သတင်း

ကြေညာချက် မျှမျှတတရေးရန် ရွေးကော်က ANP ကို ခေါ်ပြော

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကို ရှုတ်ချကြောင်း စက်တင်ဘာ ၂၉ တွင် ရခိုင်အမျိုးသားပါတီ (ANP) က ကြေညာချက်ထုတ်ခဲ့ခြင်းမှာ တစ်ဖက်သတ်ဆန်သည်ဟု ဆိုကာ  စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီခေါင်းဆောင်များကို  ယမန်နေ့ (အောက်တို ဘာ ၁၂) တွင် သတိပေး ပြောဆိုခဲ့သည်ဟု သိရသည်။ 

ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း ကော်မရှင်ကို ကြေညာချက်အကြောင်း ရှင်းပြခဲ့ရသည်ဟု ဆိုသည်။

“နိုင်ငံရေးပါတီဆိုတာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို အကူအညီပေးရမဲ့ တာဝန်ရှိသလို အကာအကွယ် ပေးရဖို့လည်း တာဝန်ရှိတယ်။ ဒါကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့အခြေအနေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ထုတ်ပြန်ကြေညာချက်ဖြစ်တယ်ဆိုတာကို UEC ကို ပြန်ရှင်းပြခဲ့တယ် ”  ဟု ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ဟာ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ တကျော့ပြန် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ခိုက်တဲ့ကြားထဲမှာ လူထု ဒုက္ခခံစားနေရတဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ယူဆတယ်။ ယုံလည်း ယုံကြည်တယ်”

စစ်ပွဲများကြောင့် ကျေးရွာများထိခိုက်မှု၊ မြန်မာစစ်တပ်၏ လက်နက်ကြီးဒဏ်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ လူနေအိမ်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်မှုတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း အပါအဝင် ရခိုင်ဒေသအရေးအခြေအနေများကို ANP  ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥက္ကဋ္ဌ နှင့် ANP ပါတီ ခေါင်းဆောင်   သုံးဦး နေပြည်တော်ရှိ ကော်မရှင်ရုံးတွင်  တစ်နာရီကျော်ကြာ ရှိနေစဥ် ကော်မရှင်အဖွဲ့ဝင် တစ်ဦး ပါဝင်သည့်အဖွဲ့ နှင့် တွေ့ဆုံခဲ့သည်၊ တစ်ဖက်သတ်ဆန်သည့် ကြေညာချက်များ ထုတ်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကော်မရှင်က ပြောခဲ့သည် ဟု ဆိုသည်။

“နောက်ထပ် ဒီလို ထုတ်ပြန်ချက်မျိုးမထုတ်ဖို့ တော့ ဟန့်တားမှုမရှိ၊ သို့သော်လည်းပဲ တစ်ဖက်သတ်ဆန်တဲ့ ပုံစံမျိုး မဖြစ်ဖို့နဲ့၊ မျှမျှတတဖြစ်တဲ့ ထုတ်ပြန်ချက်မျိုးဖြစ်ဖို့ လိုတယ်လို့ UEC ဘက်က ပြန်သုံးသပ်ပြတာရှိတယ်” ဟု ဦးသာထွန်းလှက ပြောသည်။

ကော်မရှင်က နေပြည်တော်သို့ လာတွေ့ရန် အောက်တိုဘာ ၄ တွင် အကြောင်းကြားစာ ပို့ခဲ့၍ ANP ပါတီထိပ်ပိုင်း ခေါင်းဆောင်များက အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်သို့ သွားရောက်ခဲ့ရ သည်။

ရခိုင်အင်အားကြီးပါတီဖြစ်သော ANP သည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြည်နယ်တွင်း မဲအများဆုံးအနိုင်ရရှိခဲ့သောပါတီ ဖြစ်သည်။

သို့ရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတွင် ပါတီခေါင်းဆောင်တစ်ဦး ပါဝင်ခြင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးရန် ကြိုးပမ်းမှုများ ရှိခဲ့ခြင်းကြောင့်  လူအများက ဝေဖန်ခဲ့ကြသည်။  ထို့နောက် ပါတီအနေဖြင့် သေဒဏ်ကိစ္စ အပါအဝင် ဒေသတွင်းအခြေအနေများကို ကြေညာချက်များ ထုတ်ပြန်လာပြီးနောက် ကော်မရှင်က ထိုသို့ ခေါ်ယူသတိပေးခြင်း ဖြစ်သည်။

စစ်တပ်က မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သူမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် နာမည်ကြီးခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးဖြစ်သည်။ 

ဦးသိန်းစိုးသည် ထိုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ် အနိုင်ရစေရေးအတွက် စစ်ဗိုလ်ချုပ်များ စနစ်တကျစီစဉ်မှု အကောင်အထည်ပေါ်စေရန် ကြိုးပမ်းနိုင်ခဲ့သူလည်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button