သတင်း

ရန်ကုန်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းတွေ့

ရန်ကုန်မြို့သို့ ဝင်ထွက်နိုင်သည့် မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်ကြား လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၆နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိသည်။

လှည်းကူးမြို့နယ် ဘာလားကျေးရွာအုပ်စု၊ ငွေနံ့သာရွာနှင့် အမှတ် ၇ လမ်းမကြီးကြား၊ ငွေနံ့သာရွာ အရှေ့ဘက် ၃ ဖာလုံခန့် အကွာရှိ ကွန်ကရစ်လမ်းဘေးတွင် အစုလိုက်တွေ့ရသည့် ရုပ်အလောင်းများကို စိစစ်ရာတွင် အသက် ၁၆ နှစ်မှ ၂၀ ကြား လူငယ်များဖြစ်သည်ဟု စစ်ကောင်စီခန့် ဒေသအာဏာပိုင်တစ်ဦးက အတည်ပြုသည်။

“ဒဏ်ရာ၊ ဒဏ်ချက်တော့ မရှိပါဘူး။ အဲဒါ (ဘာကြောင့်သေဆုံးရတယ်ဆိုတာ) တော့ မသိရသေးဘူးဗျ။ လောလောဆယ်တော့ (ရန်ကုန်) ဆေးရုံကြီးပို့ထားတယ်။ ဆေးစစ်ချက်မရသေးဘူး။ … လမ်းဘေးမှာ ပုံထားခဲ့တာ” ဟု သူက ပြောသည်။

အလုံပိတ်ကားဖြင့် လိုက်ပါလာစဉ် သေဆုံးသည်ဟု ကြားသိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ကားအတွင်း ခိုးသွင်းလာမူကြောင့် အရမ်းမွန်းကျပ် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပေ။

၂၀၁၂ ခုမှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပြီး အာဏာပိုင်တို့ ဖန်တီးပေးထားသော ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ ပိတ်ဆို့ခံထားရကာ မည်သည့်နေရာကိုမှ ခရီးသွားခွင့်မရသည့် ရိုဟင်ဂျာတို့သည် ဒုက္ခသည်စခန်းများမှတစ်ဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရန် ကြိုးပမ်းစဉ် မကြာခဏ ဖမ်းဆီးခံနေရသည်။

၁၉၆၂ စစ်အာဏာရှင်ခေတ်မှစ၍ ရိုဟင်ဂျာတို့ကို မြန်မာအာဏာပိုင်များက အထောက်အထားမဲ့ဟု သတ်မှတ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်မှတစ်ဆင့် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ကာ ခရီးသွားလာသည်ကို တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေး (လဝက) ဥပဒေဖြင့် ဖမ်းဆီးအရေးယူလေ့ရှိသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ကလည်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် ၁ အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကုန်ကားတစ်စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့မှာ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသူများဖြစ်ကြောင်း RFA သတင်းဌာနက ရေးသားထားသည်။ 

အလာတူပင် အောက်တိုဘာလအတွင်းကလည်း လှည်းကူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်း ဇီးရိုးမိုင်စစ်ဆေးဂိတ်မှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရိုဟင်ဂျာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းဆီးခံခဲ့ရသေးသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ အခြားနိုင်ငံများသို့ ကုန်းလမ်းရေလမ်းဖြင့် လျှို့ဝှက်ထွက်ခွာစဉ် လမ်းခရီးတွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအများအပြားရှိပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၅၀ ဦးခန့် အကျဉ်းကျခံနေရသည်ကို Myanmar Now က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဘာသာရေးအရ အစားအသောက်ဆင်ခြင်ရသည့် ရိုဟင်ဂျာများမှာ ဘားအံထောင်အတွင်း တစ်ပတ်လျှင် အနည်းဆုံးသုံးရက် ထမင်းကို ရေနှင့်သာ ဖျော်စားနေရကြောင်း၊ တွေ့ရာ အရွက်များကို ခူးပြီး ပြုတ်သောက်နေရကြောင်း၊ အဝတ်အစားအပိုရှားပါး၊ ဆပ်ပြာပို့မည့်သူ မရှိသဖြင့် ခန္ဓာကိုယ်အနှံ့ ဝဲ(ယားနာ) ပေါက်နေသော်လည်း ထောင်အာဏာပိုင်တို့က ဆေးကုသမှု မပေးကြောင်း အောက်တိုဘာလမတိုင်မီ ထိုအကျဉ်းထောင်မှ လွတ်မြောက်လာသူနှစ်ဦးက အတည်ပြုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button