သတင်း

ALP စစ်ဦးစီးချုပ် အသတ်ခံရမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်ကို AA ပယ်ချ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ၎င်းတို့၏ စစ်ဦးချုပ်နှင့်အရာရှိနှစ်ဦးကို သတ်ဖြတ်မှုမှာ  ရက္ခိုင့်တပ်တော် (AA) ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲလိုက်သော်လည်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ထိုစွပ်စွဲချက်ကို ပယ်ချလိုက်သည်။

ပါတီတွင်း အုပ်စုကွဲကာ အချင်းချင်းလုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း၊  ပြဿနာရှုပ်ထွေးအောင် တခြားအင်အားစုတစ်ခုခု၏ ဖန်တီးမှုလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့ကို နာမည်ထုတ်ပြီး အခြေအမြစ်မရှိ စွပ်စွဲတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင် လုပ်ချင်လို့လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘာလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါ” ဟု ဦးခိုင်သုခက ပြောသည်။ 

ပြည်နယ်စစ်ကောင်စီက စစ်တွေမြို့တွင် ပြုလုပ်သည့်  ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီး ပြန်လာသော ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး နှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့ သုံးဦး လမ်းတွင် ပစ်သတ် လုပ်ကြံခံရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ALP က ယနေ့  ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် AA က ရခိုင်အမျိုးသား အချင်းချင်းကြား လူသားမဆန်အကြမ်းဖက်လုပ်ကြံခြင်းဖြစ်သည်၊ ရခိုင် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်စေသည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ပါရှိသည်။

“ULA/AA က မိမိတို့ ပါတီ၊ တပ်မတော်မှ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး နှိပ်စက်တာ၊ လုပ်ကြံသတ်ဖြတ်တာတို့ကို ပြုလုပ်လျက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ ၊ အပြစ်မဲ့ ရဟန်းသံဃာတွေနဲ့ပြည်သူတွေကိုပါမချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတာအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးခိုင်သုခက လက်ရှိတွင် ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး မိမိတို့ရက္ခိုင်ပြည်သူ့အစိုးရထံ တိုင်ကြားမှု ရှိလာလျှင် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု ပြောသည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်နှင့် အကြီးအကျယ် တိုက်ခိုက်ခဲ့သည့် ULA/AA သည် ကျေးလက်ဒေသ အများအပြားတွင် အုပ်ချုပ်ရေးယန္တယား တည်ဆောက်လျက်ရှိပြီး ပြည်တွင်းပြည်ပ ရခိုင်တိုင်းရင်းသား အများအပြား၏ ထောက်ခံမှုကို ရရှိနေသည်။

ALP  ကမူ  စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်လေ့ရှိသဖြင့် ရခိုင် လူထုကြား ဝေဖန်ခံနေရသည်။

ရခိုင်ပြည်နယ်တွင် ALP သည်  AA နှင့် ဆက်ဆံရေး တင်းမာနေသည်။ AA က ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းကို ယမန်နှစ် သြဂုတ် ၂ ကတည်းက ဖမ်းဆီးထားသည်။

ALP  ၏ ထုတ်ပြန်ကြေညာချက်။ 

 

Show More

Related Articles

Back to top button