ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဆက်လက်တည်ထောင်ခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ကြေညာလိုက်သည်။
၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရခဲ့သည့် ထိုပါတီသည် ၎င်းတို့ကိုင်စွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိဆိုသည့် အကြောင်းပြချက်ဖြင့် မှတ်ပုံတင်ခွင့်ပိတ်ပင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ တွင် မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာခြင်းခံရသည့် အဖွဲ့အစည်း၊ နိုင်ငံတော်အား ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီသည့်အဖွဲ့အစည်းများကို မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည်။
သို့သော်လည်း ANP မည်သည့်အဖွဲ့အစည်းနှင့် ပတ်သက်နေသည်ဆိုသည်ကိုမူ စစ်ကောင်စီ၏ ကော်မရှင်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်းမရှိပါ။
အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းမှ သွေဖည်သွားသည့်သဘောလားဟု ANP အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက မေးခွန်းထုတ်သည်။
“ရွေးကောက်ပွဲကော်မရှင်က သူတို့လိုချင်တဲ့ပါတီမျိုးမဟုတ်တာကြောင့် ပယ်ဖျက်တာလားမသိလို့ ထင်မိပါတယ်” ဟု ၎င်းက ဆိုသည်။
ANP အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကင်းကင်းရှင်းရှင်းဖြစ်ပြီး မှတ်ပုံတင်ခြင်းလျှောက်ထားသူ ၂၅ ဦးလည်း ပုဒ်မ ၇ နှင့် ငြိစွန်းမှုမရှိဟု ဦးခိုင်ပြည်စိုးက ပြောသည်။
“သူတို့မြင်တဲ့အမြင်က AA နဲ့ပတ်သက်တယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ သို့သော် ကျနော်တို့ပါတီမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို သွားချင်တဲ့သူတွေက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို သွားခဲ့ကြတယ်။ နိုင်ငံရေးပါတီအခန်းကဏ္ဍမှာ နေမယ့်သူတွေက နိုင်ငံရေးပါတီအခန်းကဏ္ဍမှာ ရှိနေကြတယ်”
“အစကပင် ပါတီမှတ်ပုံတင်လို့မရ၊ ဒီလိုဒီလို ငြိစွန်းမှုရှိတယ်ဆိုပြီး သူတို့အာဏာပိုင်အဖွဲ့အစည်းတွေက ထောက်ပြလို့ရတယ်။ အခုက နှစ်နှစ်ကျော်လောက် ကြာပြီးမှ ကျနော်တို့မှာ ပိုက်ဆံတွေသွင်းပြီးပြီ၊ နောက်တစ်ခါ မှတ်ပုံတင်ဖို့ လူ ၂၅ ယောက်ကို ကိုယ်ရေးရာဇဝင်ကအစ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပေးပြီးသားဖြစ်ပါတယ်။ လိုအပ်တာတွေကိုလည်း သူတို့စစ်ဆေးမှုလုပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်ဘက်ယိမ်းသည့် တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များထဲမှ တစ်ခုဖြစ်သည့် မင်းချစ်ဦးဆိုသူက ANP ကို AA နှင့်ဆက်စပ်သည်ဟု ရေးသားနေသည်။
“နောက်နေ့တွေကျရင် ရခိုင်က မီဒီညာတွေ အော်ပါလိမ့်မယ်။ မမျှတပါဘူးတို့၊ ပွင်လင်းမြင်သာမှုမရှိပါဘူးတို့ အော်ချင်သလောက် ဖျင်ကုန်းအော်ကြ။ ရမှာမဟုတ်ဘူး။ ANP က အမတ်ဟောင်းတွေကိုယ်တိုင်က AA အကြမ်းဖက်ဆီမှာ နိုင်ငံရေးမှူး၊ စည်းရုံးရေးမှူးလုပ်နေကြတာ” ဟု ရေးသားထားသည်။
AA တွင် နိုင်ငံရေးမှူးတာဝန်ထမ်းဆောင်နေသော မြောက်ဦးလွှတ်တော်အမတ်ဟောင်း ဦးဦးလှစောနှင့် အခြားသူများသည် ပါတီမှ နုတ်ထွက်ပြီးသားဟု ANP က ဆိုသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးအေးသာအောင်ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် စစ်တပ်ဘက်ယိမ်း ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ပေါင်းကာ ၂၀၁၃ ဇွန်လတွင် တစ်ပါတီတည်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ALD နှင့် RNDP နှစ်ပါတီပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် မှတ်ပုံတင်ပြီး လေးနှစ်ခွဲခန့်အကြာ ၂၀၁၇ နိုဝင်ဘာတွင် ဒေါက်တာအေးမောင်က ANP ပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကာ ပါတီသစ်ထောင်ခဲ့သည်။
နောက်ထပ် အမည်တစ်မျိုးဖြင့် လျှောက်ရန် အစီအစဉ် ရှိမရှိ မေးရာတွင် များစွာ စဉ်းစားရဦးမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
“တစ်ဖက်နဲ့တစ်ဖက် ဒီလောက်တင်းတင်းမာမာဖြစ်နေတာမှာ နိုင်ငံရေးပါတီရဲ့ ရပ်တည်မှုအခန်းကဏ္ဍဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါ။ ဒီလိုကာလမှာ နိုင်ငံရေးပါတီမှတ်ပုံတင်တာကို ပယ်ဖျက်တယ်ဆိုတာ နောက်ထပ်တခြားနည်းလမ်းနဲ့ တင်ဖို့ကို သိပ်အများကြီးစဉ်းစားရမယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ANP ကို အသိအမှတ်မပြုသော်လည်း အာဏာသိမ်းပြီးနောက် ANP ဗဟိုမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့တွင် ထည့်သွင်းခဲ့သည်။
ထို့နောက် ၂၀၂၃ ဖေဖော်ဝါရီတွင် ဒေါ်အေးနုစိန်သည် ထိုအဖွဲ့၏ ဗဟိုအကြံပေးဖြစ်လာသည်။
ANP ကိုယ်စားပြုပြီး စစ်ကောင်စီထဲ ရောက်နေသည့် သူ၏အနာဂတ်ကို ဒေါ်အေးနုစိန်ထံ Myanmar Now က ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို လက်လွှတ်ထားရသည်။
လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည်။
နိုင်ငံအနှံ့ စစ်ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောထားသည်။