္စက (တပ်မပြောနဲ့) ရဲတောင် မလိုဘူး။ အစိုးရက အေးအေးဆေးဆေးနဲ့ ဖြေရှင်းလိုက်ရင် ရဲတောင်မလိုဘူး” ဟု ၎င်းက ပြောသည်။

ကြေးရုပ် စိုက်ထူရန် ထောက်ခံသူများက ဗိုလ်ချုပ်သည် ပြည်ထောင်စု၏ အမှတ်သင်္ကေတဖြစ်သောကြောင့် စိုက်ထူသင့်ကြောင်း သဘောထားရှိကြသည်။

ရုပ်တုထားရှိရေးကန့်ကွက်သူများက ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ထိုစဉ်က ကရင်နီပြည်) သို့ တစ်ကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေး ရယူရန် လာရောက် စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း ထောက်ပြကြသည်။

ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးစဉ်က ပြောကြားခဲ့သော တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လက်တွေ့ကျသော အာမခံချက်များကို နောက်ပိုင်းခေါင်းဆောင်များက မလိုက်နာခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းသည် တိုင်းရင်းသားများအကြား ပိုမိုရှုပ်ထွေးသည့်အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း ကန့်ကွက်သူများက အစိုးရကို ပြီးခဲ့သည့်နှစ်က အိပ်ဖွင့်ပေးစာတစ်စောင်ပို့ကာ ထောက်ပြခဲ့သည်။

ဗမာဘုရင်ကိုယ်စားလှယ်နှင့် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့သော ၁၈၇၅ ခုနှစ် မှတ်တမ်း အရ အဆိုပါဒေသသည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိကြောင်း ပေါ်လွင်သည်ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ကိုးကားဖော်ပြခဲ့ကြသည်။

ကရင်နီပြည် ဟု ခေါ်ဝေါ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ယခုရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကြား ဒေသကို လွတ်လပ်ရေး ရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘ကရင်နီပြည်နယ်’ ဟု သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ထည့်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်ဖြင့် သီးခြားပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

Show More

Related Articles

Back to top button