
ရခိုင်ဒေသ အခြေအနေဆိုးများနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပါတီထိပ်သီးခေါင်းဆောင်များကို တွေ့ဆုံမေးမြန်းရန် ခေါ်ထားကြောင်း၊ ကြေညာချက်တွင်လည်း ဖြစ်ရပ်မှန်များသာ ဖော်ပြထားကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပြောသည်။
စက်တင်ဘာ ၂၉ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကော်မရှင်က နေပြည်တော်သို့ လာတွေ့ရန် အောက်တိုဘာ ၄ တွင် အကြောင်းကြားစာ ပို့လာသည်ဟု ပါတီ မူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်ထံမှ သိရသည်။
“သဘောထားကြေညာချက်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အချက်တွေအပေါ်မှာပဲ ဥပဒေနဲ့အညီ တင်ပြခဲ့တာ ဖြစ်တယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။
“တကယ့်တကယ် အချက်တွေက မီဒီယာတွေက ဖော်ပြပြီးပါပြီ။ ကျွန်တော်တို့ဘက်ကလည်း မဲဆန္ဒရှင်ပြည်သူတွေနဲ့ ပါတီဝင်တွေကလည်း အခက်အခဲရှိနေတဲ့ နေရာတွေက ပါတီကိုတင်ပြတဲ့အတွက် ယင်းအချက်တွေအပေါ်မှာပဲ ဖော်ပြလိုက်တာဖြစ်ပါတယ်”
ကော်မရှင် (UEC) က ခေါ်ယူခြင်းသည် ထူးဆန်းသည့်ကိစ္စမဟုတ်ဟု မြင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ သူတို့မှာ ညွှန်ကြားဖို့ လိုရင်၊ တိုင်ပင်ဆွေးနွေးဖို့ လိုတယ်ဆိုရင်လည်း ခေါ်မှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ UEC ဟာ တရားရုံးမဟုတ်ဘူး၊ UEC က ခေါ်ယူခြင်းဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ မြင်တယ် ”ဟု ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ ယနေ့ (အောက်တိုဘာ ၁၂) တွင် နေပြည်တော်တွင် တွေ့ဆုံကြမည်ဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က အတည်ပြုသည်။
“ကျွန်တော်တို့ နားလည်ထားတာက စက်တင်ဘာလက ထုတ်လိုက်တဲ့ သဘောထားထုတ်ပြန်ချက် ၁/ ၂၀၂၂ နဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီက ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ယောက်အပါအဝင် အဖွဲ့နဲ့ တွေ့ဆုံမေးမြန်းလိုပါသဖြင့် အောက်တိုဘာ ၁၂ ရက်နေ့ UEC အစည်းအဝေးခန်းမမှာ လာရောက် တွေ့ဆုံဖို့အတွက် ဆိုပြီး စာမှာပါတယ်။ ဘာကြောင့် တွေ့ဆုံချင်တာလဲဆိုတာကတော့ အခုထိ ကျွန်တော်တို့ မသိဘူး။ သူတို့နဲ့ တွေ့ပြီးမှ ဘာအကြောင်းအရာလဲဆိုတာ ပါတီခေါင်းဆောင်တွေသိပါမယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။
ANP ၏ သဘောထားထုတ်ပြန်ချက် ၁/၂၀၂၂ တွင် တစ်ကျော့ပြန်စစ်ပွဲကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေကြောင်း၊ ရခိုင်ပြည်ရှိ မြို့နယ်တချို့၏ ကုန်းလမ်း၊ ရေလမ်းကို အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း၊ လူသားချင်းစာနာမှုအကူအညီအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားမှုကြောင့် အရပ်သားပြည်သူများ ဒုက္ခရောက်နေပြီး စစ်ဘေးဒုက္ခသည်သောင်းချီ တိုးလာကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် ယခုနှစ် ဩဂုတ်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်လာချိန်တွင် ဒေသအတွင်း လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်ခံနေရပြီး ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။
စစ်ပွဲများကြောင့် ကျေးရွာများထိခိုက်မှု၊ မြန်မာစစ်တပ်၏ လက်နက်ကြီးဒဏ်ကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ လူနေအိမ်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်မှုတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လူသားချင်းအကူအညီများ ပြန်ဖွင့်ပေးရန် အပါအဝင် သဘောထားရှုမြင်ချက်များ ဖော်ပြထားသည်ကို တွေ့ရသည်။

ANP သည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်နယ်တွင်း မဲအများဆုံးအနိုင်ရရှိခဲ့သောကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ပြည်နယ်လွှတ်တော်တွင် အတိုက်အခံအဖြစ် ရပ်တည်ခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော် ၂၈ နေရာအနက် ANP က ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊ ပြည်နယ်လွှတ်တော် ၇ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး NLD က ပြည်သူ့လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၅ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။
ထိုစဉ်ကလည်း ANP ပါတီက အများဆုံး အနိုင်ရရှိခဲ့သောကြောင့် ပြည်နယ်အစိုးရအဖွဲ့သစ် ဦးဆောင်ဖွဲ့စည်းခွင့်ပေးရန် ၂၀၂၁ ဇန်နဝါရီလဆန်းက တောင်းဆိုခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတွင် ANP ဗဟိုမူဝါဒရေးရာဦးဆောင် ကော်မတီဝင် ဒေါ်အေးနုစိန် တာဝန်ထမ်းဆောင်လိုက်ပြီးနောက် ရခိုင်ပြည်နယ်အဆင့်စစ်ကောင်စီတွင် ဥက္ကဋ္ဌနေရာနှင့် အဖွဲ့ဝင်နှစ်နေရာ ထပ်မံရရှိရေး စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ANP ပါတီက ကြိုးစားခဲ့သည်။
ထိုစဉ်က အာဏာသိမ်းကာလ မည်မျှကြာမည်ကို မသိသောကြောင့် ကြားကာလတွင် ရခိုင်ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းရန် အာဏာရှိသောသူနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ယူဆသောကြောင့် ကောင်စီတွင် ပါဝင်ခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
ထို့နောက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ထားသည့် UEC နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ဖေဖော်ဝါရီနှင့် မေလအတွင်း နှစ်ကြိမ် ဖိတ်ကြားခဲ့ရာ ANP သည် ပထမအကြိမ် တက်ရောက်သော်လည်း ဒုတိယအကြိမ်တွင် ငြင်းဆန်ခဲ့သည်။
မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ANP ၏ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးဖေသန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပါတီ၏ ရပ်တည်ချက်ကို မနှစ်သက်သဖြင့်ဆိုကာ ယမန်နှစ် ဩဂုတ်လအတွင်း နုတ်ထွက်ခဲ့ပြီး လက်ရှိတွင် ၎င်းကို စစ်ကောင်စီက အမှုဖွင့်ထားသည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ရှုတ်ချကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)