အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် အစိုးရဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို လစာပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးက Myanmar Now ကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် Master Budget (ရသုံးဘတ်ဂျက်) ရေးဆွဲနေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် CDM ဝန်ထမ်းများ၏ အမည်စာရင်း၊ လစာများကိုလည်း အဆိုပါ ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲထားသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“အဲ့ဒီဝန်ထမ်းတွေကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့က လစာအပြည့်ပေးမှာပါ။ ကျွန်တော်တို့ရဲ့ အခု ဘတ်ဂျက်လျာထားမှုမှာ လစာအပြည့်ပါပါတယ်” ဟု ၎င်းက ဧပြီ ၂၆ တွင် ပြောသည်။
ဦးတင်ထွန်းနိုင်မှာ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးမှုမှ လွတ်မြောက်ခဲ့ပြီးနောက် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ပြည်သူလူထုက လှူဒါန်းထားသည့် ငွေကြေးများအပြင် အမေရိကန်ဘဏ်တွင် အပ်နှံထားသည့် ဘီလျံနှင့်ချီသော နိုင်ငံပိုင်ငွေကြေးများလည်းရှိကြောင်း ထိုငွေကြေးများကို တောင်းခံသွားမည်ဖြစ်ကာ စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ကုစားရန် အသုံးပြုသွားမည်ဖြစ်သည်ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“ပုံမှန်အတိုင်း လကုန်တိုင်း လခထုတ်ကြတာတော့ မဟုတ်ဘူးပေါ့။ တချို့ ၃ လလောက်မှ သူ့ဆီကို ပို့နိုင်မယ့်အနေအထားရှိရင် ၃ လစာပေါင်းရမှာပေါ့။ ၄ လအထိ မထုတ်ရသေးရင် ဒီ ၄ လစာက ကျွန်တော်တို့အကောင့်ထဲမှာ ရှိနေမှာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ဦးက မတ်လက လက်မှတ်ရေးထိုး အဆိုပြုထားသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်သည့်လှုပ်ရှားမှုဖြစ်သော CDM လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အဓိကကျကြောင်းနှင့် CDM လှုပ်ရှားမှု အောင်မြင်မှုရရှိပါက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်တပ်အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်း ထိုပါမောက္ခများ၏ အဆိုပြုလွှာ၌ ထည့်သွင်းရေးသားသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုဖြစ်သည့် CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်း ၂ သိန်းကျော်ပါဝင်နေပြီး ထိုလှုပ်ရှားမှုမှာ အာဏာသိမ်းစစ်ကောင်စီ၏ အစိုးရယန္တရားမလည်ပတ်နိုင်ရန် ရည်ရွယ်သည်။
ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းအများအပြားမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့ပြီး စစ်ကောင်စီ၏ အစိုးရယန္တရားကို များစွာထိခိုက်စေခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကလည်း ထိုလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းအများအပြားကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းလိုင်းခန်းများအထိ ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်တချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
ဖေဖော်ဝါရီ ၂၈ က စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် အသက် ၅၉ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာရန် မလိုအပ်ကြောင်း ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူချိန်တွင် မူလအလုပ်တာဝန်ရရှိရန်၊ နစ်နာမှုများကို ကုစားနိုင်ရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း CRPH က ဖေဖော်ဝါရီ ၂၃ ကတည်းက ထုတ်ပြန်ထားသည်။