သတင်း

ရခိုင်၊ မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်လုနီးနီးဖြစ်နေ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တစ်ကြော့ပြန်တိုက်ပွဲပြင်းထန်လာသည့် ရခိုင်ပြည်နယ် အတွင်း ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းများကို စစ်တပ်ကပိတ်ဆို့ထားပြီးနောက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောဒေသ ကုန်သွယ်မှုတုံ့ဆိုင်းသွားသည်။

ရန်ကုန်မှ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ထိုမှ ရ ပြည်နယ်မြောက်ပိုင်း မောင်တောအထိ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွင် စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်ထား၍ ခရီးသွားရန်နှင့်  ကုန်ပစ္စည်းသယ်ယူရန်ခက်ခဲနေကြောင်း  နယ်စပ်ကုန်သည်အချို့ထံမှ စုံစမ်းသိရှိရသည်။

“စစ်တွေနဲ့မောင်တော သွားလာလို့မရတဲ့အတွက်၊ ဇက်  (ကုန်တင်ရေယာဉ် တို့ ဘာတို့ သွားလာလို့မရတဲ့အတွက် ပစ္စည်းပို့လို့မရလို့ တုံ့ဆိုင်းနေတာပါ” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ 

မောင်တောနယ်စပ်စခန်းကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း ကုန်ရှားပါးသဖြင့် စက်လှေအငယ်စား တစ်စီးပြည့်ရန် သုံးလေးရက်စုဆောင်းပြီးမှ ကုန်ပစ္စည်းတင်ပို့နိုင်ကြောင်း ၎င်းက ဆိုသည်။ 

“စစ်တွေတို့ ရန်ကုန်ပြည်မတို့ဘက်က နောက်ထပ်အသစ်ဝင်လာတာမရှိဘူး။ မောင်တောမှာ ယခင်ကတည်းက ကြိုပြီးတော့ရောက်နေတဲ့ ပစ္စည်းလေးတွေရှိတယ်။ အဲ့ဒါလေးတွေကို တစ်ပတ်လောက် မှာ စက်လှေနှစ်စီးလောက် သွားနိုင်တယ်။ ယခင်တုန်းက တစ်ရက်မှာ သုံးစီးကနေ ငါးစီးအထိသွားတာပေါ့” ဟု ထိုသူက ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်သို့ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ငါးမြစ်ချင်းကဲ့သို့ ရေထွက်ကုန်လည်းတင်ပို့နိုင်ခြင်းမရှိကြောင်း၊ ယခင်ကတည်းက တင်သွင်းမှု နည်းပါးသည့် ဘင်္ဂလားဒေ့ရှ်ဘက်မှ သွင်းကုန်ပစ္စည်း များ မရှိသလောက်ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့်   ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်း၊ ကြက်သွန်၊ ဂျင်းစိမ်းနှင့် နနွင်းတို့တင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေတိုင်ကီ၊ အိုးခွက်ပန်းကန်နှင့် လူသုံးကုန်ပစ္စည်းများတင်သွင်းကြောင်း မောင်တောနယ်စပ်ကုန်သည်များထံမှ သိရသည်။ 

နယ်စပ်ကုန်သွယ်မှုတုံ့ဆိုင်းသဖြင့် ကုန်သွယ်မှုကို မှီခိုလုပ်ကိုင်နေရသည့် ကုန်သည်များနှင့် အလုပ်သမားများ ထိခိုက်မှုရှိကြောင်း ၎င်းတို့က ဆိုသည်။ 

ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်းသည် စစ်တွေနှင့် ပြည်မဘက်မှ စားသောက်ကုန်များကို ဝယ်ယူစားသုံးနေရသည့် မောင်တောဒေသကိုပါ ရိုက်ခတ်မှုရှိကြောင်း ၎င်းတို့က ပြောသည်။

ရခိုင်ပြည်နယ်တွင် မောင်တောနှင့် စစ်တွေ နယ်စပ်စခန်းနှစ်ခုမှ ဘင်္ဂလားဒေရှ်နှင့်ကုန်သွယ်နေသည်။ 

၂၀၂၂ ဧပြီမှ စက်တင်ဘာ ၁၆ အထိ ကုန်သွယ်မှု ပမာဏမှာ စစ်တွေမှ အမေရိကန်ဒေါ်လာ ၉၅ သန်း၊ မောင်တောမှ ၁၀ သန်းကျော် ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရသိရသည်။ 

ရခိုင်တွင် တိုက်ပွဲများဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို AA က တစ်ခုပြီးတစ်ခုသိမ်းပိုက်လျက်ရှိရာ စစ်ကောင်စီကလည်း စစ်အင်အားတိုးချဲ့ချထားပြီး ကုန်ပစ္စည်းနှင့် လူသွားလူလာကို စစ်ဆေးမှုတင်းကျပ်ထားသည်။

ပြည်နယ်မြောက်ပိုင်းရှိ လမ်းပိုင်းအချို့ကို AA က ထိန်းချုပ်ထားရာ စစ်ကောင်စီက ရေလမ်းကြောင်းမှ စစ်သည်အင်အား ရာနှင့်ချီဖြည့်တင်းလျက်ရှိသည်ဟုလည်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်လျက်ရှိရာ နယ်စပ်ဖြတ်ကျော်ကျရောက်မှုရှိသဖြင့် အခြေအနေကိုစောင့်ကြည့်၍ တုန့်ပြန်သွားမည်ဟု ဘင်္ဂလားဒေရှ်ဘ့က်က ပြင်းပြင်းထန်ထန် ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button