စစ်ကိုင်းတိုင်းအထက်ပိုင်းမှ အင်းတော်နှင့် ကသာမြို့များမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၃၀ ခန့်သည် ပြီးခဲ့သည့်လအတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များထံ လွန်ခဲ့သည့်လအတွင်း ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် သိန်းနှင့်ချီသော နိုင်ငံ့ဝန်ထမ်းများ ပါဝင်ခဲ့ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်ကောင်စီကို စွန့်ခွာရန် သတိပေးစာ အကြိမ်ကြိမ်ထုတ်ပြန်ပြီးနောက် အင်းတော်ရှိ ဝန်ထမ်း ၁၀၂ ဦးနှင့် ကသာမှ ၃၀ ကျော် ဘက်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။
အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများသည် မိုင်၅၀ ခန့် ဝေးသည့် ကောလင်းမြို့ တော်လှန်ရေးတပ်များလက်အောက် ကျရောက်သွားပြီးနောက် မြို့ကို စွန့်ခွာသွားကြောင်း၊ ထို့နောက် ပြီးခဲ့သည့် ရက်များတွင် အင်းတော်-ပအဖနှင့် ဆက်သွယ်ကာ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
အင်းတော်-ပအဖမှ ဦးဆောင်ကာ Non CDM များကို စိစစ်လက်ခံရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး လတ်တလောရရှိထားသည့် စာရင်းများအရ ရဲတပ်ဖွဲ့နှင့် စစ်တပ်မပါဘဲ ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းအင်အား ၁၀၂ ဦး CDM ပြုလုပ်ရန် စာရင်းပေးထားသည်ဟု သိရသည်။
CDM လုပ်မည့်သူများကို တစ်ဦးချင်းအလိုက် စစ်ဆေးပြီး စစ်ကောင်စီနှင့် မပတ်သက်ရန် ခံဝန်လက်မှတ်ထိုးကာ မိမိနေအိမ်တွင်ပင် ပြန်လည်နေထိုင်ခိုင်းထားသည်ဟု အင်းတော်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခု သူတို့ကို ခံဝန်လက်မှတ်ထိုးပြီးတော့ အိမ်ပြန်ခိုင်းတဲ့အထဲမှာတော့ အကုန်မပါသေးဘူး၊ စုံစမ်းစစ်ဆေးရေးတွေလုပ်တယ် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ တော်လှန်ရေးဘက်ကို ဒလန်လုပ်တာ ရှိမရှိ စစ်ဆေးပြီး မလုပ်တဲ့သူတွေကိုတော့ လက်မှတ်ထိုးပြီးပြန်ပို့တယ်”
“တခြားဘယ်မြို့မှ သွားပိုင်ခွင့်မရှိဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေရတယ်၊ သူတို့ကို စောင့်ကြည့်အနေအထားပေါ့” အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
အလားတူ ကသာမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ကိုင်နေဆဲ ရုံးအလုပ်များ ရပ်တန့်ကာ ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်များနှင့်တကွ CDM ပြုလုပ်ကြရန်နှင့် သတိပေးစားထုတ်ပြန်ပြီးနောက် ဝန်ထမ်းများ ဘက်ပြောင်းလာသည်။
ကသာနှင့် အင်းတော်သည် ၁၃ မိုင်ခန့်သာ ကွာဝေးသည်။
ကသာမြို့နယ် ပအဖအဖွဲ့က နောက်ဆုံးရရှိထားသည့် စာရင်းများအရ လက်နက်မကိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ၃၀ ကျော်ရှိပြီး အဆိုပါ အရေအတွက် ဆက်လက်တိုးမြင့်လာနေသည်ဟု ကသာ-ပအဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုလက်ရှိက အလင်းဝင်နေဆဲပါဗျ၊ အရေအတွက်ကတော့ အခု ၃၀ ကျော်ပြီဗျ။ နောက်ထပ်ဝင်လာတာတွေကလည်း တစ်မြို့နယ်လုံးဆိုတော့ ဟိုဘက်လှမ်းမေးလိုက် ဒီဘက်လှမ်းမေးလိုက်နဲ့ ဖြစ်နေသေးလို့” ဟု အဆိုပါ ပအဖတာဝန်ခံက ပြောသည်။
သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၄ ရက်နေ့အတွင်း CDM မလုပ်သည့် ဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်သည်ဟု ကသာမြို့နယ်ပအဖအဖွဲ့က ထုတ်ပြန်ထားသည်။
CDM ဝန်ထမ်းအများစု ဘက်ပြောင်းလာသည့် အဆိုပါ မြို့နှစ်မြို့တွင် စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေပြီး ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ပြီးပါက အဆိုပါ မြို့များသို့ စစ်ရေးမြားဦးလှည့်လာနိုင်သည်ဟု ဒေသခံအများစုက ခန့်မှန်းထားကြသည်။
အင်းတော်မြို့ပေါ်တွင် အရပ်သားအများစု ဆက်လက်နေထိုင်နေကြဆဲဖြစ်ကာ စစ်ကောင်စီတပ်ကလည်း မြို့တွင်း၌ ခံစစ်အနေအထားဖြင့် စစ်ပြင်ဆင်မှုများပြုလုပ်နေသည်ဟု သိရသည်။
ထို့ပြင် မြို့အရှေ့ဘက်ရှိ နဘားလမ်းဆုံတွင် စစ်အင်အားတချို့ဖြင့် အခိုင်အမာဘန်ကာများ တည်ဆောက်ထားသလို မြို့အနောက်ဘက်ရှိ နန့်သာရွာတွင်လည်း စစ်ကောင်စီစစ်ကြောင်းတစ်ခု တပ်စွဲထားသည်ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့ တိုက်ခိုက်ခံနေရချိန်တွင် အင်းတော်မြို့ကိုလည်း စစ်ကောင်စီတပ်က အသည်းအသန် ခံစစ်ပြင်ဆင်နေရသည့်အတွက် ယခင်လို ကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ကြောင်း အင်းတော်မြို့ တောင်ဘက်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သည့် အဆိုပါ ဒေသခံက ပြောသည်။
“ကျွန်တော်တို့ရွာတွေဘက်ဆို အရင်က ခဏခဏလာတာ၊ အခု မလာတာ ကြာပြီ၊ လက်နက်ကြီးကတော့ ကြောက်နေရတုန်းပဲ မြို့ထဲကနေ မထင်ရင် မထင်သလို့ လှမ်းပစ်နေတာရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကိုင်းတိုင်းတွင်လည်း မြို့သိမ်းတိုက်ပွဲများဖြစ်ပွားလာပြီး ခရိုင်မြို့ ကောလင်းနှင့် ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး ထီးချိုင့်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။
ကောလင်းမြို့ကို သိမ်းပိုက်နိုင်သည့် နိုဝင်ဘာ ၈ ရက်မှ စတင်ကာ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့်မြို့များမှ ဒေသခံတချို့ မြို့မှ စွန့်ခွာသွားကြသလို Non CDM အများစုလည်း မြို့ပေါ်မှ ထွက်ပြေးသွားကြသည်။
အဆိုပါ မြို့များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်၏ အထွေထွေအုပ်ချုပ်ရေးယန္တရားများအားလုံး ပြိုကျသွားပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။