ရန်ကုန် – ယခင်ဝန်ထမ်းများဖြင့် ဆက်လက်လည်ပတ်ရသော အစိုးရယန္တရား လိုရာခရီး မရောက်နိုင်သေးခြင်းကို နားလည်ပေးရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။
မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရန်အောင်က လူထု၏ ပါဝင်မှု၊ အငြင်းပွားဖွယ် ဥပဒေများ၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြောင်း ပြောပြထားသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရန်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်တစ်ဦး ဖြစ်သည်။
မေး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘာတွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ – အခုလောလောဆယ် လှုပ်ရှားမှုက နှစ်ပိုင်းပေါ့။ လွှတ်တော်တစ်ပိုင်း ကိုယ်မဲဆန္ဒနယ်တစ်ပိုင်းပေါ့။ ကျွန်တော်တို့မြို့နယ်တွေမှာပဲ မဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်လုံးမှာလည်း လိုအပ်ချက်တွေ အများကြီး။ မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆို အလွန်အမင်းရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။ ဒါတွေက ပြန်ပြီးတော့ ဆန်းစစ်ကြည့်မယ်ဆို မြစ်၊ ချောင်းနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ လုပ်နိုင်ခဲ့တဲ့ အခြေအနေမရှိခဲ့ဘူး။ မြစ်ထွက်ပေါက်တွေကို အရင်တုန်းက စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ဘူး။ အမှိုက်တွေ ပိတ်ဆို့တယ်၊ ရေစုကန်တွေ မရှိတော့ဘူး။ မိုးရွာပြီဆို မြို့နယ်တချို့မှာ ရေကြီးတယ်၊ ရေကြီးရေလျှံမှုပြဿနာ ဆက်မဖြစ်အောင် အမြန်ဆုံးလုပ်ဖို့လည်း လိုပါတယ်။ ဒါကတစ်ချက်ပေါ့။ မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆို ရပ်ကွက် ၂ဝ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ဆိုပြီး သိန်း ၁ဝဝဝ ချပေးပါတယ်။ တစ်ရပ်ကွက်ကို သိန်း ၅ဝ ခွဲတမ်း ရပါတယ်။ စနစ်တကျသုံးဖို့ လိုပါတယ်။ သုံးမယ့်နေရာတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်ကြည့်ပါတယ်။ တစ်ခါတလေကျရင် အုပ်ချူပ်ရေးပိုင်းနဲ့ ပြည်သူလူထုကြားမှာ အမြင်က မတူဘူးပေါ့။
လူထုနဲ့တွေ့တဲ့အခါတိုင်း လက်ရှိနိုင်ငံရေး အခြေအနေကို ရှင်းပြပါတယ်။ လက်ရှိလုပ်နေရတဲ့ နိုင်ငံရေး အခက်အခဲအကျပ်အတည်းကို ရှင်းပြပါတယ်။ လူထုအခြေပြုနိုင်ငံရေးစနစ်ကို ပြောင်းလာတာ အခက်အခဲ အကျပ်အတည်းတွေတော့ အများကြီး ရှိတာပေါ့။ တစ်နည်းအားဖြင့် ဒီစနစ်ရဲ့အခင်းအကျင်းနဲ့ လူထုရဲ့စိတ်အခြေအနေက အံဝင်ခွင်ကျ မဖြစ်တာလည်း သွားတွေ့ရတယ်။ တစ်စုံတစ်ရာ စည်းစနစ်ကျဖို့ ဆွေးနွေးတဲ့အခါ လိုက်ပါဖို့ အခက်အခဲရှိတယ်။ ဒါကလူထုဘက်က အနေအထားပေါ့။ နောက်တစ်ခုက အစိုးရကအသစ်၊ ဝန်ထမ်းတွေက အဟောင်းတွေ။ ရှင်းရှင်းပြောမယ်ဆို ဝန်ထမ်းအားလုံးက သစ္စာမခံသေးဘူး။ စိုက်ထုတ်သလောက် ခရီးမရောက်တာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပေါ့။ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့အခါ အလွယ်တကူ အသားကျဖို့တော့ အခက်အခဲ ရှိပါတယ်။
မေး – မင်္ဂလာတောင်ညွန့်ဆိုတာ ဘာသာမတူတဲ့တွေ အတူယှဉ်တွဲနေထိုင်တဲ့ မြို့နယ်ဆိုတော့ ပဋိပက္ခ မဖြစ်အောင်ရော ဘယ်လိုတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ – လောလောဆယ်တော့ ရပ်ကွက်တိုင်းမှာ အဖွဲ့တွေ တည်ဆောက်ထားပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေနဲ့တွေ့ပြီးတော့ ပဋိပက္ခတွေ မဖြစ်ပေါ်အောင် နားလည်မှုတည်ဆောက်ပြီး နေပါတယ်။ ထွေအုပ်နဲ့လည်း အမြဲမပြတ်တွေပါတယ်။ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့လည်း အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ သူတို့ကလည်း ဝိုင်းဝန်း ထိန်းကျောင်းပေးပါတယ်။
မေး – အမှိုက်စနစ်တကျစွန့်ပစ်မှုနဲ့ပတ်သက်ပြီး လူထုပါဝင်လုပ်ဆောင်မှု အပေါ်မှာရော အားရကျေနပ်မှု ရှိလား။
ဖြေ – အမှိုက်ပုံးတွေ ထားပေးထားပေမယ့် တချို့က အံ့သြဖို့ကောင်းတယ်၊ အမှိုက်ပုံးဖွင့်ရမှာကို တော်တော်ရွံနေပုံရတယ်။ အမှိုက်ထုပ်ကို အမှိုက်ပုံးဘေးမှာပဲ ထားခဲ့တယ်။ ကြောင်တွေ ခွေးတွေက ဝင်ဆွဲတော့ အဲ့ဒီအမှိုက်က ဒီအတိုင်းမနေဘူး၊ အနံ့အသက်တွေထွက်၊ အမှိုက်တွေကပြန့်ကျဲ၊ ဒီစနစ်က လူထုဘက်က ပူးပေါင်းဆောင်ရွက်ရမယ့် စနစ်ပါ။ အမှိုက်ကို စနစ်တကျ ပစ်ပါဆိုပြီး ပြောရမှာ အားနာတယ်။ အမှန်က ဒါက ပြောစရာမလိုတဲ့ကိစ္စဗျ။ အလွယ်တကူပစ်တာက ရှိနေတုန်းပဲ။ နောက်ဖေးလမ်းကြားမှာ CCTV တပ်ထားပေမယ့်လည်း အမှိုက်ပစ်နေတာတွေကတော့ ရှိနေတုန်းပါပဲ။ CCTV နဲ့ ထိန်းကျောင်းရတယ်ဆိုတာက သိပ်မဟုတ်သေးဘူး။ အဲ့လိုမှမထိန်းကျောင်းလို့လည်း မရဘူး။
မေး – တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံတရားစီရင်ရေးကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ – တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတယ်ဆိုတာက ကျိန်းသေတယ်၊ သေချာတယ်။ တချို့ကိစ္စတွေမှ ဖိအားတွေနဲ့ လုပ်နေရတာပါ။ ကျွန်တော်တို့ကော်မတီကိုဆိုရင် တရားသူကြီး၊ ရှေ့နေတွေ၊ အုပ်ချူပ်ရေးမှူးတွေကို တိုင်တဲ့စာတွေလည်း အများကြီးရှိပါတယ်။ ၄ဝဝ ကျော်လောက် ရှိပါပြီ။ တရားစီရင်ရေးမဏ္ဍိုင်ကြီး ယိမ်းယိုင်နေတယ်၊ တိမ်းစောင်းနေတယ်ဆိုတာက တော်တော်မကောင်းတဲ့ကိစ္စပါ။ ချက်ချင်းကြီး တည့်မတ်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ ဖြည်းဖြည်းချင်း တည့်မတ်ဖို့ပဲ ဝိုင်းကြိုးစားနေရတဲ့ အနေအထားဖြစ်နေတယ်။
မေး – ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) လို ဥပဒေတွေကို ဖျက်သိမ်းသင့်တယ်လို့များ ယူဆလား။
ဖြေ – ဒီပုဒ်မ နှစ်ခုလုံးက မဖျက်သိမ်းသင့်ဘူး။ ဒါတွေကို လုံးဝဖြတ်လို့တော့ မသင့်ဘူး။ သို့သော်လည်း ခေတ်ကာလနဲ့မလျော်ညီတော့တဲ့ အချက်တွေကိုတော့ ဖြေလျှော့ပေးဖို့လိုပါတယ်။ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍သော်လည်းကောင်း၊ မိမိအသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် ဆက်ဆံရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ၁၇ (၁)လို အခြေအနေမျိုးက အကျုံးမဝင်ဘူး၊ တရားစွဲလို့မရဘူး ဆိုပြီးတော့ ဥပဒေကြမ်းလုပ်ထားတာ ရှိပါတယ်။ တစ်ကြိမ်တည်းနဲ့တော့ အားလုံးနဲ့ကိုက်ညီတဲ့ ဥပဒေ ဖြစ်ချင်မှဖြစ်မယ်၊ ဖြည်းဖြည်းချင်း သွားရမှာပေါ့။ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအခြေအနေနဲ့ကိုက်ညီတဲ့ အချက်တွေကိုတော့ ထပ်ထည့်သင့်ပါတယ်။
မေး – မကြာသေးခင်က သတင်းထောက်တွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆသလဲ။
ဖြေ – သတင်းသမားတွေ တစ်ခုခုဖြစ်တာနဲ့ မီဒီယာကောင်စီက သွက်သွက်လက်လက် ထိထိရောက်ရောက် သက်ဆိုင်ရာကို စာနဲ့ပေနဲ့သွားသင့်လည်းသွား၊ လိုအပ်ရင်လည်း ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ပြီး သွားသင့်ပါတယ်။ ၁၇ (၁) ဥပဒေနဲ့သတင်းမီဒီယာဥပဒေ နှစ်ဦးကြားက ဟနေတယ်။ အဲ့ဒီနှစ်ဦးကြား အဆင်ပြေအောင် မီဒီယာကောင်စီက ညှိနှိုင်းပေးရမှာလေ။ ဒါမျိုးတွေကိုတော့ ကောင်းကောင်းကြီး လုပ်စေချင်တယ်။ ကိုယ့်ဘက်က ပိုပြီးတော့ ပါဝင်ဆောင်ရွက်ဖို့လိုတယ်။ အားလုံးက အလိုအလျောက်ဖြစ်လာမှာ မဟုတ်ဘူးလေ။ စာတင်လိုက်လို့ ကြာမယ်ဆိုရင် မြန်အောင် ဘယ်လိုလုပ်မလဲပေါ့။ ကြာတယ်လို့ပြောလို့ မရဘူးလေ။ နည်းလမ်းတွေ စဉ်းစားရမယ်။ ချင်ချင်း အကျိုးနဲ့အကြောင်းနဲ့ တင်ပြရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ဥပမာ အာဇာနည်နေ့တုန်းက အာဇာနည်ကုန်းမှာဖြစ်သလို ပထမ ခွင့်ပြုထားတဲ့ အရေအတွက်ထက်ကို လျော့နည်းပြီး သတင်းတိုက်တစ်ခုကို တစ်ယောက်ပဲ ဝင်ခွင့်ပြုမယ်ဆိုပြီး ဖြစ်တယ်။ အဲ့လိုအခြေအနေမျိုးကြရင် မီဒီယာကောင်စီက သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဒီဘက်ကာလမှာမှ မီဒီယာရဲ့အခန်းကဏ္ဍက ပိုပြီးတော့ ကြီးမားလာတာလေ။ လိုအပ်ချက်တွေလည်း ဝိုင်းဝန်းပြီး ကြိုးစားရလိမ့်မယ်။ ဒါမှအဆင်ပြေမှာလေ။ အခက်အခဲရှိတယ်ဆိုပြီး ကျွန်တော်တို့က ဒီအတိုင်းကြီးလုပ်လို့ မရဘူး။ ကြန့်ကြာရင် မြန်အောင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေ စဉ်းစားပြီး လုပ်ပေးဖို့လိုပါတယ်။
မေး – လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က သူ့နယ်က မဲဆန္ဒရှင်ပြည်သူကို ၆၆ ဃ နဲ့တရားစွဲတာကို ဘယ်လို သုံးသပ်ချင်လဲ။ ဒီလုပ်ရပ်က နောက်ရွေးကောက်ပွဲအတွက်များ ထိခိုက်နိုင်လား။
ဖြေ – ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်မျိုးကြီးတော့ ခံစားရတယ်ဗျ။ သူတို့ညှိနှိုင်းကြသေးတယ်လို့လည်း ကြားတယ်ဗျ။ ကြည့်ရမြင်ရတာ တစ်မျိုးကြီးတော့ ဖြစ်နေတာပေါ့။ နောက်ရွေးကောက်ပွဲအတွက် ထိခိုက်နိုင်လား ဆိုတာကတော့ ကျွန်တော်တို့တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်နဲ့ပဲ ဆိုင်တယ်လို့မြင်ပါတယ်။ အတတ်နိုင်ဆုံး လူထုပြုံးမယ့်အလုပ်ကို လုပ်ရမှာပေါ့။ ဒေသခံလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်ကို ဒေသခံလူထုက အကဲဖြတ်နေတာဖြစ်တယ်။ ဒါကိုတော့ ကျွန်တော်တို့ သတိကြီးကြီးနဲ့ ဒီဒေသအကျိုးကို ဖော်ဆောင်ဖို့ လိုပါတယ်။ ကိုယ်ကျိုးစီးပွားတွေ ရှာနေမယ်၊ ဒေသခံလူထုရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုမယ်။ ဒေသခံအတွက် နာနာကျင်ကျင်တွေ ခံစားရမယ်ဆိုရင် အဲ့ဒေသခံတွေက ပြန်ပြီးတော့ အကဲဖြတ်ပေးလိမ့်မယ်။ လူထုအကျိုးစီးပွားကို မဖော်ဆောင်နိုင်ဘူးဆိုရင် သိပ်အလားအလာမကောင်းဘူး။ လူထုရဲ့နိုင်ငံရေးသိမြင်မှုက ယခုနောက်ပိုင်း ပိုပြီးတော့ မြင့်မားလာပါတယ်။ ပိုပြီးတော့ နားလည်သဘောပေါက်လာပါတယ်။
မေး – ဦးရန်အောင်ရဲ့ မဲဆန္ဒနယ်မြေနားက ရန်ကုန်ဘူတာကြီးဝန်းကျင်မှာ အထပ်မြင့်တိုက်တွေ ပေါ်လာဖွယ် ရှိပါတယ်။ ကားရပ်နားဖို့နေရာ လုံလုံလောက်လောက် ပါဝင်နိုင်ဖို့ ဘယ်လိုတိုက်တွန်းသွားမလဲ။
ဖြေ – ဒါနဲ့ပတ်သက်ပြီး အစိုးရအသစ်မှာလည်း အတွေ့အကြုံတော်တော်များများရလိုက်ပါတယ်။ အရင်က လုံးချင်းအိမ်တွေက မိသားစုတစ်စုမှာ တစ်ယောက်တည်းနေတာလေ။ အထပ်မြင့်အဆောက် အအုံတွေ အများကြီးဖြစ်တော့ ကားတွေရပ်ဖို့အတွက် နေရာမရှိဘူးလေ။ အခုနောက်ပိုင်းအထပ်မြင့် အဆောက်အအုံတွေ ဆောက်ရင် ကားပါကင်ပါရှိရမယ်ဆိုပြီး လုပ်လာတာတွေလည်း ရှိလာတယ်။ ခက်တာက ရန်ကုန်မှာက မြေက မရှိသလောက်ဖြစ်တယ်။ နောက်ပိုင်းဆောက်မယ့် အဆောက်အအုံတွေမှာတော့ ကားရပ်နားစခန်း၊ ကားပါကင်တွေ ထည့်သွင်းလာတာ တွေ့ရပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အထပ်မြင့်ဆောက်ရင် ကားပါကင်ပါဖို့အတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ မျက်ခြည်မပြတ်ကြည့်နေပါတယ်။ လိုအပ်သလို အကြံပေးဖို့တော့ ရှိပါတယ်။
မေး – ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုရှိလား။
ဖြေ – နှစ်ပေါင်းများစွာရှိခဲ့တဲ့ကိစ္စရပ်တွေကို အချိန်တိုအတွင်း ပြီးစီးအောင် လုပ်လို့မရဘူး အချိန်ယူရလိမ့်မယ်။ အရင်က တစ်ဖွဲ့နဲ့တစ်ဖွဲ့မတွေ့ကြဘူး။ အခုက တွေ့ပြီး စကားဝိုင်းမှာ ထိုင်ပြောကြတယ်။ နောက်မျိုးဆက်သစ်တွေ တိုင်းပြည်အနာဂတ်အတွက် ဆွေးနွေးနိုင်တဲ့အဆင့်ရောက်ပြီ၊ အားလုံး မပြီးပြတ်သေးတာကတော့ ဒါကသဘာဝပဲလေ။ သူဘက်မှာ လိုအပ်ချက်ရှိမယ် ကိုယ့်ဘက်မှာ လိုအပ်ချက် ရှိမယ်။ ထိုက်သင့်တဲ့အချိန်တော့ စောင့်ရမှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတွင်မယ့် စွမ်းဆောင်ချက်တွေ အပေါ်မှာ ကျေနပ်ပါတယ်။ အရင်အစိုးရအဆက်ဆက်မှာ ဒီလိုမရှိခဲ့ဘူးလေ။ သူ့သဘာဝကိုက ချက်ချင်းဖြစ်တဲ့ အလေ့အထမရှိဘူး။ အချိန်တန်မှ အရွယ်ရောက်တာလေ။ ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသား ရင်ကြားစေ့ရေးလို ကိစ္စရပ်တွေက အရမ်းလိုအပ်နေတာ။ နောက်မျိုးဆက်တွေအတွက် ခိုင်မာတဲ့ အခြေအနေသစ် တစ်ရပ်ကို တည်ဆောက်ပေးနိုင်မှ ရလိမ့်မယ်။