သတင်း

ချင်းဒေသမြောက်ပိုင်းတွင် စစ်တပ်နှင့် CNA တိုက်ပွဲဆက်နေ

ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်က ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေစိုးမိုးရေးလုပ်ရန် ကြိုးပမ်းလာသည့်အတွက် အောက်တိုဘာ ဒုတိယပတ်မှ စတင်၍ စစ်ရေးတင်းမာနေသည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

အောက်တိုဘာ ၁၃ မှစတင်၍ ဟားခါးမြို့အနီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဟားခါးနှင့် ထန်တလန်ကြား ဗျူဟာအရ အရေးပါသည့် သီးရ်မြစ်ကူးတံတားအနီး စစ်ကောင်စီက နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာသည့်အတွက် ယနေ့ (အောက်တိုဘာ ၁၇) တွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“၁၃ ရက်နေ့က စဖြစ်တာ မငြိမ်သေးဘူး” ဟု ဆလိုင်းထက်နီက Myanmar Now ကို ယနေ့ ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်၊ CNA အဖွဲ့ဝင် ၃ ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ကလည်း ဟားခါးပညာရေးကောလိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို CNA က သွားရောက်ပစ်ခတ်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအချို့ရှိပြီး လက်နက်အချို့ ရရှိခဲ့သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်ရန် မျှော်မှန်းထားသည့် စစ်ကောင်စီတပ်က ချင်းပြည်နယ်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က ဒီနှစ်အတွင်းမှာ ချင်းတောင်မှာ နယ်မြေစိုးမိုးနိုင်ဖို့ Plan (အစီအစဉ်) ရှိထားတယ်။ ကျေးလက်ဒေသတွေကို နယ်မြေစိုးမိုးရေးဆိုပြီး သူတို့က ပြင်ဆင်နေတယ်” ဟု ဆလိုင်းထက်နီက သုံးသပ်သည်။ 

“ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုခွဲချေမှုန်းဖို့က အဓိကရည်ရွယ်ချက်ပဲ။ အဲဒါမှသာ နောက်နှစ်မှာ ၂၀၂၃ မှာ ရွေးကောက်ပွဲကို လုပ်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်တယ်”

စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များတွင် နယ်မြေစိုးမိုးထားပြီး အနီးအနားကျေးရွာများကို‌ CNA အဖွဲ့၊ CDF ခေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များက စိုးမိုးထားသည်။

CNA  တပ်ဖွဲ့ဝင်တချို့ကို မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Zero/Chinland Information Center)

ဟားခါးမြို့တော် မြောက်ဘက် မိုင် ၁၀၀ ကျော်ခန့်အကွာရှိ တီးတိန်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးရုံးနှင့် သမဝါယမရုံး မီးရှို့ခံရပြီးနောက် စစ်တပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။

ထိုသို့ တီးတိန်မြို့ ဌာနဆိုင်ရာရုံးနှစ်ခု မီးရှို့ခံရပြီးနောက် အောက်တိုဘာ ၁၄ တွင် မြို့တွင်းရှိ ဘုန်းကြီးကျောင်း၌ စစ်သား၂၀ နီးပါး လာရောက်တပ်စွဲထားကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) တာဝန်ခံက ပြောသည်။  

“မီးရှို့မှုတွေ ဖြစ်ပြီးနောက်ပိုင်း မြို့ပေါ်ဘုန်းကြီးကျောင်းမှာပဲ တပ်စွဲလိုက်တယ်” ဟု ထိုသူက ဆိုသည်။ 

တီးတိန်မြို့မှ မိုင် ၃၀ ခန့်အကွာရှိ သိုင်းငင်းရွာတွင် ဖွင့်ထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မကြာသေးမီက ဟားခါးနှင့် တီးတိန်ကြားရှိ ဖလမ်းမြို့တွင်လည်း ရဲတစ်ဦး ပစ်သတ်ခံရသည်။ 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေသော ချင်းပြည်နယ်တွင် လာမည့် ပွင့်လင်းရာသီ၌ တစ်ကျော့ပြန် စစ်ရေးလှုပ်ရှားမှုများ ဖြစ်လာနိုင်ခြေရှိကြောင်း၊ စစ်အင်အားအများအပြား ပို့ထားရသော မြေပြန့်ဒေသတိုက်ပွဲများကြောင့် ချင်းဒေသကို လေကြောင်းမှ တိုက်ခိုက်နိုင်ခြေရှိကြောင်း ဆလိုင်းထက်နီက သုံးသပ်သည်။

“ပြည်သူတွေအားလုံးကတော့ တိုက်ပွဲကတော့ နောက်ဆုံးတိုက်ပွဲအနေနဲ့ သတ်မှတ်ပြီးတော့ ဖြုတ်ချတဲ့အထိကို ဝိုင်းဝန်းပြီးတော့ ဆက်လက်ပြီးတော့ လုပ်ကြဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ အားတောင့်ထားဖို့တော့ ကျွန်တော်က ပြောချင်တာပါ” ဟု သူက ဆိုသည်။

အလားတူ ပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ ကျင်ဒွေးစခန်းကို အောက်တိုဘာ ၁၅ တွင် စစ်တပ်က ရဟတ်ယာဉ် နှစ်စီးဖြင့် လူအင်အားဖြည့်တင်းခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ထိုစစ်ရဟတ်ယာဉ်နှစ်စီးကို အမြင့်တစ်နေရာမှ ပစ်ခတ်ခဲ့ကြောင်း ဆီတိုင်ကီ ပေါက်ပြီး ပန်ကာတစ်ချောင်း ကျိုးသွားကြောင်း CDF (ကန်ပက်လက်) က ထုတ်ပြန်ထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စတင်ကာ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှ လူဦးရေ တစ်သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အနက် ချင်းပြည်နယ်မှ ပြည်သူ ၃၉၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးရုံး (UNOCHA) ၏ အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button