သတင်း

ပါတီတွင် ဆက်လုပ်လိုခြင်း ရှိမရှိ ပါတီခေါင်းဆောင်ပိုင်းကို ANP မေးခွန်းထုတ်

စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ကြားဝင်ညှိနှိုင်းရေးကိုယ်စားလှယ် ဦးဦးလှစောတို့အပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ပါတီတွင် ဆက်လက်လုပ်ကိုင်လိုခြင်း ရှိမရှိ သဘောထားတောင်းခံထားကြောင်း ANP ထံမှ သိရသည်။

အခြားအဖွဲ့အစည်းများအတွက် လုပ်ကိုင်နေသူများ ရှိနေခြင်းကြောင့် ဤသို့ သဘောထားတောင်းခြင်း ဖြစ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ပါတီတာဝန်ကို ထမ်းဆောင်ဖို့ အခြေအနေမရှိတဲ့ ပုဂ္ဂိုလ်တွေလည်း (ထိပ်တန်းခေါင်းဆောင်တွေထဲမှာ) ရှိကောင်းရှိနိုင်တယ်” ဟု  ဦးသာထွန်းလှက Myanmar Now ကို ယနေ့ မတ် ၉ တွင် ပြောသည်။ 

၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်ပါတီညီလာခံမှ ရွေးချယ်တင်မြှောက်ခံထားရသည့် ANP ပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များအား သဘောထားတောင်းခံထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်လိုစိတ် ရှိမရှိ မတ် ၁၅ နောက်ဆုံးထားကာ အကြောင်းပြန်ရမည် ဖြစ်သည်။  

ထိပ်ပိုင်းခေါင်းဆောင်များသည် ပါတီနှင့် ကင်းကွာလျက်ရှိနေသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ နှင့် မတ် ၆ တို့တွင် ပါတီ၏ဗဟိုကော်မတီဝင်များ အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက် ၃ ရပ် ချမှတ်ပြီးနောက် ယမန်နေ့ (မတ် ၈) ရက်စွဲဖြင့် ANP ပါတီက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။  

နုတ်ထွက်ပြီး ကြိုက်နှစ်သက်ရာအဖွဲ့အစည်းနှင့် တခြားပါတီများသို့လည်း အချိန်မရွေး ကူးပြောင်းဝင်ရောက်နိုင်ကြောင်း၊ တခြားအဖွဲ့အစည်းအများ၏ တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များ ANP နှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုမရှိတော့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

ထိုအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုကော်မတီဝင် ၈၀ ကျော်အနက် ၄၀ ခန့် တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ပါတီ၌ တာဝန်ထမ်းဆောင်နေကြသူများ၏အခြေအနေ၊ ပါတီတည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် အချက်များ ဆွေးနွေးခဲ့ကြသည်ဟု ဦးသာထွန်းလှက ပြောသည်။

“အရင်တုန်းက ပါတီဖွဲ့စည်းပုံအရ ပါတီဝင်အဖြစ်က နုတ်ထွက်မယ်ဆိုရင် ရှင်းလင်းစရာရှိရင် ရှင်းလင်းရမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ခွင့်ပြုချက်ရမှသာ နုတ်ထွက်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ လက်ရှိအခြေအနေမှာ အဲဒီလိုစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပါတီအနေနဲ့လည်း လုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးမရှိလို့ သုံးသပ်တယ်။ အဲဒါကြောင့် ပါတီဝင်အဖြစ်က နုတ်ထွက်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်” ဟု ဆိုသည်။  

ရခိုင်အမျိုးသားပါတီ(ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်များဖြစ်သည့် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောကလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဘက်မှ ကြားဝင်ညှိနှိုင်းရေးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်လျက်ရှိနေသည်။

ပါတီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဦးလှစောနှင့် ဒေါ်အေးနုစိန်တို့၏ တုံ့ပြန်ချက် ရနိုင်ရန် Myanmar Now အနေဖြင့် ကြိုးစားနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ နေပြည်တော်၌ ကျင်းပသည့် စစ်ကောင်စီ၏ ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြရာ တွင် ဦးဦးလှစောမှာ ULA ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ANP, ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဟူသော ရခိုင်နိုင်ငံရေးပါတီကြီးသုံးခုအနက် ANP သည် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း မဲအများဆုံးအနိုင်ရရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button