သတင်း

ထိပ်သီးဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများကို ဥရောပသမဂ္ဂ ထပ်မံအရေးယူ

စစ်လက်နက်ပစ္စည်း ဝယ်ယူရေးနှင့် ထုတ်လုပ်ရေးပိုင်းတွင် တာဝန်ရှိသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များ၊ ဌာနများ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်လိုက်သည်။

အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် အကြမ်းဖက်မှုမြင့်တက်လာခြင်း၊ ပြင်းထန်သော လူ့ခွင့်အရေးချိုးဖောက်မှုများ ဆက်ဖြစ်နေခြင်းတို့ကြောင့် ခြောက်ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုအဖြစ် လူပုဂ္ဂိုလ် ၉ ဦးနှင့် လုပ်ငန်းဌာန ၇ ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အီးယူက ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်ကြေညာသည်။

အီးယူ၏ ဒဏ်ခတ်အရေးယူမှုအသစ်တွင် ပါဝင်လာသည့် စစ်ဗိုလ်ချုပ်များမှာ လေ့ကျင့်ရေးအရာရှိချုပ်နှင့် ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထဲရေးဒုဝန်ကြီးသစ် ဗိုလ်မှူးချုပ်ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို ကြိုးပေးကွပ်မျက်ရာတွင် ပါဝင်ခဲ့သည့် ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင်တို့ဖြစ်သည်။

ထို့ပြင် စစ်တပ်၏လက်နက်ပွဲစားများဖြစ်သော MCM ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊​ Aviation Support နှင့် Suntac ကုမ္ပဏီအုပ်စုပိုင်ရှင် စစ်တိုင်းအောင်၊ Sky Aviator ပိုင်ရှင် ကျော်မင်းဦးနှင့် ၎င်းတို့ပိုင်ကုမ္ပဏီများကို အီးယူက ပိတ်ဆို့အရေးယူလိုက်သည်။

အာဏာသိမ်း စစ်တပ်လက်အောက်ရှိ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနှင့် စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည်လည်း အီးယူ၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခံရသည်။

ပိတ်ဆို့အရေးယူခံရသူများတွင် ပါဝင်လာသည့် ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီးပွားရေးဝန်ကြီးဖြစ်ကာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို ကြိုးပေးကွပ်မျက်ရာ၌ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း၊ ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားပါသည်။ ထို့အပြင် စာရင်းသွင်းခံထားရသူများ ရန်ပုံငွေ ရရှိစေခြင်းကို တားမြစ်ထားသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း၊ ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အီးယူ၏ပိတ်ဆို့ အရေးယူခံရသူများစာရင်းတွင် စစ်ကောင်စီအဖွဲ့ ဗိုလ်ချုပ်များ အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၉၃ ဦးနှင့် အဖွဲ့အစည်းပေါင်း ၁၈ ခုအထိ ရှိလာပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ဖြစ်သော ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ တာဝန်ရှိသူ ၂၀ ခန့်ကို အီးယူနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်သည်။​

အီးယူ၏ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ အာဏာသိမ်းစစ်ကောင်စီ၏ ဖေဖော်ဝါရီ ၅ ထုတ်ပြန်ချက်တစ်စောင်တွင်မူ နိုင်ငံတကာက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် စစ်ကောင်စီကိုသာ အပြစ်တင်နေသည်၊ အမှန်တကယ်တွင်မူ လက်နက်ကိုင်ခုခံသူတို့ကသာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က အီးယူ ပိတ်ဆို့မှုကြေညာရာတွင် မြန်မာကိုသာမက အီရန်လည်း ပါဝင်နေသည်။

အီရန်နိုင်ငံတွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်းနေရာ ထိုဖြစ်ရပ်များနှင့် ပတ်သက်နေသော အီရန်အရာရှိ ၃၂ ဦး၊ လုံခြုံရေးဆိုင်ရာ အဖွဲ့ ၂ ဖွဲ့တို့လည်း ယခုအရေးယူပိတ်ဆို့သည့် ထပ်တိုးစာရင်းတွင် ထည့်သွင်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button