သတင်း

တမူးမှာ CDM ဆရာမကို အကြမ်းဖက်ပုဒ်မဖြင့် ထောင်၁၀ နှစ်ချ

ယမန်နေ့ (နိုဝင်ဘာ၂၁)တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော မူလတန်းပြကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၃၀ အရွယ်  ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ယမန်နှစ် နိုဝင်ဘာ ၂၃ တွင် တမူးမြို့ စော်ဘွား ၆ ရပ်ကွက်ရှိ နေအိမ်၌ လာရောက်ဖမ်းဆီးကာ CDM ဝန်ထမ်းများကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲထားသည်။

တမူးမြို့ရဲစခန်းအချုပ်ခန်းတွင် ဖမ်းဆီးထားမှု တစ်နှစ်ပြည့်ရန် နှစ်ရက်အလိုတွင် တမူးခရိုင်တရားရုံးက ယင်းကဲ့သို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“၅၀ (ည) နဲ့ ချလိုက်တာပါ။ ပထမ ရမန်ယူတုန်းက စဆွဲတော့ ၅၄ နဲ့ တရားစွဲတယ်လို့ ပြောတော့ သူက မေးတယ်။ ဘာပုဒ်မလဲဆိုတော့ မသင်္ကာမှုတဲ့။ နောက်မှ ၅၀(ညနဲ့) ပြောင်းစွဲပြီး ခုလိုချလိုက်တာပါ” ဟု အသက် ၅၀ ဝန်းကျင် ထိုအမျိုးသမီးက ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တမူးမြို့ ၊ ချောက်နက်ကြီးကျေးရွာ၊ အမှတ် (၈) မူလတန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်သော ဒေါ်ဟန်နီစုကြည်ဇော်သည် NUG,CRPH တို့နှင့် အချိတ်အဆက်ရကာ ဘဝတူ CDM ဆရာ၊ ဆရာမများကို တစ်ဆင့်ထောက်ပံ့သည်ဟု စစ်ကောင်စီက စွပ်စွဲ အမှုဆင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကက ဆရာ၊ ဆရာမတွေ ကိုဗစ်ဖြစ်လို့ အလှူခံထောက်ပံ့ပေးတာပါ။ သူတို့စွပ်စွဲသလို မဟုတ်ပါဘူး” ဟု ထိုသူက ဆိုသည်။

“ဗဟိုဘဏ်ကတစ်ဆင့် KBZ ဘဏ်က ငွေပေးငွေယူတွေကို သက်သေ CD ပြားဖိုင်ပို့ပြီး အမှုလုပ်တာ။ ငွေပေးငွေယူ အကောင့်တွေက ယခုလက်ရှိ NUG,CRPH ဦးနိုင်နိုင်ဝင်းနဲ့ ဦးဇိုးထန်မောယာရဲ့အကောင့်တွေ ဖြစ်ပါတယ်လို့ စွပ်စွဲပြောဆိုတာ” ဟု မိသားစုနီးစပ်သူက ဆိုသည်။

“ဖုန်းထဲမှာ ဘာသက်သေမှ မရှိခဲ့ဘူး။ ဒါကို မတရားစွပ်စွဲအမိန့်ချတာ”

ဒေါ်ဟန်နီစုကြည်ဇော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တစ်ဦးလည်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တမူးမြို့ ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့ဖူးသဖြင့် စစ်ကောင်စီက ရန်ငြိုးထား နှိပ်ကွပ်ခြင်းဖြစ်နိုင်ကြောင်း တမူးမြို့ခံတစ်ဦးက သုံးသပ်သည်။

“သူက CDM လုပ်ပြီး သူ့ဘာသာလေး အေးအေးချမ်းချမ်း အွန်လိုင်းမှာ ဈေးရောင်းတယ်။ သူ ဝါသနာပါတဲ့ လက်မှုပစ္စည်းလေးတွေ လုပ်တယ်။ တကယ်ကို ရိုးသားအေးချမ်းတဲ့ ဆရာမလေးပါ” ဟု ဆိုသည်။

“တစ်ခုရှိတာက အာဏာသိမ်းမှုကို သူ မကြိုက်ဘူး။ CDM လုပ်ပြီး ဆန့်ကျင်တယ်။ ဆန္ဒလည်း ပြခဲ့ဖူးတယ်။ သူက ပါတီဝင်တစ်ယောက်ဖြစ်ပေမဲ့ ပါတီထဲမှာတောင်မှ မရိုးမသားတွေရှိခဲ့ရင် သူက မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်” ဟု အမည်မဖော်လိုသည့် အထက်ပါမြို့ခံ အမျိုးသားက ဆက်ပြောသည်။

တမူး-ကလေးလမ်း လုံခြုံရေးအခြေအနေ ဆိုးရွားနေချိန်တွင် ဒေါ်ဟန်နီစုကြည်ဇော်ကို ကလေးမြို့နယ်ရှိ အကျဉ်းထောင်သို့ မပို့သေးကြောင်း၊ တမူးမြို့ရဲစခန်းအချုပ်ခန်းတွင်သာ ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း  သိရသည်။

ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံရသူများကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ငွေကြေးဆိုင်ရာထောက်ပံ့မှု ပုဒ်မ ၅၀ (ည) ဖြင့် အမှုဆင်၍ ထောင် ၁၀ နှစ်မှ ထောင်တစ်သက်ချနိုင်သည့် ထိုပုဒ်မဖြင့် လူ ရာဂဏန်းနီးပါးကို အရေးယူနေသည်ဟု ယခုနှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် Myanmar Now က စုံစမ်းရေးသားထားသည်။

မိုဘိုင်းဖုန်းတစ်လုံးလက်ဝယ်ရှိသူသည် KBZ Pay, Wave Money စသည်တို့ဖြင့် တစ်စုံတစ်ဦးထံ ငွေလွှဲထားသည်ဟု သံသယရှိခံရရုံဖြင့် စစ်ကောင်စီက ပုဒ်မ ၅၀ (ည) တပ်၍ အမှုဖွင့်ဖမ်းဆီးနေခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button