သတင်း

သံတွဲနှင့် မောင်တောတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

AA ထိုးစစ် ရွေ့လျားလာသော ရခိုင်တောင်ပိုင်းတွင် လေတပ်နှင့် ရေတပ်က အပြင်းအထန် တိုက်ခိုက်ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီး လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

ယမန်နေ့ (ဧပြီ ၁၅)  တစ်ရက်အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီ လေတပ်နှင့် ရေတပ်က အပြင်းအထန် တိုက်ခိုက်ခဲ့သလို ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ တစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့သည်။

မွန်းတည့် ၁၂ နာရီခွဲခန့်တွင် သံတွဲမြို့မှ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော ရွှေလှေ၊ နတ်မော်ကျေးရွာတို့အနီး တောင်ကုန်းများပေါ်သို့ လေတပ်နှင့် ရေတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ည ၉ နာရီခန့်အချိန်တွင် မောင်တောမြို့အဝင် မြို့သူကြီးရွာအခြေစိုက် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။

ကန်သာယာ(အထက်)ရွာနေ အသက် ၃၈ နှစ်အရွယ် ကိုကျန်မောင်စိန်ဆိုသူမှာ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲသော လက်နက်ကြီးစ ဦးခေါင်းကို ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါရွာနေ အသက် ၁၇ နှစ်အရွယ်များ ဖြစ်ကြသော မောင်မျိုးလှိုင်နှင့် မသန္တာဌေး၊ အသက် ၄၇ နှစ်အရွယ် ဦးမောင်မောင်သိန်းတို့ ဒဏ်ရာရခဲ့သည်ဟု ဒေသအခြေစိုက် Arakan Princess မီဒီယာတွင် ဖော်ပြထားသည်။

အလားတူ ယမန်နေ့က သံတွဲမြို့နယ် တိုက်ခိုက်မှုတွင် ရွှေလှေ၊ နတ်မော်ကျေးရွာတို့ အနီးရှိ တောင်တန်းများပေါ်သို့ လေတပ်က ဗုံး ၆ လုံး ကြဲချခဲ့ပြီး ပင်လယ်ပြင်တွင် ရပ်ထားသော စစ်ရေယာဉ်ကလည်း အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်ဟု သံတွဲဒေသခံများက ပြောသည်။

“၁၂ နာရီခွဲတိတိမှာ ဗုံးတစ်လုံး စပြီးတော့ ကျတယ်၊ နောက်နှစ်မိနစ်အကြာမှာ တစ်လုံးထပ်ကျတယ်။ သံတွဲမှာက တိုက်ပွဲဖြစ်မနေဘူး။ တိုက်ပွဲဖြစ်တာက အရင်ရက်က ဖြစ်ခဲ့တာ။ ထိတိုက်တွေ့ပြီးတော့ ဖြစ်ကြပြီးတော့ နောက်နေ့မှ လာပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေ ဖြစ်မှာပေါ့ ဗုံးလာကြဲတာပေါ့” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်ကတည်းက သံတွဲမြို့အနီး စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့ပွားပြီး ပစ်ခတ်သံများကြားခဲ့ရကြောင်း သံတွဲဒေသခံများအဆိုအရ သိရသည်။

သံတွဲမြို့ခံ နောက်တစ်ဦးကလည်း “လူနေရွာတွေနဲ့ မဝေးလှပေမဲ့ မနေ့က ပစ်ခတ်မှုမှာတော့ လူမထိခဲ့ဘူး။ နွားနှစ်ကောင်တော့ ဗုံးစမှန် သေသွားတယ်။ မြို့ပေါ်ကနေကို အသံအတော်ကျယ်ကျယ်ကြားရတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ၆ ချက်လောက် ကြားခဲ့တယ်။ အနီးဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲက ၁၃ ရက်နေ့က ဖြစ်ခဲ့တာ” ဟု ဆိုသည်။

ယမန်နေ့က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲမြို့တွင် လူအသွားအလာ နည်းပါးသွားသော်လည်း သင်္ကြန်လည်ပတ်သူတချို့ကမူ ရှိနေသေးသည်ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။

“ပျော်တဲ့လူကတော့ ပျော်နေကြတာပါပဲ၊ သီချင်းဖွင့်ပြီး ကတဲ့လူကလည်း ကနေကြတယ်။ (သင်္ကြန်) လည်တဲ့လူကလည်ပေါ့…ဒါမျိုးတွေကတော့ ရှိနေတာပါပဲ”

AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ အမ်း၊ မောင်တောရှိ စစ်တပ်စခန်းများကို တိုက်ခိုက်နေရာ တိုက်ပွဲဧရိယာသည် သံတွဲမြို့အနီးထိ ရောက်ရှိလာသည်။

ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသည့် ကာလအတွင်း သံတွဲဒေသခံ ဆယ်နှင့်ချီ ဖမ်းဆီးခံခဲ့ရပြီး မတ်လ တတိယပတ်ကလည်း အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံထားရသလို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၇ ဦးက စစ်ကောင်စီ၏ စစ်ထဲမဝင်မနေရ ဥပဒေအရ လူသစ်စုဆောင်းပေးခြင်း မပြုလိုသဖြင့် ထွက်စာတင်ခဲ့ကြသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စတင်ခဲ့သည့် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ထိုးစစ်များမှာ ပြည်နယ်တောင်ပိုင်းသို့ ချဉ်းကပ်လာနေသည်။

AA ၏ ဧပြီ ၁၃ ရက် ထုတ်ပြန်ချက်အရ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကလည်း AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်တုံ့ပြန်နေရာ ဒေသခံ ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။

ဧပြီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း ဘူးသီးတောင်​​မြို့နယ်၊ သိမ်တောင်ဈေး (မွတ်စလင်) ရွာကို လေတပ်က နှစ်ကြိမ် ပစ်ခတ်တိုက်ခဲ့ရာ အသက် ၃၀ အရွယ် မာမောက်တူးဆောင်းလ်၏ ညာဘက်ရင်အုံတွင် အစထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့သေးသည်။

Show More

Related Articles

Back to top button