သတင်း

ကာလရှည်ပိတ်ထားသော တရုတ်နယ်စပ်ဂိတ်များအားလုံး ပြန်ဖွင့်ရန် စီစဉ်နေ

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် ၂၀၁၉ နှစ်ကုန်မှစ၍ ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ်ဂိတ်များအားလုံးကို ယခုလ (ဇန်နဝါရီ) ၈ တွင် ပြန်ဖွင့်ရန် စီစဉ်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်တွင် ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားရာမှ ဆင်ဖြူ၊ မန့်ဝိန်း၊ နန်းတော်နှင့် ပန်ဆိုင်းဂိတ် တို့ကိုပါ ပြန်ဖွင့်ရန် စီစဉ်ခြင်းဖြစ်သည်။

“တရုတ်က ရှိသမျှအပေါက်ကို အကုန်ဖွင့်ချင်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ မြန်မာဘက်က မဖွင့်တာ။ ဘယ်လိုအကြောင်းပြချက်နဲ့ မဖွင့်လည်းဆိုတော့ မြန်မာပြည်ဘက်မှာ ရောဂါတွေဖြစ်တော့ တရုတ်ဘက်က ဂိတ်ပေါက်ကို ပိတ်တယ်ပေါ့။ အခု သူတို့ဘက်မှာလည်း ရောဂါတွေ ဖြစ်နေတယ်” ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ၎င်းက ဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီအချိန် မူဆယ် ၁၀၅ မိုင်ဇုန်တွင် စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် တရုတ်အာဏာပိုင်များ နယ်စပ်ဂိတ်ပြန်ဖွင့်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဖွင့်လှစ်မည့် အခြေအနေကို မြန်မာဘက်က ဆုံးဖြတ်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၂) တွင် ယူနန်ပြည်နယ်အာဏာပိုင်များက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများအတွက် ယခုလ ၈ ရက်တွင် ဂိတ်များ ပြန်လည်ဖွင့်သွားမည်ဟု အမိန့်ကြေညာချက် ထုတ်ပြန်ထားသည်။ 

ထိုထုတ်ပြန်ချက်တွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်များ ဝင်ထွက်ခွင့် ပြုသွားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုအတွက် တက်ကြွစွာပြင်ဆင်နေကြောင်း ဖော်ပြထားသည်။ 

ထိုကဲ့သို့ နယ်စပ်ဂိတ် ပြန်ဖွင့်ပါက ကုန်စည်စီးဆင်းမှုချောမွေ့လာနိုင်ပြီး အလုပ်အကိုင်အခွင့်လမ်းလည်း ပွင့်လာနိုင်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

“ဒီဘက်ကလူတွေရဲ့တောင်းဆိုမှုတွေတော့ ရှိတာပေါ့။ ဒီအပေါက်ဖွင့်ပြီးသွားရင် ပြန်မပိတ်ဖို့ပေါ့။ ပထမတုန်းကလို ပိတ်ချင်တိုင်းပိတ်၊ ဖွင့်ချင်တိုင်းဖွင့် မလုပ်ဖို့ပေါ့” ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလကုန်တွင် တရုတ်နိုင်ငံ၏ မြို့ကြီးများ၌ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းများနှင့် ပတ်သက်ပြီး ဆန္ဒပြကြပြီးနောက် အသွားအလာကန့်သတ်ချက်များ ဖြေလျှော့ရာတွင် မြန်မာနယ်စပ်အနီးရှိ ရွှေလီ၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့များလည်း ပါဝင်သည်။

ထို့နောက် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးကိုလည်း တရုတ်နိုင်ငံဘက်က စည်းမျဉ်းအချို့ ဖြေလျှော့ခဲ့ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာ့ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ အဓိကတင်ပို့ရောင်းချကာ တရုတ်မှ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ 

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်စခန်းများမှတစ်ဆင့် တရုတ်နှင့် ကုန်သွယ်နေသည်။ 

၂၀၂၂ ဧပြီမှ ဒီဇင်ဘာ ၂၃ အထိ ထိုနယ်စပ်ဂိတ်များမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ ကုန်သွယ်ထားကြောင်း စစ်ကောင်စီ၏ စီပွား/ကူးသန်းဝန်ကြီးဌာနထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button