သတင်း

တမူးတွင် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ပျူခေါင်းဆောင်အပါအဝင် ၅ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသည့် ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် ပျူအဖွဲ့ဝင် ၄ ဦးကို ဒေသကာကွယ်ရေးအဖွဲ့က ဖမ်းဆီးရမိထားပြီး ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ၃ ဦးကို ပစ်သတ်လိုက်ရသည်ဟု သိရသည်။

တမူးမြို့တောင်ဘက် မိုင်အနည်းငယ်ခန့်အကွာရှိ ထန်းတပင်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးအဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၂၁) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးဆောင်နေသည့် ပျူစောထီးအဖွဲ့ဝင်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“ခုလောလောဆယ်တော့ အရှင်ကတော့ ၂ ယောက် ကျန်တယ်။ ပြည်ခိုင်ဖြိုးအမတ်ရယ်၊ နောက်တစ်ယောက်ရယ်။ မြေပြင်အနေအထားအရ စစ်ဆေးမေးမြန်းတာတော့ မလုပ်ရသေးဘူး” ဟု တမူးခရိုင် PDF တပ်ရင်း ၄ မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

PDF အဖွဲ့က ဖမ်းမိခဲ့သူများအနက် ပျူစောထီးအဖွဲ့ခေါင်းဆောင်မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း အသက် ၅၁ နှစ်အရွယ် ဦးမြင့်အောင်ဖြစ်ကာ စစ်ကောင်စီထံ လက်နက်ချ အလင်းဝင်ပြီးနောက် ပျူစောထီးအဖွဲ့အတွင်း ပါဝင်လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

ဦးမြင့်အောင်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူဟု ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများက ဆိုသည်။

လက်ရှိမြေပြင်အခြေအနေများအရ ဖမ်းဆီးရမိသူများနှင့် ပတ်သက်၍  အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု တမူးခရိုင် PDF တပ်ရင်း ၄ က ဆိုသည်။

ထန်းတပင်ရွာမှ ဖမ်းဆီးရမိထားသည့် ပြည်သူ့စစ်များကို ကာကွယ်ရေးအဖွဲ့များက ခေါ်ဆောင်လာချိန်တွင် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် တစ်ဦး၊ ညနေပိုင်းတွင် တစ်ဦးကို ပစ်ခတ်ခဲ့ရသည်ဟုလည်း အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီထံ အလင်းဝင်ထားသည့် ကာကွယ်ရေးအဖွဲ့ဝင်ဟောင်းသည်လည်း ယနေ့နံနက်ပိုင်းတွင် ထွက်ပြေးရန် ကြိုးပမ်းရာ ကျန်ထွက်ပြေးသူများနည်းတူ ပစ်ခတ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ပြေးတာနဲ့ ပစ်ရတော့မှာလေ။ ပြေးပြီဆိုတာနဲ့ ….နယ်မြေအနေအထားရော အကုန်သိနေ ကြားနေရတာဆိုတော့” ဟု တမူးခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့တွင် Myanmar Now ကို ပြောသည်။

လက်ရှိတွင် ပျူစောထီးခေါင်းဆောင် ဦးမြင့်အောင်နှင့် ကျန်အဖွဲ့ဝင်တစ်ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး နှစ်ဦးစလုံး ကျန်းကျန်းမာမာရှိနေသည်ဟု သိရသည်။

“ပြေးရင်းလွှားရင်းနဲ့ ရတဲ့ဒဏ်ရာပဲရှိတယ်။ ကျန်တာတော့ ဘာမှလုပ်မထားဘူး” ဟု ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တမူးမြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသော်လည်း တမူးမြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအချို့တွင် လှုပ်ရှားနေသည့် ပျူစောထီးအဖွဲ့များလည်း ရှိနေသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တမူးမြို့တောင်ဘက် ပန်းသာရွာကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ ယခုလ ၈ ရက်နေ့မှစ၍ “ပြည်တော်ဝင်စစ်ဆင်ရေး” ဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ တမူးမြို့နယ်အတွင်းမှ ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ငါးရက်ကြာ တိုက်ခိုက်ပြီးနောက် ယခုလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး စတင်လည်ပတ်ရန် ပြင်ဆင်လျက်ရှိသည်။

တမူးမြို့နယ်ရှိး ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ခဲ့စဉ်။

Show More

Related Articles

Back to top button