အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူတွင် စစ်ကြောင်းဝင်စဉ် ရွာနှစ်ရွာ မီးရှို့ခံရ၊ အိမ်ခြေ ၁၀၀ ခန့် ပြာကျ

နိုင်ငံအလယ်ပိုင်း မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ရေးလှုပ်ရှားနေပြီး ကျေးရွာနှစ်ရွာကို နှစ်ရက်ဆက်၍ မီးရှို့ခဲ့ရာ အိမ်ခြေ ၁၀၀ ဝန်းကျင် ပျက်စီး ဆုံးရှုံးခဲ့သည်။

ပခုက္ကူမြို့ အနောက်ဘက် ၁၀ မိုင်ကျော်အကွာ ကန်တော်ရွာနှင့် ၂၅ မိုင်ဝန်းကျင်အကွာ ဆားကျင်းရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ အမျိုးသားတစ်ဦးထံမှ သိရသည်။

ကန်တော်ရွာကို ယမန်နေ့ (ဇန်နဝါရီ ၃၀) နေ့လယ် ၁၂ နာရီခန့်တွင် စစ်သားနှင့် စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ (ပျူစောထီး) အင်အား ၁၀၀ ကျော် ဝင်ရောက်ကာ ညနေ ၄ နာရီခန့်တွင် မီးစရှို့သည်ဟု ၎င်းက ဆိုသည်။

“ရွာတောင်ပိုင်းဖြစ်တဲ့ ပခုက္ကူ-ကံမ-ပေါက် လမ်းဘေးကအိမ်တွေကို ရှို့သွားတယ်။ အိမ်ခြေ ၇၀ လောက် ပါသွားတယ်။ (မီးဘေးသင့်) ပြည်သူတွေကတော့ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာပဲ အခုရှိနေပါတယ်”။

ကန်တော်ရွာမှ ယနေ့ (ဇန်နဝါရီ ၃၁ ရက်) တွင် စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာသွားပြီး မြိုင်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ရွာများမှ ဒေသခံများကို ဖမ်းဆီးနေသည်ဟု ၎င်းက ဆက်ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာ မီးရှို့ဖျက်ဆီးခံထားရသည်ကို ဇန်နဝါရီ ၃၁ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ထို့အတူ ဆားကျင်းရွာသို့ ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီအင်အား ၁၀၀ ခန့် ရောက်လာပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၃၀ ကျော် ဆုံးရှုံးသွားကြောင်း၊ နေ့တွင်းချင်း စစ်ကြောင်းပြန်ထွက်စဉ် ဆားကျင်း တောင်ဘက်ကပ်လျက် မြိုင်မြို့နယ် စဘေရွာမှ ဒေသခံအချို့ ဖမ်းခံရသည်ဟု ကြားသိရကြောင်း ပခုက္ကူမြို့နယ် ပကဖတာဝန်ခံက ပြောသည်။

“(စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့) ထိတွေ့တိုက်ပွဲတော့ မရှိနေဘူး။ PDF တွေ ဒီရွာတွေမှာ ဝင်အလုပ်လုပ်နေတယ်ဆိုပြီး ထုံးစံအတိုင်း ဝင်ရှို့သွားတာပါ” ဟု ၎င်းက ဆိုသည်။ လတ်တလောတွင် ကန်တော်နှင့် ဆားကျင်းရွာတစ်ဝိုက်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုအားကောင်းရာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ ၁၆ ရွာထက်မနည်း မီးရှို့ခံထားရသည်ဟု တော်လှန်ရေးအင်အားစုများဘက်က စာရင်းများအရ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button