သတင်း

ရခိုင်ပါတီများ တိတ်ဆိတ်နေချိန် ကြံ့ခိုင်ရေးပါတီလှုပ်ရှားမှု စတင်

စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲတွင် ဦးဆောင် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက  နိုင်ငံအနှံ့သိသိသာသာ လှုပ်ရှားနေပြီး ရခိုင်ပြည်နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း  ပါတီဝင်များနှင့် တွေ့ဆုံပွဲတချို့ ပြုလုပ်လာပြီဖြစ်သည်။ 

ဒီဇင်ဘာ ၁၂ တွင်  စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့မှ ပါတီဝင်များကို စစ်တွေမြို့၌ တွေ့ဆုံခဲ့သည်ဟု  ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။ 

“ပထမတစ်ချက်ကတော့ ကျွန်တော်တို့ဆီမှာ ပါတီဝင်တွေ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်များ အလုပ်လုပ်နေကြလဲ ပြန်စိစစ်မယ်။ ပြန်စိစစ်ပြီးတော့ ဘာတွေလုပ်ကြမလဲဆိုတာပေါ့။ နောက်တစ်ချက် ကတော့ PR စနစ်ကို ကျွန် တော်တို့သိသလောက်ရှင်းပြပါတယ်” ဟု  ဒေါက်တာစန်းရွှေက Myanmar Now  ကို ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး   ပါတီ ထောက်ခံဝန်းရံမည့်သူများ၊  မဲပေးနိုင်သူ အရေအတွက် စသည့် အကြောင်းအရာများကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်ဟု သူက ဆိုသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေကလည်း မာန်အောင်မြို့နယ်သို့သွားပြီး  ပါတီဝင်များကို  တွေ့ဆုံခဲ့သည်ဟု သိရသည်။

ရခိုင်ပါတီများသာ အစဉ်အဆက်အားကောင်းသော ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီသည် ရွေးကောက်ပွဲ အဆက်ဆက် အောင်မြင်မှုမရှိသလောက်နည်းပါးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)  တို့ကလည်း ရခိုင်ဒေသတွင် အားကောင်းသော ပါတီများ ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် အတိုက်အခံပါတီများ အားနည်းသွားသောကြောင့် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင်  ကြံ့ခိုင်ရေးပါတီက အသာစီးရနိုင်သည်ဟူသော ယူဆချက်ဖြင့်  စည်းရုံးရေးဆင်းခြင်း ဖြစ်သည်ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။ 

“ဒါကတော့ သူတို့ကျဆုံးနေတဲ့ ရှုံးနိမ့်မှုတွေကို  ဒီတစ်ချိန်မှာ ပြန်ပြီး အနိုင်ရမလားဆိုတဲ့ ပုံစံမျိုးနဲ့ ကြိုးစားလာကြတာလို့မြင်တယ်။ ဒါပေမယ့် ဒီဘက်က ရခိုင်ပါတီတွေ လွတ်လွတ်လပ်လပ် ပြိုင်ဖို့ဆိုရင် (အဲဒီလို) အခြေအနေမျိုးမှာ သူတို့အနေနဲ့ နိုင် နိုင်ဖို့မလွယ်ဘူး” ဟု သူက ပြောသည်။ 

ဒီဇင်ဘာလ ၁၂ က စစ်တွေမြို့တွင်ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီတွေ့ဆုံပွဲ။(ဓာတ်ပုံ- USDP)

ယခင်ကလည်း ပါတီအများအပြားက ဆက်လက်ရပ်တည်လိုသောကြောင့် မဲဆန္ဒနယ်မြေ ၃ ခုတွင်သာ ဝင်ပြိုင်ခဲ့ကြဖူးသည်။

ပြည်သူများ အားမပေးသော၊ နိုင်ငံတကာအဖွဲ့အစည်းများပါ မထောက်ခံသော စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ရခိုင်ပါတီများ ဝင်ရောက်ရေးမှာ မသေချာသေးကြောင်း၊  မဲဆန္ဒနယ်မြေ ၃ ခုတွင်သာ ဝင်ပြိုင်မည့်ပါတီလည်း ရှိနိုင်ကြောင်း သူက ဆိုသည်။ 

“(ရခိုင်ပါတီတွေက) ဝတ်ကျေတန်းကျေပြိုင်မှာလား၊ သုံးနေရာလောက်ပဲ ပြိုင်မှာလား၊ ပြင်းပြင်းထန်ထန် ပြိုင်ရင်တော့ (ပြည်ခိုင်ဖြိုး) မနိုင် နိုင်ပါ။ (ရခိုင်ပါတီတွေ) မပြိုင်ဆိုရင်တော့ သူကတော့ နိုင်နိုင်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော အပစ်ရပ်ထားသော်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ စစ်ရေးအခြေ အနေ ဆက်လက်တင်းမာနေသလို စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုများကြောင့် ဒေသတွင်း ပြည်သူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စများ ခက်ခဲနေသည်။ 

ထိုအခြေအနေတွင် ယခုကဲ့သို့ ပါတီဝင်များနှင့်တွေ့ဆုံခြင်းမှာ အထက်က ခိုင်း၍ လုပ်ဆောင်ခြင်းသာ ဖြစ်နိုင်သည် ဟု ANP ပါတီဝင်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။ထိုသို့ ကြံ့ခိုင်ရေးပါတီလှုပ်ရှားမှုစတင်နေပြီဖြစ်သော်လည်း ရခိုင်ပါတီများ လှုပ်ရှားမှု မရှိသလောက် ဖြစ်သည်။

ဝါရင့် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းမှာ စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် စက်တင်ဘာအတွင်းက အမှုဖွင့်ကာ ဖမ်းဆီးရန် ကြိုးပမ်းခံရသူ ဖြစ်သည်။

ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက  ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက်အနိုင်ရခဲ့သော ၎င်းတို့ပါတီအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မည်သို့မျှ ပြင်ဆင်ခြင်းမရှိသေးဟု ဆိုသည်။

“ဆွေးနွေးမှုတောင် လုပ်လို့ရတဲ့ အခြေအနေမျိုးမရှိသေးဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ ကို ကြည့်မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့ပဲ နေထိုင်နေကြရတဲ့ အခြေအနေလို့ပဲ မြင်တယ်။ ရွေးကောက်ပွဲတစ်ခုလုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေ လုံလုံခြုံခြုံနဲ့  လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့ အရေးကြီးတယ်။ ဒါကြောင့် အခုလက်ရှိအခြေအနေမှာ ဆိုရင် လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မဲပေးလို့ရနိုင်တဲ့အခြေအနေမျိုး မရှိသေးဘူးလို့မြင်တယ် ”ဟု ပြောသည်။

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်တွင် ANP ပါတီ၏ မဲဆွယ်လှုပ်ရှားမှုတစ်ခုကို ၂၀၁၅ အောက်တိုဘာ နောက်ဆုံး ပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်သည့် ANP ပါတီ၏ ကြေညာချက်မှာ တစ်ဖက်သတ်ဆန်သည်ဟု ဆိုကာ  စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီခေါင်းဆောင်များကို   နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ သတိပေးခဲ့သေးသည်။

ဒေါက်တာအေးမောင်ဦးဆောင်သော  AFP ပါတီ သည် စစ်ကောင်စီက ဖိတ်ခေါ်သည့် ရွေးကောက်ပွဲ စနစ်ကို အချိုးကျကိုယ်စားပြုစနစ် (PR)သို့ ပြောင်းလဲရေး ဆွေးနွေးပွဲများသို့ မကြာခဏ တက်ရောက်တက်ပြီး အခြား ရခိုင်ပါတီများ တက်ရောက်ခြင်းမရှိပေ။

စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသော ရွေးကောက်ပွဲသည် ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက် တစ်ခု ဖြစ်နေသောကြောင့် တိုင်းပြည် မငြိမ်မသက် ဖြစ်နေသော်လည်း ရွေးကောက်ပွဲဥပဒေကို အခွင့်ကောင်းယူကာ ဖြစ်အောင် လုပ်နိုင်ကြောင်း ဦးဖေသန်းက သုံးသပ်သည်။

“သူတို့ကတော့ လုပ်တယ်ဆိုရင် ပြီးရော၊ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတမှာလား ၊ပြည်သူတွေအများ ပါဝင်မှာ လားဆိုတာ သူတို့ မစဥ်းစား။ ရွေးကောက်ပွဲဥပဒေမှာလည်းပဲ ဘယ်လောက် ရာခိုင်နှုန်းမဲပေးမှ ဖြစ်မယ် ဆိုတာမျိုး မပါ။ အဲဒါ အခွင့်ကောင်းကို ယူပြီးတော့ သူတို့မိသားစု၊ သူတို့ကို ထောက်ခံသူတွေနဲ့ ရွေးကောက်ပွဲ လုပ်သွားမယ် ဆိုလည်း သူတို့နိုင်မှာပဲ”ဟု ၎င်းက ဆိုသည်။

စစ်တပ်က တည်ထောင်ထားသည့် ကြံ့ခိုင်ရေးပါတီသည်  ပဲခူးတိုင်းတွင်လည်း ပါတီဝင်တွေ့ဆုံမှု များ ယခုရက်ပိုင်း လုပ်ဆောင်နေပြီး ထိုပွဲများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း၊ ရဲချုပ်ဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ် ဦးခင်ရီကို တွေ့ရသည်။ 

ယမန်နှစ် အောက်တိုဘာလဆန်းပိုင်း ညီလာခံ၌ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းကျ ရွေးထားသည်ဟု အများက ယူဆထားသူတို့ ပါတီထိပ်တန်းနေရာများ ရလာကြသည်။ 

ပါတီဥက္ကဋ္ဌသစ်သည် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီလက်ထက်တို့တွင် လဝကဝန်ကြီးရာထူးယူခဲ့သူဖြစ်ပြီး တပ်ထောက်ခံပွဲများကို စီစဉ်သူဟု သတင်းကြီးသူ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button