သတင်း

ပခုက္ကူတွင် ဖမ်းမိသော ဗိုလ်မှူး ထွက်ပြေး၍ ကာကွယ်ရေးအဖွဲ့ ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဗိုလ်မှူးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ရာ ခုခံထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း Earthquake People’s Defense Force အမည်ရ မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

ယမန်နေ့ (စက်တင်ဘာ ၂၀)တွင် ပခုက္ကူမြို့ မြောက်ဘက် ၃ မိုင်ကျော်အကွာ အနောက်ချောက်ကန်ရွာ၌ အသက် ၅၈ နှစ်အရွယ် ဗိုလ်မှူးအောင်ထွန်း ဆိုသူကို တရားရုံးစာရွက်စာတမ်းများနှင့်အတူ နေအိမ်တစ်ခု၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

အရှေ့ချောက်ကန်ရွာ​ဇာတိဖြစ်သော ဗိုလ်မှူးအောင်ထွန်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် တာဝန်ကျနေသူဖြစ်ပြီး နေရပ်သို့ ခဏပြန်လာစဉ် သတင်းရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Earthquake People’s Defense Force ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။ 

“သွားဖမ်းတုန်းက နေအိမ်ဆိုပေမဲ့ သူအမြဲနေတဲ့အိမ်မဟုတ်ဘူး။ …သူတွေ့နေကျ အမျိုးသမီးတစ်ယောက်နဲ့ အတူရှိနေတာ။ အမျိုးသမီးကိုတော့ ဘာမှ မလုပ်ခဲ့ဘူး။ သူ့ကိုပဲ ဖမ်းခေါ်လာတာ။ လမ်းကြောင်းမှာ ထွက်ပြေးဖို့ ကြိုးစားတော့ ရှင်းပစ်လိုက်ရတယ်” ဟု ဆိုသည်။ 

အနောက်ချောက်ကန်ရွာအနီး စစ်ကောင်စီကင်းစခန်းတစ်ခုရှိသောကြောင့် အဆိုပါနေအိမ်ကို အသေးစိတ်ရှာဖွေနိုင်ခြင်းမရှိခဲ့ကြောင်း၊ သို့သော် ပခုက္ကူခရိုင်တရားရုံးနှင့် ရဲမှတ်တမ်းများ၊ ဒရုန်းတစ်စင်းနှင့် ရဲအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများအား PDF ဘက်မှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ထိုသူ၏ဓာတ်ပုံနှင့် စာရွက်စာတမ်းများကို ဒေသကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တာဝန်ထမ်းဆောင်သည့်တပ်နှင့် ပတ်သက်ပြီး အသေးစိတ်မသိရပေ။

သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများအနက် ပြစ်ချက်တင်ထားသည့် အမှုတွဲများလည်း ပါဝင်ကြောင်း၊ လက်ရှိတွင် စိစစ်နေဆဲဖြစ်ကာ စစ်ကောင်စီနှင့် ဆက်စပ်သူများကို အရေးယူဆောင်ရွက်သွားမည်ဟု ကိုပိန်က ပြောသည်။

ယင်းဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာ အနီးတစ်ဝိုက် လုံခြုံရေးတင်းကျပ်ထားပြီး နေအိမ်များကို လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မြိုင်-ပခုက္ကူကားလမ်းပေါ်တွင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က စစ်ဆေးရေးပြုလုပ်နေစဉ် ဒုဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်အဆင့် စစ်ထောက်လှမ်းရေးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button