သတင်း

ကျောက်တော်တွင် ရွာထဲ လက်နက်ကြီးကျပြီး ကလေးတစ်ဦးအပါအဝင် ၃ ဦးသေ

ယမန်နေ့ (အောက်တိုဘာ ၃၁) ညက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၉ ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးသွားသည်။

ယမန်နေ့ ည ၁၁း၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ရာ မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ  ပီးချောင်းဝအနီး အိမ်ခြေ ၁၀ လုံးကျော်ခန့်သာရှိသော ပီစိကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

ထိုရွာမှ အသက် ၄၅ နှစ်အရွယ် ဦးစိုးဝင်း၊ ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် ဒေါ်သန်းသန်းဝေနှင့် သမီးဖြစ်သူ ၁၃ နှစ်အရွယ် မဖြိုးဖြိုးဝေတို့ သေဆုံးသွားသည်။ 

“စကခ ၉ တပ်မက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ မိသားစုတစ်စုက ၃ ယောက် သေတယ်။ အိမ်လည်း လုံးဝ ပျက်စီးသွားတယ်။ မနေ့က ည အချက် ၁၀ ‌ကျော်လောက် ပစ်ခဲ့တယ်။ ဒီမနက် ၆ နာရီလောက်ကလည်း အချက်ပေါင်းများစွာ ပစ်ခဲ့သေးတယ်” ဟု ထိုရွာမှ ရွာသားတစ်ဦးက ပြောသည်။

ဦးစိုးဝင်းနှင့် သမီးဖြစ်သူ မဖြိုးဖြိုးဝေတို့တွင် ရင်ဘတ်၊ ဒေါ်သန်းသန်းဝေမှာ ဦးခေါင်းကို ကျည်စထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မိသားစု ၄ ယောက်ရှိတဲ့အထဲက ၃ ယောက်ဆုံးသွားတာ။ သားဖြစ်သူက နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်လို့ သိရတယ်။ အခု သေဆုံးသွားတဲ့ အဲဒီမိသားစုတွေရဲ့ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံကို ပို့ဖို့လုပ်နေကြတယ်။ အိပ်နေကြတဲ့အချိန်မှာ အိမ်ကို လက်နက်ကြီးကျည်ကျလို့ သေဆုံးကြရတာပါ” ဟု အမည်မဖော်လိုသည့် အထက်ပါ ပီစိကျေးရွာသားက ဆိုသည်။ 

၅၀ နှစ်ဝန်းကျင် ဦးထွန်းတင်ဆိုသူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ရွာအတွင်း လက်နက်ကြီးကျည် ၆ ချက်ခန့် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်များ၊ နွားများ ထိခိုက်ပျက်စီးကြောင်း ပြောသည်။ 

“ဦးမျိုးချစ် ဆိုတဲ့လူမှာ နွားမ နှစ်ကောင် သေတယ်။ တစ်ကောင်က ကိုယ်ဝန်နဲ့။ နှစ်ကောင်က ဒဏ်ရာရသွားကြတယ်။ နောက်ပြီးတော့ အိမ် ၄ ဆောင်လောက် ပျက်စီးတယ်။ အဲဒီအထဲမှာ ၂ ဆောင်ကတော့ လုံးဝပျက်စီးသွားတာ” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ထိုရွာသားက ဆိုသည်။

လက်နက်ကြီးကျည်ထိမှန်သွားသော နေအိမ်တစ်လုံးကို ယနေ့ နိုဝင်ဘာ ၁ တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

စကခ (၉) သည် လူနေရပ်ကွက်၊ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

အောက်တိုဘာ ၁၇ တွင်လည်း ထိုနေရာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကျောက်တော်မြို့နယ် အထက်ပိုက်သည်ကျေးရွာမှ အသက် ၃၀ အရွယ် ရိုဟင်ဂျာအများသမီးတစ်ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၂၉ ညပိုင်းတွင် ကျောက်တော်မြို့နယ် ကန်စောက် ၅၃၉ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဆင်မကျော်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ကျောက်တော်မြို့ပေါ်တွင် အောက်တိုဘာ ၂၂ မှ ၂၈ ရက်အထိ အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုသည် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲ၍ ဒေသခံများကို ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့သေးသည်။

ထိုစစ်သားများက မြို့တွင်း လှည့်ပတ်ကာ ပစ်ခတ်သည်၊ လမ်းသွားလမ်းလားများတွေ့ရှိပါက ရိုက်နှက် စစ်ဆေးသည်၊ ကျောင်းသားလူငယ်များအပါအဝင် မြို့တွင်း စျေးရောင်းသူများနှင့် မြို့ခံအချို့ကို ရိုက်နှက်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းအမှောင်ချထားသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့သည့် ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ဒေသတွင်း အခြေအနေ တင်းမာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button