စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲ ရခိုင်လူထု အယုံအကြည်မရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမျိုးသမီး မဲပေးနေသည်ကို ၂၀၂၀ နိုဝင်ဘာ ၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- EPA) 

ပြည်လုံးကျွတ် သောင်ပြိုကမ်းပြို အောင်ပွဲရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် သုံးကြိမ်ဆက် ရှုံးနိမ့်ခဲ့သောနေရာသည် ရခိုင်ပြည်နယ်ပင် ဖြစ်သည်။

လွန်ခဲ့သည့် အထွေထွေရွေးကောက်ပွဲများဖြစ်သော ၂၀၁၀၊၂၀၁၅၊ ၂၀၂၀ တို့တွင် ရခိုင်ပါတီများ အောင်ပွဲခံခဲ့ပြီး အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (Arakan National Party) က နှစ်ကြိမ်ဆက် အပြတ်အသတ် အနိုင်ရရှိကာ ပြည်နယ်လွှတ်တော်ကို ဦးဆောင်၍ ဒေသတွင်းအစိုးရဖွဲ့နိုင်ရေးကိုပါ ဖိအားပေးနိုင်ခဲ့သည်။ 

ထိုသို့ လူထု၏ ထောက်ခံမှုအားကောင်းသော၊ ရခိုင်ပါတီများ၏ ဘူမိနက်သန်နေရာဖြစ်သော ရခိုင်ဒေသတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်လာချိန် ရခိုင်ပါတီများကို လူထောက်ခံမှု ကျဆင်းသွားကြောင်း တွေ့ရသည်။

စစ်ဘေးဒဏ်ကို ကာလရှည်ကြာ အပြင်းအထန်ခံစားခဲ့ရသည့် ရခိုင်ဒေသခံများက စစ်တပ်အာဏာသိမ်းမှုအောက်မှ ရွေးကောက်ပွဲကိုသာမက အသံတိတ်နေသည့် ရခိုင်ပါတီများကိုလည်း အယုံအကြည် မရှိတော့ဟု ဆိုကြသည်။ 

ရွေးကောက်ပွဲ ၃ ခုလုံးတွင် မဲပေးခဲ့သည့် ၃၈ နှစ်အရွယ် မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရခိုင်ပါတီများ ရရှိခဲ့သည့် နိုင်ငံရေးအခွင့်အလမ်းသည် အလုပ်မဖြစ်ခဲ့ကြောင်း ပြောသည်။ 

“ရွေးကောက်ပွဲကို သုံးကြိမ် ဖြတ်သန်းခဲ့ပြီးပြီ။ ကျွန်တော်တို့ ရခိုင်ပါတီကို မဲပေးခဲ့ကြတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက ရလာတဲ့ နိုင်ငံရေးအခွင့်အရေးဟာ ကျွန်တော်တို့ လူထုမျှော်လင့်ချက် မဟုတ်ခဲ့ပြန်ဘူး။ ရွေးကောက်ပွဲကာလပြီးတာနဲ့ ရခိုင်မှာ ပဋိပက္ခတွေပဲ ဖြစ်နေခဲ့တာကို တွေ့ရတယ်။ ရခိုင်တို့ ဘဝအခြေအနေ ပြောင်းလဲတိုးတက်ခဲ့တာ မတွေ့ရဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေကို မဖန်တီးနိုင်ဘူး။ အခုထိ နေရပ်စွန့်ခွာမှုတွေ ရှိနေဆဲဖြစ်တယ်“ ဟု သူက ဆိုသည်။ 

“လူထုက ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေကိုလည်း မယုံတော့ဘူး။ အခုတစ်ခါ ရွေးကောက်ပွဲနဲ့ ရလာမယ့် အကျိုးကို ပြောလို့ ပြည်သူတွေကို နားချလို့ ရတော့မှာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ရွေးကောက်ပွဲက ကျွန်တော်တို့ ပြည်သူတွေ မျှော်လင့်ချက်ကို မလုပ်ပေးနိုင်တော့ဘူးလို့ ယုံကြည်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို စိတ်လည်းမဝင်စားဘူး။ ရွေးကောက်ပွဲလုပ်လည်း မဲမပေးတော့ဘူး” 

၂၀၁၈ နှစ်ကုန်မှ စတင်ဖြစ်ပွားနေသော စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ၂၀၂၀ ရွေးကောက်ပွဲ စတင်ချိန် နှစ်ဖက်နားလည်မှုဖြင့် ရပ်ကြလိုက်သည်။ 

၂၀၂၂ ဩဂုတ်အတွင်း တိုက်ပွဲများပြန်ဖြစ်လာပြီး ၂၀၂၂ နိုဝင်ဘာ တတိယပတ်တွင် ယာယီအပစ်ရပ်ခဲ့ကြသည်။

ရွေးကောက်ပွဲအတွက် စတင်လှုပ်ရှားလာသည့် စစ်ကောင်စီ

ရခိုင်တွင် အပစ်ရပ်လိုက်သည်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဒေသတွင်း စတင်လာသည်ကို မြင်တွေ့ရသည်။

ဒီဇင်ဘာ ၂၀ တွင် အိမ်တိုင်ရာရောက် လူဦးရေစာရင်း ကောက်ခံရေးအလုပ်အဖွဲ့များအတွက် နည်းပြသင်တန်းတစ်ခုကို စစ်တွေမြို့တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ဩဂုတ်လတွင် ကျင်းပမည်ဟု ယူဆရသည့် စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် မဲစုရင်းပြုစုရန် ရခိုင်တစ်ပြည်နယ်လုံးရှိ လူဦးရေစာရင်း ဇန်နဝါရီ ပထမပတ်မှာပင် ကောက်ယူနေသည်။

အပစ်ရပ်သည်ကို အခွင့်ကောင်းယူ၍ ကွင်းဆင်းကောက်မည့် အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦး ရှိမည်၊ လတ်တလော ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ အမ်းမြို့နယ်များတွင် သင်တန်းပေးထားသူများက ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းနေပြီဟု ဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ရွေးကောက်ပွဲသည် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု ပြောသည်။

“ပြည်နယ်ရဲ့ လူဦးရေစာရင်း အတိအကျထွက်လာမှာမို့ ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆွဲရာမှာ အထောက်အကူဖြစ်လာမှာ သေချာပါတယ်။ ရွေးကောက်ပွဲကို ၂၀၂၃ ဩဂုတ်လမှာ ကျင်းပဖို့ ကြိုးပမ်းနေခြင်းရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်” ဟု သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မဲပေးရန် တန်းစီစောင့်ဆိုင်းနေသော မွတ်ဆလင်အမျိုးသမီးတစ်ဦးက မဲဆန္ဒရှင်သက်သေခံလက်မှတ် ပြသနေစဉ်။ (ဓာတ်ပုံ – EPA)

စစ်ဘေးဒဏ်ကို ဆက်တိုက်ခံစားခဲ့ရသည့် ရခိုင်ပြည်သူများအဖို့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိသော်လည်း လူဦးရေစာရင်းကောက်ခံရာတွင် သိသာထင်ရှားစွာ ငြင်းဆန်မှု မတွေ့ရပေ။

ကျောက်တော်မြို့နယ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ၂၀၂၀ ကာလ ၎င်းတို့မြို့တွင် တိုက်ပွဲများ ရှိနေသဖြင့် မဲပေးခွင့် မရခဲ့ကြောင်း ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲကာလက ပထမဆုံး မဲပေးရမှာဖြစ်လို့ ရင်ခုန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြို့နယ်မှာ ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် သိပ်ပြီးတော့ စိတ်လှုပ်ရှားတာ မရှိတော့ဘူး။ လူငယ်တွေရဲ့ ဘ၀မျှော်လင့်ချက်ကလည်း ရွေးကောက်ပွဲကြောင့် ဘာမှ ထူးခြားမလာနိုင်ဘူးလို့ ထင်တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတောင် လက်နက်ကြီး ပစ်ခတ်သံကြားက ကြောက်ကြောက်လန့်လန့် ဖြေခဲ့ရတာ”​ ဟု ၂၂ နှစ် အရွယ် ထိုလူငယ်က ပြောသည်။

“ဆယ်တန်းအောင်တဲ့ သူငယ်ချင်းအများစုကလည်း ပြည်ပကို ထွက်သွားကြပြီ၊ စာမေးပွဲကျတဲ့ ကျွန်တော့သူငယ်ချင်းတချို့လည်း ရက္ခိုင့်တပ်တော်ထဲ ရောက်သွားကြပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရက္ခိုင့်တပ်တော်(AA) ကပဲ ကျွန်တော်တို့ ရခိုင်လူမျိုးအတွက် လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်”

စစ်ကောင်စီ၏ ရွေးကောက်ပွဲ စနစ်သစ်

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ သက်တမ်း ၂ နှစ်အထိ အာဏာယူထားနိုင်သည်ဟု အကြောင်းပြထားသည်။ ထို ၂ နှစ် သက်တမ်းမှာ   ဇန်နဝါရီလကုန်လျှင် ကုန်ဆုံးတော့မည်ဖြစ်သည်။ 

သက်တမ်းပြည့်ပြီးလျှင် ထိုဥပဒေပုဒ်မ-၄၂၉ အရ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုင်းပြည်အာဏာကို ပြန်ယူပြီး ၆လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဟု ဆိုထားရာ စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကို ယခင် အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(Frirst Past the Post–FPTP) စနစ်အစား အချိုးကျကိုယ်စားပြု (Proportional Representation–PR) စနစ် ကျင့်သုံးမည်ဟု ပြောထားသည်။

ယင်းရွေးကောက်ပွဲစနစ်သစ်အတွက် စစ်ကောင်စီသည် သူနှင့် ပနံသင့်သည့် ပါတီများကို ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကော်မရှင်နှင့် ဆွေးနွေးသည့် ရခိုင်ပါတီမှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဖြစ်သည်။ 

ရခိုင်တွင် ရွေးကောက်ပွဲ လုပ်ဖြစ်လျှင် စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ရှိသည့် ပါတီများသာ ဝင်ပြိုင်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

အမှန်တကယ်လည်း ရခိုင်ပါတီကြီး ၂ ပါတီအနက်မှ ရခိုင့်ဦးဆောင်ပါတီက လာမည့်ရွေးကောက်ပွဲကို ဝင်ရောက်မည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ရွေးကောက်ပွဲသည် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း၏ ထွက်ပေါက်ဟု ဒေါက်တာအေးမောင်က ဒေသတွင်းမီဒီယာများကို ပြောခဲ့သည်။

တစ်ချိန်က ရခိုင်မျိုးချစ်ခေါင်းဆောင်ဟု ထင်ရှားခဲ့သည့် ဒေါက်တာအေးမောင်၏ ခံယူချက်နှင့် နုတ်ထွက်စကားများသည် ရခိုင်လူထု၏ လက်ရှိဆန္ဒသဘောထားနှင့် ကင်းကွာနေသည်ကို တွေ့ရသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က တွေ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အနီးရှိ ဘောဒူဖ ဒုက္ခသည်စခန်းနှင့် အနီးဝန်းကျင်ရှိ မဲရုံတစ်ခု။ (ဓာတ်ပုံ-Myanmar Now)

စစ်တပ်၏ပါတီ စတင်လှုပ်ရှားလာခြင်း

ရခိုင်တွင် တိုက်ပွဲရပ်လိုက်သည်နှင့် စစ်တပ် တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ရခိုင်မြို့နယ်အချို့တွင်  ရွေးကောက်ပွဲအတွက် ခပ်စိပ်စိပ် လှုပ်ရှားလာသည်ကို တွေ့မြင်လာရသည်။ 

သံတွဲ၊ မာန်အောင်၊ တောင်ကုတ် ၊ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အပစ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဒီဇင်ဘာအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့မှ ပါတီဝင်များကို ဒီဇင်ဘာ ၁၂ တွင် စစ်တွေမြို့၌ တွေ့ဆုံခဲ့သည်ဟု Myanmar Now ကို ထိုစဉ်က ပြောသည်။

“ပထမတစ်ချက်ကတော့ ကျွန်တော်တို့ဆီမှာ ပါတီဝင်တွေ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်များ အလုပ်လုပ်နေကြလဲ ပြန်စိစစ်မယ်။ ပြန်စိစစ်ပြီးတော့ ဘာတွေလုပ်ကြမလဲဆိုတာပေါ့။ နောက်တစ်ချက်ကတော့ PR စနစ်ကို ကျွန်တော်တို့ သိသလောက်ရှင်းပြပါတယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းမှုများ လုပ်ဆောင်နေသကဲ့သို့ ပါတီဝင်များနှင့် တွေ့ဆုံခြင်း၊ ပါတီဝင်အင်အားစာရင်း ပြုစုခြင်းကိုပါ ရခိုင်တောင်ပိုင်းမြို့နယ်များ၌ လုပ်ဆောင်နေသည်ဟု ပါတီ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင်သာ အနိုင်ရရှိခဲ့သည်။

အသက် ၅၀ အရွယ် သံတွဲမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ၎င်းတို့ထံတွင် ကြံ့ခိုင်ရေးပါတီက လှုပ်ရှားမှုများ ရှိလာကြောင်း ပြောသည်။

“စစ်ကောင်စီက ကျွန်တော်တို့ သံတွဲမြို့နယ် အပါအဝင် မာန်အောင်၊ တောင်ကုတ်မြို့နယ်တွေမှာ လူတွေကို တအားဖမ်းဆီးခဲ့တာရှိတယ်။ သူတို့ ရွေးကောက်ပွဲလုပ်လည်း မဲထည့်မယ့်သူ ရှိမယ်မထင်ဘူး။ သူတို့ (စစ်ကောင်စီ) ကို လူတွေမှ မယုံကြည်တာ မထောက်ခံတာကို။ နောက်ပြီးရင် ဖမ်းဆီးခံရမှာ ကြောက်ပြီး ထွက်ပြေးနေရတဲ့သူတွေ ပြန်တောင် မရောက်ကြသေးဘူး။ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟု သူက ဆိုသည်။

စစ်အာဏာရှင်၏ရွေးကောက်ပွဲနှင့် ရခိုင်ပါတီများ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက စစ်အာဏာရှင်နှင့် မပူးပေါင်းဆိုသည့် မူဝါဒသည် ၎င်းတို့ပါတီ၏ မူဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်မည် မဟုတ်ဟု ထုတ်ပြောလာသည်။

ALD သည် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လည်း သွားရောက်တွေ့ဆုံဆွေးနွေးခြင်း မရှိပေ။

ALD  ပါတီအလံအား မဲဆွယ်စည်းရုံးရေးတစ်ခုအတွင်း ၂၀၂၀ က မြို့တော် စစ်တွေ၌ တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းခဲ့သည့် ALD ပါတီသည် ၁၉၉ဝ ပြည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၁ နေရာ အနိုင်ရရှိခဲ့ပြီး ယင်းအချိန်က တတိယ မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ်သည်။

စစ်တပ်က စိတ်ကြိုက် ကျင်းပခဲ့သည့်  ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း ALD က သပိတ်မှောက်ခဲ့သည်။ 

၂ဝ၁၃ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ပေါင်းစည်းခဲ့ပြီးနောက် ၂ဝ၁၅ ရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ နေရာအများအပြား အနိုင်ရရှိခဲ့သည်။

ထို့နောက် ၂ဝ၁၇ တွင် ANP မှ ပြန်လည်ခွဲထွက်ကာ ယခင်အမည် ALD ဖြင့်  ပြန်လည် ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ဦးဆောင်၍ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တစ်ခုလုံးနှင့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ 

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင်  မဲပေးခဲ့သည့် အသက် ၂၈ နှစ်အရွယ်ကျောင်းဆရာမတစ်ဦးက ၎င်းတို့မဲထည့်ခဲ့သော ပါတီများက ပြည်သူတွေ၏ ဆန္ဒကို မျက်ကွယ်ပြုခဲ့ကြောင်း ပြောသည်။

“ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေအရ ရွေးကောက်ပွဲက ဖြစ်မယ်လို့ မထင်ဘူး။ လက်ရှိ တိုက်ပွဲ ရပ်ထားတယ်ဆိုပေမယ့် စိတ်မချရ ဘူး။ နောက်ပြီး လုံခြုံမှု မရွိဘူး။ စစ်တွေမြို့ပေါ်မှာတောင် ဆိုင်ကယ်ပျောက်တာ၊ လမ်းမှာ တစ်ယောက်တည်း သွားနေရင် လုယက်ခံရတာ၊ အသတ်ခံရတာတွေကို မကြာခဏကြားနေရတယ်။ တရားဥပဒေစိုးမိုးမှုလည်း မရှိလို့တောင် ပြောလို့ရတဲ့အခြေအနေမှာ ရွေးကောက်ပွဲလုပ်ဖြစ်မယ်လို့ မထင်ဘူး” ဟု ထိုဆရာမက ပြောသည်။

“နောက်ပြီး ကျွန်မ ကိုယ်တိုင်က ဘယ်ပါတီကို မဲပေးရမလဲ ဝေခွဲမရဘူး။ မဲထည့်ဖို့တောင် ဆန္ဒမရှိတော့ဘူး။ ကျွန်မတို့ မဲထည့်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေကလည်း ကျွန်မတို့ ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုသွားပြီလို့ ခံစားရတယ်”

၂၀၂၀ ရွေးကောက်ပွဲ ရခိုင်မဲဆန္ဒနယ် အခင်းအကျင်း

ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်စုစုပေါင်း ၆၃ ခုရှိပြီး ပြည်သူ့လွှတ်တော်နေရာ ၁၇ ခု၊ အမျိုးသားလွှတ်တော်နေရာ ၁၂ နှင့် ပြည်နယ်လွှတ်တော် ၃၄ နေရာရှိသည်။

ရခိုင်ပြည်နယ်တွင် ANP, ALD, AFP ဟူ၍ လူထုထောက်ခံမှု များပြားသည့် အဓိကနိုင်ငံရေးပါတီ သုံးခု ရှိသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က စစ်တွေမြို့တွင် မဲပေးနေသူတစ်ဦး (ဓာတ်ပုံ-Myanmar Now)

နိုဝင်ဘာ ၈ တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် တောင်ပိုင်းရှိ သံတွဲ၊ မာန်အောင်၊ ဂွနှင့် ရမ်းဗြဲမြို့နယ်များတွင် နေရာပြည့်ကျင်းပခဲ့ပြီး မြောက်ပိုင်းတွင် စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ မြို့နယ်တို့ရှိ နေရာအချို့သာ ကျင်းပနိုင်ခဲ့သည်။

အထူးသဖြင့် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်များတွင် လုံခြုံရေးအရဆိုကာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ပြိုင်ဆိုင်မှုပြင်းထန်သည့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲ၌ NLD သည် ဂွနှင့် သံတွဲမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ (မဲဆန္ဒနယ်အမှတ် ၁၁) နှင့် ပြည်နယ်လွှတ်တော် ၄ နေရာ ရရှိခဲ့သည်။ 

AFP သည်လည်း ကျောက်ဖြူမြို့နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ ရရှိခဲ့သည်။ USDP သည် အမ်းမြို့နယ်တွင် ပြည်သူ့ လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရရှိသည်။

ထို့ကြောင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ပြည်နယ်လွှတ်တော်နေရာ ၁၅ ခုံတွင် ANP က ၇ နေရာ၊ NLD က ၄ နေရာ၊ AFP က ၂ နေရာနှင့် USDP က ၁ နေရာ အသီးသီးအနိုင်ရခဲ့သည်။​

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထိုပါတီများ ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၀ အတွင်း စစ်တွေမြို့၌ တွေ့ရသော AFP ပါတီ မဲဆွယ်ပိုစတာတစ်ခု။ (ဓာတ်ပုံ-Myanmar Now)

အကွဲအပြဲများကြားမှ ANP

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မဲဆန္ဒနယ်၌ ANP ပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၄ နေရာစီဖြင့် စုစုပေါင်း ၈ နေရာ အများဆုံး အနိုင်ရခဲ့ကာ NLD က  ၃ နေရာ၊ ကြံ့ခိုင်ရေးပါတီ (USDP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က ၁ နေရာစီ ရရှိခဲ့သည်။

ANP သည် စစ်တွေ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်တို့ရှိ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်နေရာ ၄ နေရာ၊ မဲဆန္ဒနယ် အမှတ် (၃) စစ်တွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ရမ်းဗြဲနှင့် အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) တောင်ကုတ်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၄ နေရာ အနိုင်ရရှိခဲ့သည်။

စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့တွင် ပြည်နယ်လွှတ်တော် ၂ နေရာစီနှင့် တောင်ကုတ်တွင် ၁ နေရာ အနိုင်ရရှိခဲ့သဖြင့် စုစုပေါင်း ပြည်နယ်လွှတ်တော် ၇ နေရာလည်း ANP အနိုင်ရခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီက အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၃၅ နေရာအနက် ၂၂ နေရာ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၅ နေရာအထိ အနိုင်ရခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အောင်ပွဲခံခဲ့ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းလိုက်ပြီး ၂၀၁၄ တွင် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုစဉ်က ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်အစိုးရဖွဲ့ရန်ပင် NLD ကို တောင်းဆိုခဲ့သည်။ 

ရွေးကောက်ပွဲအလွန်ကာလ ပါတီတွင်း အကွဲအပြဲဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ ၌ ဒေါက်တာအေးမောင်က ANP မှ နုတ်ထွက်ပြီး AFP ပါတီ တည်ထောင်ခဲ့ကာ ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၊ အမျိုးသားလွှတ်တော်အမတ် ၄ ဦးနှင့် ပြည်နယ်လွှတ်တော်အမတ် ၄ ဦးတို့က နုတ်ထွက်စာတင်ခဲ့ကြသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ANP ဗဟို မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် အဖွဲ့ဝင်ဖြစ်လာပြီး ရခိုင်ပြည်နယ်အဆင့် စစ်ကောင်စီတွင် ဥက္ကဋ္ဌနေရာနှင့် အဖွဲ့ဝင်နှစ်နေရာ ရရှိရေး ANP က တောင်းဆိုခဲ့သည်။ 

ANP ပါတီမှ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးဇော်အေးမောင်ကို ဝန်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။ 

တောင်းဆိုချက်များကို စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိသဖြင့် လက်တွဲဖြုတ်ရန် စဉ်းစားနေသည်ဟု ယင်းနှစ် မေလဆန်း၌ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောခဲ့သည်။

စစ်တွေမြို့တစ်နေရာ၌ စိုက်ထူထားသော ANP ပါတီ မဲဆွယ်ပိုစတာကို ၂၀၂၀ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီအဖွဲ့ဝင် ANP ပါတီမှ နှစ်ဦး ပါဝင်နေမှုနှင့် စစ်ကောင်စီထံ နေရာတောင်းဆိုခဲ့မှုများကြောင့် ANP သည် ရခိုင်လူထုအကြား အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။ 

ထို့နောက် ပါတီ၏ ရပ်တည်ချက်ကို သဘောမကျဟုဆိုကာ ANP ၏ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဩဂုတ်လအတွင်း နုတ်ထွက်သွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် သန့်ရှင်းမျှတမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို စောင့်မျှော်မည့်အစား အမျိုးသားရေးကို မိမိလုပ်ပေးနိုင်သည့်နေရာမှ လွတ်လွတ်လပ်လပ် လုပ်ချင်သောကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းက ထိုစဉ်က ပြောခဲ့သည်။ 

ထို့နောက် ANP သည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုကို ကြေညာချက်တစ်စောင်သာ ယမန်နှစ် စက်တင်ဘာအတွင်း ထုတ်ခဲ့ပြီး လှုပ်ရှားမှုများ နည်းပါးသွားသည်။  

စစ်ကောင်စီရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လက်ရှိတွင် ပြိုင်မည်မပြိုင်မည်ကို ရှင်းလင်းစွာ ထုတ်ဖော် ပြောဆိုခြင်း မပြုသေးပေ။ 

ရခိုင်ဒေသ ရွေးကောက်ပွဲ အလားအလာ

ရခိုင်တွင် တိုက်ပွဲငြိမ်သက်နေချိန် တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုလျင် ဟန်ပြရွေးကောက်ပွဲတစ်ခုသာ ဖြစ်လာနိုင်ပြီး လွပ်လပ်သည့်လူထုက စိတ်ဝင်တစားမဲပေးသည့် ရွေးကောက်ပွဲ ဖြစ်မလာနိုင်တော့ကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

စစ်ကောင်စီ ထိန်းချုပ်နိုင်သည့် နေရာဒေသ တပ်နယ်နှင့် မြို့ပေါ်တွင် လုပ်နိုင်မည်ဖြစ်ပြီး မဖြစ်မနေ ရွေးကောက်ပွဲလုပ်လျှင် ရခိုင်ပါတီများအနေဖြင့် ပါတီဖျက်သိမ်းမခံလိုလျှင် ရွေးကောက်ပွဲ ဝင်ရမည်ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “အဓိက AFP ပါတီက နေပြည်တော်ထိ သွားပြီး PR ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာရှိတယ်။ အဲဒီပါတီတွေကလည်း မလုပ်ဆိုရင် ပါတီ ဖျက်သိမ်းခံရမယ်ဆိုတဲ့အခါ သူတို့လည်း ရွေးကောက်ပွဲဝင်မှာပဲ။ ဟန်ပြရွေးကောက်ပွဲတော့ ဖြစ်မယ်” ဟု ပြောသည်။

ဒေသတွင်း အင်အားစုတစ်ခုလည်းဖြစ်၊ လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သော ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP) သည် စစ်ကောင်စီနှင့် နီးနီးကပ်ကပ် ရှိနေပြီး စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲကိုလည်း ထောက်ခံထားသည်။ 

ရခိုင်ပြည်သူများက အသိအမှတ်မပြုသောကြောင့် ALP လုပ်ဆောင်ချက် အရာရောက်မည်မဟုတ်ကြောင်း ဦးဖေသန်းက ပြောသည်။ 

“ပြည်သူလူထုကတော့ ALP အပေါ်မှာ အာရုံမထားပါဘူး။ ALP ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ အားရတာလည်း မရှိ၊ အသိအမှတ်ပြုတာလည်း မရှိ။ ALP အနေနဲ့ကတော့ လက်နက်မစွန့်နိုင်ရင် နောက်ပိုင်းမှာ နယ်ခြားစောင့်တပ် လုပ်မလား၊ ပြည်သူ့စစ်လုပ်မလား အသွင်ကူးသွားမယ်” ဟု ဦးဖေသန်းက သုံးသပ်သည်။

“မဟုတ်ရင် လက်နက်မကိုင်ဘဲနဲ့ ပါတီတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲဝင်သွားဖို့ အစိုးရနဲ့ မဆန့်ကျင်တဲ့ အလုပ်ပဲ သူတို့လုပ်သွားဖို့ အခြေအနေရှိပါတယ်။ ယင်းကြောင့် ALP ရဲ့ အကျိုးသက်ရောက်မှုက ရခိုင်လူထုအပေါ်မှာ သူ့ဘက်ကို ထောက်ခံလာအောင် ဆွဲဆောင်နိုင်မှု မရှိပါ” 

မကြာသေးခင်က ALP ၏ စစ်ဦးစီးချုပ်နှင့် လက်ထောက် ၂ ဦး စစ်တွေမြို့တွင် ပစ်သတ်ခံခဲ့ရသည်။ ထိုပစ်ခတ်မှုနောက်ကွယ်တွင် မည်သည့်အဖွဲ့ ရှိနေသည်ကို မသိရသေးပေ။

-ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ ၂၀၂၀ အောက်တိုဘာ ၂၆ က စစ်တွေမြို့တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ-Myanmar Now)

နိုင်ငံတကာနှင့် NUG လက်မခံ

စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ AA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သြဇာကြီးထွားလာနေသည့် ရခိုင်ကျေးလက်တွင်လည်း ပြည်သူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိပေ။

ဦးဖေသန်းက နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်တော်လှန်နေမှုများ၊ တိုက်ပွဲများ ရှိနေလင့်ကစား စစ်ဗိုလ်ချုပ်များက အာဏာတည်မြဲရေးနှင့် နိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါက်ရရေးအတွက် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည်ဟု သုံးသပ်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် တိုင်းရင်းသားများ၏ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေး နိုင်ငံအနှံ့ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေသည်ဟု ဆိုထားသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က မဲစာရင်း ကြည့်ရှုနေသော စစ်တွေမြို့ခံနှစ်ဦး။ (ဓာတ်ပုံ -Myanmar Now)

စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုထားသလို NUG ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်သူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ULA/AA  သဘောထားပေါ်မူတည်

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အပေါ် မူတည်နေသည်ဟု ဦးဖေသန်းက ဆိုသည်။ 

“အဓိကက အခန်းကဏ္ဍက ULA နဲ့ ဆိုင်တယ်။ ULA က ရွေးကောက်ပွဲကို မလိုလား။ ငါတို့အုပ်ချုပ်ရေးပိုင်း၊ နိုင်ငံရေးပိုင်းကို အထောက်အကူမပြုသည့်အပြင် စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ရင်၊ သူက လက်မခံရင် ရခိုင်ပြည်မှာ ပွဲပြတ်တယ်။ လုံး၀ တစ်နေရာတောင် လုပ်လို့ရမှာ မဟုတ်ဘူး။ အဓိကအဆုံးအဖြတ်ဟာ ULA လို့ပဲ မြင်တယ်။ ULA ကတော့ အခုအချိန်အထိ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြိုက်တယ်၊ မကြိုက်ဆိုတာကို မပြောသေးဘူး” ဟု ဦးဖေသန်းက ပြောသည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီကြား နှုတ်အားဖြင့် ယာယီအပစ်အခတ်ရပ်စဲထားပြန်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်တစ်ဝန်းလုံးရှိ စစ်ကောင်စီစခန်းများ တစ်ခုမျှ ရုပ်သိမ်းခြင်းမရှိသည့်အပြင် ယင်းစစ်စခန်းများသို့ အင်အားဖြည့်တင်းနေသည်။

AA အပါအဝင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏နှစ်သစ်ကူးထုတ်ပြန်ချက်ထဲတွင် အခြားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမည်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီက လုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍  ပြောဆိုထားခြင်း မရှိပေ။

အလားတူ စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြောဆိုနေသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်နှင့် ပတ်သက်၍ တိတိကျကျ ကြေညာခြင်း မရှိသေးပေ။

သံတွဲမြို့ခံ စီးပွားရေးလုပ်ငန်းရှင်က ရခိုင်ဒေသ ရွေးကောက်ပွဲနှင့် ပတ်သက်လျှင် ULA သဘောထားက အရေးကြီးကြောင်း ဆိုသည်။

“မဖြစ်မနေလုပ်မယ်ဆိုရင်တောင် သူတို့တပ်နယ်ထဲမှာပဲ လုပ်ဖြစ်လိမ့်မယ် ထင်တယ်။ လူတွေကတော့ မဲရုံသွားမှာ မဟုတ်လောက်ဘူး။ ကျွန်တော်လည်း မဲမပေးဘူး။ ရခိုင်တစ်ပြည်နယ်လုံးကို ခြုံပြောရရင် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) ရဲ့ အာဘော် ဘာဖြစ်မလဲဆိုတာက အရေးကြီးသေးတယ်လို့ ထင်တယ်။ ULA က ရွေးကောက်ပွဲမှာ မဲ လွတ်လွတ်လပ်လပ်ပေးနိုင်တယ်လို့ ထုတ်ပြန်တာဖြစ်ဖြစ် ပြောလာရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်” ဟု သူက မှတ်ချက်ပြုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)