သတင်း

ရခိုင်တွင် လူဖမ်းပွဲနှင့် အရပ်သားထိခိုက်မှုများ ဆက်ဖြစ်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ယမန့်နေ့ (နိုဝင်ဘာ ၄) က တောင်ကုတ်မြို့နယ် မအီမြို့၊ နယ်မြေရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟု ယူဆရသည့် အရပ်ဝတ်ဖြင့် အဖွဲ့က ခေါ်ဆောင်သွားသည်။

မအီမြို့နှင့် ၂ မိုင်ခန့်အကွာ မအီ – အမ်း ကားလမ်းကြီးပေါ်က စတွေးရွာတွင် ပြုလုပ်သော ဌာနဆိုင်ရာပေါင်းစုံဘုံကထိန်ပွဲသို့ ရောက်ရှိနေသာ ရဲအုပ် ဝင်းထွန်းနိုင်ကို ၆ ဦးပါ လူတစ်စုက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖမ်းသွားခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ AA ပြောခွင့်ရသူ ခိုင်သုခထံ မေးမြန်း၍ မရသေးပေ။

“တချို့က AA က ဖမ်းသွားတယ်လို့ ပြောကြတယ်။ ဟုတ်မဟုတ်တော့ အတိအကျမပြောနိုင်ဘူး။ ကထိန်ပွဲမှာ ထမင်းစားဖို့ လုပ်နေတာ မစားရသေးဘူး။ အဲဒီအချိန်မှာ ဖမ်းသွားတာလို့ အဲဒီက မျက်မြင်တွေက ပြောကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းမှူး ဖမ်းခံရသည့်နေ့ ည ၁၁ နာရီခွဲခန့်တွင် မအီနှင့် မိုင် ၄၀ ကျော်ဝေးသည့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် ကိုစည်သူကျော်ဇံ(ခ) မိုက်ကယ်ကို စစ်ကောင်စီက လာဖမ်းသွားသည်ဟု မိသားစုဝင်ထံမှ သိရသည်။

“ဘာကြောင့် ခေါ်သွားတယ်ဆိုတာကို ကျွန်တော်လည်း အတိအကျမသိဘူး။ မေးစရာမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ မနက်ကျရင် ပြန်လွှတ်ပေးမယ်ဆိုပြီး အခုထိ ပြန်လွတ်မလာသေးဘူး။ ဘယ်ကို ခေါ်သွားမှန်းလည်း မသိရဘူး။ သူက မိန်းမနဲ့ ရှမ်းခေါက်ဆွဲရောင်းနေတာပါ” ဟု ယနေ့ (နိုင်ဝင်ဘာ ၅) မွန်းလွဲပိုင်းတွင် အထက်ပါ မိသားစုဝင်က ပြောသည်။

ဩဂုတ် ၁ရက် မအီနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် ထွန်းရွှေမောင်ကို AA က ဖမ်းသွားစဉ်ကလည်း စစ်ကောင်စီက မြိုခံအချို့ကို ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်ပေါ်ပေါက်ဖူးသည်။ ကျောက်ဖြူမြို့နယ် စနဲနယ်မြေခံ ရဲစခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကိုလည်း ဇူလိုင်လအတွင်းတွင် AA က ဖမ်းဆီးဖူးသည်။

လပိုင်းအတွင်း တတိယမြောက်အဖြစ် မအီရဲစခန်းမှူး ဖမ်းခံရသည့်နေ့ (နိုဝင်ဘာ ၄) ည ၉ နာရီခန့်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅ မှ စစ်ဦးစီးပထမတန်း (G1) ဒုဗိုလ်မှူးကြီး အောင်ဇော်လင်းဆိုသူက တောင်ကုတ်မြို့နယ် တရားရုံးရှေ့တွင် ဆဲဆိုကြိမ်းမောင်၍ လမ်းသွားလမ်းလာများကို စစ်ဆေးမှုလုပ်ခဲ့သည်ဟု မြို့ခံအချို့ထံမှ သိရသည်။

“(G1) ပါးစပ်ကလည်း ရခိုင်ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကလော်တုပ်နေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့၊ နယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းထွန်းနိုင်ကို နိုဝင်ဘာ ၄ရက် ဘုံကထိန်ပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ-မောင်မောင်ဌေး

မြောက်ပိုင်း

ရခိုင်မြောက်ပိုင်းတွင်လည်း ယနေ့ (နိုဝင်ဘာ ၅) ရက် နံနက်တွင် စစ်တပ်က ပစ်သည့် လက်နက်ကြီးကျည် ကျ၍ ရိုဟင်ဂျာ တစ်ဦးသေ၊ ကလေးတစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဘူးသီးတောင်မြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာ အိမ်ခြေ ၁၃၀ ရှိ သရက်ကင်းမနူးကျေးရွာသို့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒီအတိုင်း လက်နက်ကြီးကျည်က ရွာထဲကို လာကျတာပါ။ အဲဒီမှာ တစ်ယောက်က ဝမ်းဗိုက်နဲ့ မျက်စိတွေကို ကျည်စထိပြီးတော့ သေသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူမှာ အသက် (၃၅) နှစ်အရွယ် အာဘူနော်ရှော့ဖြစ်သည်။ လက်နက်ကြီးစထိမှန်၍ အသက် ၅ အရွယ် မာမတ်ရှာဟတ်က ဘယ်ဘယ်ခြေသလုံး၊ အသက် (၃၂) အရွယ် လိုင်လာက ညာဘက်လက်မောင်းတွင် ဒဏ်ရာရကြောင်း၊ ဘူးသီးတောင်မြို့ ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း ၎င်းထံမှ သိရသည်။

“လက်နက်ကြီးကျည်က ရွာရဲ့ အရှေ့ဘက်ကနေ လာတယ်။ ပစ်တာက လေး၊ ငါး၊ ခြောက်ချက်လောက် ပစ်တာ။ သုံးချက်က ရွာထဲကို လာကျတာပါ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် သရက်ကင်းမနူးကျေးရွာအရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) တပ်မနှင့် အမှတ် ၅၅၁ ခြေမြန်တပ်ရင်းတို့ရှိသည်။

ယနေ့ နံနက် အရုဏ်တက်ချိန်တွင် စစ်ကောင်စီတပ် အထိုင်ချထားသည့် ထိုနေရာတို့မှ လက်နက်ကြီးဖြင့် အဆက်အပြတ် ပစ်ခတ်နေသည်ဟု ဒေသခံအချို့က ပြောကြသည်။

“သရက်ကင်းမနူးရွာကို ကျကွဲလို့ ဘွဲ့ရပညာတတ်၊ ရွာမှာ စေတနာ့ဝန်ထမ်းကျောင်းဆရာ တန်ဖိုးရှိတဲ့လူ (အာဘူနော်ရှော့) ဆုံးသွားတာ စိတ်မကောင်းဘူး” ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဒေသတွင် စစ်တပ်ပစ်သည့် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုများ မကြာခဏဖြစ်နေသည်။

ရခိုင်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်နှင့် နယ်နိမိတ်ဆက်လျှက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ ပစ်ခတ်တိုက်ခိုက်မှု နည်းပါးသည့် ရခိုင်တောင်ပိုင်းတွင်မူ စစ်ကောင်စီက ဒေသခံတို့ကို AA နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် မကြာခဏဖမ်းဆီးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button