သတင်း

ဝန်ထမ်း နုတ်ထွက်မှုများနေ၍ ထိန်းချုပ်ရန် စစ်ကောင်စီ နည်းလမ်းရှာနေ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာလာချိန်တွင် အစိုးရဌာနများ၌ အကြောင်းပြချက်မျိုးစုံဖြင့် အလုပ်မှ နုတ်ထွက်သူ၊ နုတ်ထွက်ခွင့်တောင်းခံသူ များပြားနေ၍ အခြေအနေကို ထိန်းချုပ်နိုင်ရေး မူဝါဒတစ်ခု ချမှတ်နိုင်ရန် ဌာနအသီးသီးသို့ စစ်ကောင်စီက အကြံပြုချက်များတောင်းခံထားသည်။

“ဝန်ထမ်းများ ရာထူးမှ နုတ်ထွက်ခွင့်တောင်းခံမှု များပြားလာခြင်းနှင့် စပ်လျဉ်း၍ ရုံး၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးမှု၊ ဆုံးရှုံးမှု မရှိစေရေး ဟန့်တားနိုင်စေရန်အတွက် သင့်မြတ်သည့် စည်းကမ်းချက်မူတစ်ခု ပြန်လည်သတ်မှတ်နိုင်ရေး သဘောထားအကြံပြုချက်များ တင်ပြပေးရန်” ဟု စစ်ကောင်စီ၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက လက်အောက်ဌာနများထံ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။ 

Myanmar Now က ရရှိထားသော အောက်တိုဘာ ၃၁ ရက်စွဲပါ ထိုစာကို နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာရင်းစစ်ချုပ်ရုံးများသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာရင်းစစ်ချုပ်ရုံးများ၏ သဘောထားပြန်ကြားစာအချို့ကိုလည်း Myanmar Now က ဖတ်ရှုခွင့်ရခဲ့ပြီး လုံခြုံရေး၊ လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ မပျော်ရွှင်မှု၊ တာဝန်နှင့် အခွင့်အလမ်း မမျှတမှု၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများကြောင့် ဖြစ်သည်ဟု အကြောင်းပြန်ထားကြောင်း တွေ့ရသည်။

စစ်ကောင်စီကို လက်နက်ကိုင် ခုခံမှု အားအကောင်းဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဦးသိန်းဇော် လက်မှတ်ထိုး၍ နိုဝင်ဘာ ၄ ရက်စွဲဖြင့် စာရင်းစစ်ချုပ်ရုံးထံ ပြန်ကြားစာတွင် ၎င်းတို့ဒေသတွင် လုံခြုံရေးအခြေအနေမှာ အဓိကပြဿနာဖြစ်သည်ဟု ဖော်ပြထားသည်။

အလုပ်မှနုတ်ထွက်မှု လျော့နည်းစေရန် လစာမဲ့ခွင့်အဖြစ် ကာလရှည် ခွင့်ပြုသင့်ကြောင်း၊ ဝန်ထမ်းများ ဆန္ဒပြုသည့် အရပ်ဒေသသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း စစ်ကိုင်းတိုင်းစာရင်းစစ်ချုပ်ရုံးက ထည့်သွင်း အကြံပြုသည်။

အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြန်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင်မူ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဒုညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးက ပြည်တွင်း၊ ပြည်ပ သင်တန်း၊ ဆွေးနွေးပွဲများ တက်ခွင့်ရသည့် ဝန်ထမ်းများကို ပိုမို ထိန်းချုပ်သင့်သည်ဟုပင် နိုဝင်ဘာ ၄ ရက်စွဲဖြင့် စာရင်းစစ်ချုပ်ရုံးထံ အကြောင်းပြန်သည်။

ထိုသို့ အခွင့်အရေးရထားသည့်​ဝန်ထမ်းများအား ကာလတစ်ခု သတ်မှတ်၍ အလုပ်ထွက်ခွင့်ကို ပိတ်ပင်ရန်၊ ထိုမတိုင်မီ ထွက်လိုပါက ငွေလျော်ခိုင်းရန်၊ အလုပ်ထုတ်၍ ဥပဒေကြောင်းအရ အရေးယူရန် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးက အကြံပြုထားသည်။

စစ်ကောင်စီလက်ထက် ဌာနဆိုင်ရာဝန်ထမ်းဘဝမှာ အကြောက်တရားဖြင့်သာ ရှင်သန်နေရသည့် အခြေအနေသို့ ဆိုးရွားစွာ ကျရောက်နေပြီဖြစ်၍ ပျော်ပိုက်သည့်သူ ရှားပါးနေပြီဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာနတစ်ခုတွင် လုပ်သက် ၂၀နှစ် ကျော်ရှိသည့် လက်ထောက်ညွှန်မှူးအဆင့် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။

“ခုနောက်ပိုင်း သိသာတဲ့ ပြောင်းလဲတာဆိုရင် ဝန်ထမ်းတွေ အကုန်လုံးက ကြောက်နေရတာပဲ။ နိုင်ငံရေးနဲ့လည်း မပတ်သက်ရဲဘူး။ ဆက်နွှယ်နေတဲ့သူတွေနဲ့လည်း မဆက်သွယ်ရဲဘူး။ ပတ်သက်တာသိလို့ကတော့ ဘဝပျက်ပြီ” ဟု ၎င်းက ဆက် ပြောသည်။ 

“မိုးချုပ်တဲ့အထိ အလုပ်လုပ်ပေးရတယ်။ ခိုင်းတာတွေက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးပြောရင် ‘အဘခိုင်းတာ အဆင်ပြေသလိုလုပ်လိုက်’ ဆိုပြီး လုပ်ပေးရတာ။ မလှုပ်၊ မဖြုတ်ဆိုတဲ့ မူနဲ့ပဲ နေနေရတာ”

ဌာနအသီးသီး၏ အကြံပြုချက်များပေါ် မူတည်၍ စစ်ကောင်စီက မည်သို့ မူဝါဒချမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ 

သို့သော် စစ်ကောင်စီက စစ်အရာရှိအများအပြားကို အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းရန် အလုံးအရင်း စေလွှတ်မှုများရှိနှင့်ပြီးဖြစ်သည်ဟု အာဏာသိမ်းပြီးနောက် တပ်ကို စွန့်ခွာခဲ့သည့် အရာရှိတစ်ဦးက ပြောသည်။

“အရပ်ဘက်ကလူတွေ ဘယ်လောက်ထွက်ထွက် စစ်တပ်ကလူတွေနဲ့ အစားထိုးပြီးတော့ အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့ သူတို့ရဲ့ စစ်ကျောင်းတော်ကြီး(စစ်တက္ကသိုလ်) ကနေ ရိုက်သွင်းပေးထားတာ” ဟု စစ်သက် နှစ် ၂၀ နီးပါးရှိသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“အရပ်ဘက်ဝန်ထမ်းတွေ အလုပ်ထွက်ချင်စိတ်ဖြစ်အောင်လည်း စစ်ကောင်စီကပဲ လုပ်နေတာ။ ဘာလို့လဲဆိုတော့ စစ်ပိုးဗိုင်းရပ်စ်ကြီးကို အုပ်ချုပ်ရေးယန္တရားထဲမှာ ဆဲလ်တွေမြှုပ်ထားချင်တာ” ဟု စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် ၎င်းက ဆက်ပြောသည်။

“တချို့ဝန်ထမ်းတွေက သူတို့အသက်မွေးဝမ်းကျောင်းအရ CDM သာ မလုပ်တာ။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ CDM မလုပ်ရတာကို အားငယ်တယ်၊ ရှက်ရွံ့တယ်။ စစ်ကောင်စီကို ဆန့်ကျင်ချင်တဲ့စိတ်တွေ ရှိတယ်။ ဒါကြောင့်လည်း စစ်ကောင်စီရဲ့ အတွင်းသတင်းတွေကို သူတို့ဆီကနေ ဆက်ရနေတာ” ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

၂၀၂၀ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲနေ့တွင် အစိုးရဝန်ထမ်းအများအပြားနေထိုင်သည့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတစ်ခုတွင် မဲရုံပိတ်ချိန်အထိ ကြိတ်ကြိတ်တိုး တစ်ခဲနက် မဲပေးနေကြသူများ။ ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းစတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်၍ အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်သူ နှစ်သိန်းထက်မနည်းရှိသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား များစွာ အကျပ်ရိုက်ခဲ့ဖူးသည်။ ထိုပမာဏသည် ဝန်ထမ်းစုစုပေါင်း၏ ထက်ဝက်ခန့်ဖြစ်မည်ဟု ယုံကြည်ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါရီ  ၁ တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ CDM ပြုလုပ်ထားသူ ဝန်ထမ်းအရေအတွက်မှာ ၄ သိန်းခန့် ရှိသည်ဟု ဆိုသည်။

“သမိုင်းမှာ လမ်းကြောင်းမှန်မှန်ရွေးဖို့ အရေးကြီးပါတယ်။ လူ့သမိုင်းမှာ၊ ကိုယ့်သမိုင်းမှာ၊ ကိုယ့်နိုင်ငံရဲ့သမိုင်းမှာ ဘက်မှားပြီး လိုက်မိလို့ အမှားကြီးကို ကျူးလွန်မိတဲ့အဖြစ် မဖြစ်စေချင်ဘူး။ အမှန်တရားဘက်က အမြန်ဆုံးရပ်တည်ပါ” ဟု NUG ၏ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက Myanmar Now ကို ပြောသည်။

စစ်ကောင်စီကလည်း CDM ဝန်ထမ်းများကို ဖမ်းဆီး၊ ထောင်ချခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ မိသားစုဝင်များကိုပါ ရန်ရှာခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်နေသည်။

ပြည်သူမဲပေးသည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုအများအပြားထဲတွင် အစိုးရဝန်ထမ်းတို့၏ CDM လှုပ်ရှားမှုမှာ အထူးထင်ရှားပြီး ၂၀၂၁ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုတွင် ထည့်သွင်း အဆိုပြုခံရသည်အထိ ကမ္ဘာကျော်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button