သတင်း

အကျဉ်းကျနေသူ၊ သေပြီးသူတို့ကိုပါ ကျိုက်ထီးရိုး ပစ်ခတ်မှုဖြင့် စစ်ကောင်စီ စွပ်စွဲ

ခရီးသည်အမျိုးသမီးသုံးဦးသေဆုံးသည့် ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ် ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ကောင်စီက စွပ်စွဲရာတွင် သေဆုံးပြီးသူများ၊ အကျဉ်းထောင်ထဲ ရောက်နှင့်ပြီးသူများပါ ပါဝင်လာသည်။

ရဲတစ်ဦးပါ သေဆုံးခဲ့ရပြီး ပြည်သူ ၁၉ ဦး ဒဏ်ရာရခဲ့သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကားဂိတ် အောက်တိုဘာ ၁၂ ရက်က ပစ်ခတ်မှုဖြင့် စစ်ကောင်စီက အမှုဖွင့်မည့် စာရင်းတွင် ပြင်ပ၌ မရှိသူများကိုပါ ထည့်သွင်းထားသည်။

ယမန်နေ့ (အောက်တိုဘာ ၃၁) ညပိုင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ကို အကြီးအကျယ် အပြစ်ဖို့ထားသည်။

ထိုအမှုဖြင့် စစ်ကောင်စီ စွပ်စွဲသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပါဝင်သည်။ ဝန်ကြီးချုပ်သည် စစ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသူဖြစ်သည်။   ထောင်ဒဏ် ၂၅ နှစ် ချခံထားရပြီး ကျိုက်မရောထောင် ရောက်နေသည့် ဝန်ကြီးချုပ်က ထိုပစ်ခတ်မှုနှင့် မည်သို့ဆက်စပ်သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

စစ်ကောင်စီ ထုတ်ပြန်ချက်တွင် KNLA တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့၊ မွန်ပြည်နယ်လွှတ်တော် ဘီလင်းမြို့နယ် အမှတ်၂ ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုတို့၏ အမည်များလည်း ပါဝင်သည်။

ဗိုလ်မှူးချုပ် စောပလေ့သည် ယမန်နှစ် ဩဂုတ်လ အသက်  ၅၆ နှစ်အရွယ်တွင် ၉၆ ပါးရောဂါဖြင့် သေဆုံးခဲ့ပြီး ဖြစ်သည်။

အသက် ၅၀ အရွယ်  ဦးကျော်မျိုးမင်းကို ဇွန်လကုန်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ 

ထို့အတူ အာဏာသိမ်းပြီးကတည်းက တိမ်းရှောင်နေရသည့် မွန်ပြည်နယ် NLD အမတ် ၄ ဦးကိုလည်း စစ်ကောင်စီက ကျိုက်ထီးရိုးပစ်ခတ်မှုတွင် ထည့်သွင်း စွပ်စွဲထားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီး အောက်တိုဘာ ၁၂ ရက် ပစ်ခတ်မှုတွင် ထိခိုက်သူတစ်ဦး။ ဓာတ်ပုံ-ပေးပို့

အဆိုပါ ပစ်ခတ်မှုကို ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူဖူးသူ CDM ရဲတပ်ကြပ် အေးမင်းထွန်းက ဦးဆောင်ပြုလုပ်သည်ဟု စစ်ကောင်စီ စွပ်စွဲထားသည်။

ကျိုက်ထို PDF တာဝန်ခံ ကိုအေးမင်းထွန်းကမူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ လိမ်လည်ခြင်းပင်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

စစ်ကောင်စီက ညွှန်ကြားသူဟု စွပ်စွဲထားသည့် ဒေါက်တာအေးဇံနှင့် လွန်ခဲ့သည့် နှစ်နှစ်နီးပါး အာဏာသိမ်းပြီးချိန်ကတည်းက အဆက်အသွယ်မရှိတော့ကြောင်းလည်း ကိုအေးမင်းထွန်းက ဆက်ပြောသည်။

“သူတို့ပစ်တာကို PDF တွေ ပစ်တာပါဆိုပြီး ဖုံးတယ်။ အခုလည်း ဒီဖြစ်စဉ်ကို ထပ်ပြီး ဖုံးဖိချင်လို့ ဘယ်သူ့ညွှန်ကြားချက်တွေပါဆိုပြီး (သေပြီးသူ၊ ထောင်ကျနေသူ) မရှိတော့တဲ့သူတွေပါ ထည့်ထားတာ။ အဲဒါက ကွက်ကွက်ကွင်းကွင်းကို လိမ်တာ ပေါ်လွင်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘုရားဖူးတွေကို စစ်ကောင်စီသတ်တယ်ဆိုတာ အမြင်ပိုရှင်းသွားစေပါတယ်” ဟု ၎င်းက ပြောသည်။

ကင်းပွန်းစခန်းတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကျိုက်ထို PDFက လက်နက်ငယ်ဖြင့် သွားရောက် တိုက်ခိုက်သည်မှာ မှန်သော်လည်း လက်နက်ကြီးပါသုံး၍ ရမ်းသန်းပြန်ပစ်သည့် စစ်ကောင်စီကြောင့် ပြည်သူများ ထိခဲ့ရခြင်းဖြစ်သည်ဟု ကိုအေးမင်းထွန်းက ဆိုသည်။

စစ်ကောင်စီက ကိုအေးမင်းထွန်းကို ထိုအမှုအပြင် ကျိုက်ထိုမြို့တွင်း ပေါက်ကွဲမှု၊ အရေးကြီးပုဂ္ဂိုလ်များကို လုပ်ကြံရန် စီစဉ်မှုတို့ဖြင့်ပါ စွပ်စွဲကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ထောင်တစ်သက်အထိ ချနိုင်သည့် ပုဒ်မ ၅၀ (က)၊ (ဈ) တို့အပြင် ထောင် ၇ နှစ် ချနိုင်သည့် ၅၂(က) ဖြင့်ပါ အမှုဖွင့်ထားသည်ဟု ဆိုသည်။

သေပြီးသူ၊ ထောင်ကျနေသူတို့ကို မည်သည့်ပုဒ်မများဖြင့် အရေးယူမည်ကိုမူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ရှင်းလင်းစွာ မတွေ့ရပါ။

စစ်ကောင်စီက ထိုသို့ ရမ်းသန်းစွပ်စွဲမှုများအနက် အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းခံရသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်စဉ်မှာ အထူးထင်ရှားသည်။ ဖမ်းခံရပြီးမှ NLD ပါတီက ထုတ်ပြန်သည့် ကြေညာချက်အတွက် တာဝန်ရှိသည်ဆိုကာ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ စစ်ကောင်စီက ထောင် ၂ နှစ် ချဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button