သတင်း

ကျောက်တော်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ ကလေး အပါအဝင် ၂ ဦးသေ

ယနေ့ (နိုဝင်ဘာ ၄) တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့အနီး စစ်ကောင်စီရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်စဉ် အနီးနားရှိ စစ်ကောင်စီတပ်များက မြစ်အထက်ပိုင်း ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးတစ်ဦး နှင့် အဘိုးအိုတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာအပြင်းအထန်ရသည်။

သေဆုံးသူတို့မှာ ရွှေပြည်ရွာသစ်ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် ဦးမောင်တူချေနှင့် အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်တို့ ဖြစ်သည်။

၁၂ နှစ်အရွယ် မခိုင်စံမိုး၊ ၂၂ နှစ်အရွယ်ရှိကြသော မနွယ်နွယ်နှင့် မမိုးမိုးနိုင်၊ ၃၅ နှစ်အရွယ် မိုးမိုးနွယ်၊ ၃၅ နှစ်အရွယ် ကိုနိုင်နိုင်ဦး၊ ၃၇ နှစ်အရွယ် မလေးခိုင်တို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ယနေ့ နံနက် ၉ နာရီခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ဘက်မှ ကျောက်တော်ဘက်သို့ တက်လာသည့် စစ်ကောင်စီ၏ ဇက်ရေယာဉ် ၂ စီးသည် ကျောက်တော်မြို့မှ ၂ မိုင်ခန့်အကွာအရောက် AA ၏ တိုက်ခိုက်မှုခံရပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အနီးဝန်းကျင်တွင်ရှိသော စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများကလည်း တစ်ပြိုင်နက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူနေကျေးရွာဘက်သို့ ဦးတည်ပြီး ပစ်ခတ်ခဲ့ကြသည် ဟု ဒေသခံများက ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် ကျောက်တော်မြို့အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ မြစ်အထက်ပိုင်းရှိ ရွှေပြည်ရွာသစ်အတွင်း လက်နက်ကြီးကျည် ၅ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထိုရွာဒေသခံများထံမှ သိရသည်။ 

“ကျွန်တော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒီအတိုင်းအလွတ် တပ်မနဲ့ ဇက်ကနေ လက်နက်ကြီး နဲ့ လှမ်းပစ်နေတာ။ ဆေးရုံအရောက်မှာ တစ်ယောက်သေတယ်။ အဲဒါပြီးတာနဲ့ နောက်ထပ်ရွာကို လက်နက်ကြီးကျည် ကျလို့ ကလေးတစ်ယောက် ထပ်သေတယ်” ဟု ရွှေပြည်ရွာသစ်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

လက်နက်ကြီးကျည် သုံးလုံး နံနက် ၁၀ နာရီခန့်တွင် ကျရောက်ပေါက်ကွဲပြီး နောက်ထပ် တစ်နာရီခန့်အကြာ လက်နက်ကြီးကျည် ၂ လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ပထမတစ်ကြိမ် လက်နက်ကြီးကျည်ကျလို့ လူနာတွေကို ဆေးရုံယူလာတယ်။ ဆေးရုံကို ရောက်တော့ ထပ်ပြီးတော့ ရွာထဲကို လက်နက်ကြီးကျည် ကျတယ်။ အဲဒီမှာ မောင်အောင်မင်းနိုင် သေတယ်။ မိန်းမတစ်ယောက် ဒဏ်ရာ ထပ်ရတယ်” ဟု အထက်ပါ ရွာသားက ဆိုသည်။

အသက် ၈၆ နှစ်အရွယ် ဦးမောင်တူချေမှာ ရရှိသောဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံပို့ရန် ပြင်ဆင်နေဆဲမှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရွှေပြည်ရွာသစ်က အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ရွာထဲကို ပထမ လက်နက်ကြီးကျည် ၃ လုံး ကျပါတယ်။ အဲဒီမှာ ရွာသား ၄ ယောက် ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ ဆေးရုံကို ယူသွားဖို့ နာရေးကားကိုခေါ်လို့ မရတော့ ရွာက ကားငှားလို့ ယူသွားတဲ့အချိန်မှာ ၄ ယောက်ထဲက အသက်ကြီးပိုင်းအဖိုးကြီးက သေတယ်” ဟု ယနေ့ ညနေပိုင်းက ပြောသည်။ 

“ရွာထဲက ဦးမောင်ဖြူချေ အိမ်ကိုလည်း တစ်လုံးကျလို့ အိမ်ပျက်စီးသွားတာ ရှိတယ်။ လက်နက်ကြီး ပစ်တာက ဇက်ကလည်း ပစ်တယ်။ တပ်စခန်းတွေကလည်း ပစ်တယ်လို့လည်း ပြောကြတယ်။ အခု ကျွန်မတို့လည်း အပြင်မထွက် မကြည့်ရဲကြဘူး။ ပုန်းခိုကျင်းထဲမှာ နေနေရတယ်”

တောင်ကုတ်မြို့နယ်တွင် တိုက်ခိုက်ခံရပြီး ပျက်စီးသွားသည့် စစ်ကောင်စီရေယာဉ်တစ်စီးအား စက်တင်ဘာ ၁၆ နေ့လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ ပေးပို့)

ဇက်ရေယာဉ် တိုက်ခိုက်ခံရပြီးနောက် ကုလားတန်မြစ်အထက်ပိုင်း မြစ်ကမ်းဘေးတွင် တည်ရှိသော ကျေးရွာများဖြစ်သည့် ဝင်စု၊ ရုပ်သားရွာများအနီးတွင်ရှိသော စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် တစ်ပြိုင်နက် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

“ပစ်ခတ်မှုဖြစ်တာက ကျောက်တော်အထက် ၂ မိုင်လောက်အကွာမှာ ဖြစ်တာ။ ဖြစ်တဲ့နေရာနဲ့ ရွှေပြည်ရွာသစ်နဲ့ ၅ မိုင်လောက် ဝေးတယ်။ ဖြစ်တဲ့နေရာနဲ့ အဲဒီရွာက ဘာမှမဆိုင်ဘူး” ဟု သူက ဆိုသည်။ 

ပစ်ခတ်မှုများအတွင်း AA နှင့် စစ်ကောင်စီတပ်တို့ ထိခိုက်မှုအခြေအနေ မည်သို့ ရှိသည်ကို မသိရသေးပေ။

စစ်တပ်၏လက်နက်ကြီးကျည် ကျရောက်သည့် နေရာတွင် AA တပ်သားများ ရှိမရှိကိုလည်း မသိရသေးပေ။

ဇက်ရေယာဉ်နှင့် တပ်ရင်းတပ်စခန်းများက လက်နက်ကြီးကျည်များ အဆက်အပြတ် ပစ်ခတ်နေမှုကြောင့် ကျောက်တော်မြို့ စျေးကြီးနှင့် စာသင်ကျောင်းများကိုလည်း ယနေ့ အရေးပေါ် ယာယီပိတ်လိုက်ရသည်ဟု မြို့ခံများထံမှ သိရသည်။

“မနက် ၉ နာရီကျော်ကတည်းက မြို့ထဲကတောင် ပစ်ခတ်သံကို ကြားနေရတော့ စျေးရောင်းနေကြတဲ့ လူတွေက ဆိုင်ကို ပိတ်လိုက်ကြတယ်။ ကျောင်းသားတွေလည်း အားလုံးထွက်ပြေးကြတော့ ကျောင်းကိုလည်း ပိတ်လိုက်ရတယ်။ ဒါက မြို့ထက်က အခြေအနေ၊ တခြားနေရာတွေကိုတော့ မပြောတတ်ဘူး” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်များ ကြားဖြတ် တိုက်ခိုက်ခံနေရသည်။ 

စက်တင်ဘာ ၁၆ က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် စစ်ရေယာဉ်တစ်စီးကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်က အရပ်သားများသေဆုံးမှုနှင့် တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button