သတင်း

PDF ၈ ဦး စစ်ကောင်စီလက်အောက် ဝင်ရောက်ဟု ပခုက္ကူ ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အခြေစိုက်သော၊ ဓားပြမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့မှ ၈ ဦး လက်နက်များ ယူဆောင်ကာ စစ်ကောင်စီနှင့် သွားရောက်ပူးပေါင်းသည်ဟု သိရသည်။

Defense Team Pakokku အဖွဲ့မှ ခေါင်းဆောင် ကိုအောင်သူ ခေါ် Snake, ကိုစိုင်းတုန်ချစ်၊ ကိုသော်ဇင်ခန့်၊ ကိုဝေဖြိုးပိုင်၊  Earthquake Defense Force အဖွဲ့မှ တိုက်ခိုက်ရေး ဒုတိယခေါင်းဆောင် ကိုအာကာစိုးမြင့်၊ ကိုဝင်းမင်းအောင်၊ ကိုမြတ်မင်း၊ ကိုသက်နိုင်ဦးတို့ ဖြစ်သည်။

ကိုအောင်သူသည် ဆေးကုမည်ဆိုကာ အဖွဲ့မှ ဧပြီလအတွင်းက ထွက်ခွာသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတစ်ဦးက ပြောသည်။

မေ ၂၅ တွင် ကျန် ၇ ဦး ထွက်ပြေးကြစဉ် Defense Team Pakokku အဖွဲ့မှ သေနတ် ၂ လက်နှင့် ကျပ် သိန်း ၄၀၀၊ Earthquake Defense Force အဖွဲ့မှ သေနတ် ၂ လက်နှင့် ငွေကျပ် သိန်း ၂၀၀၀ ပါသွားကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့သည့် ထိုနှစ်ဖွဲ့၏ လက်ကျန်အင်အား မည်မျှရှိပြီး မည်သို့ ဆက်လက်ရပ်တည်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။

“သူတို့ ဟိုဘက်ကို ပေါင်းသွားတဲ့ပုံစံက ဒီကိစ္စမဖြစ်ခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီရဲ့ အလင်းဝင် ဖောင်ပုံစံကို စစ်ကောင်စီဂိတ်နဲ့ နီးတဲ့ ကျေးရွာတွေက ရပြီး လုပ်သွားတယ်လို့ ယူဆပါတယ်။ သူတို့ဆီမှာ အဲဒီဖောင်ကို မြင်လိုက်တဲ့သူရှိပါတယ်” ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။

ထိုသူများအားလုံး ပခုက္ကူမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်တွင် ရှိနေသည်ဟု သိရသည်၊ ယခင်က တက်ကြွစွာ လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူအချို့ကို ပြန်ပေးဆွဲ ငွေတောင်းခဲ့သည်ဟု ပခုက္ကူပကဖက ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို သတင်းပို့ထားသည်ဟုလည်း ထိုတာဝန်ခံက ပြောသည်။

“လုံခြုံရေးအရ ပြောပြလို့မရပေမဲ့လို့ ပြည်သူတွေဆီက ပိုက်ဆံတောင်းတာတွေ၊ ဓားပြတိုက်တဲ့ အမှုတွေရှိပါတယ်။ သူတို့ ၂ ဖွဲ့လုံးက ကျူးလွန်ထားတာ ပေါင်းရင် ၁၅ မှုလောက် ရှိပါတယ်။ ဒါတွေကို ခရိုင် တိုင်းအဆင့်ဆင့် MOD ကို သတင်းပို့ထားပါတယ်” ဟု ပကဖတာဝန်ခံက ပြောသည်။

“သေနတ်နဲ့ အာဏာ၊ စည်းစိမ်၊ ငွေနောက်ကို လိုက်သွားကြတဲ့၊ ပြည်သူက ကျွေးထားပြီး ပြည်သူက ကာကွယ်ထားတဲ့ဟာကို ခုလို သစ္စာဖောက်သွားတဲ့ကိစ္စက ပြည်သူတွေအတွက်ရော ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ပါ လုံးဝခွင့်မလွှတ်နိုင်တဲ့အရာတစ်ခုပါ”

အထက်ပါစွပ်စွဲချက်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ သွားရောက် လက်နက်ချ ပူးပေါင်းသည်ဆိုသူ ၈ ဦးကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထို ၈ ဦးသည် ပခုက္ကူမြို့ပေါ်တွင် နေထိုင်သူများ ဖြစ်ကြောင်း ပခုက္ကူပကဖ၏ မေ ၂၆ ရက်စွဲတပ် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ဧရာဝတီမြစ်ဘေးရှိ ပခုက္ကူမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များ ၂ နှစ်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ထို ၈ ဦး၏ အနေအထားကြောင့် အဖွဲ့များ၏ လုံခြုံရေးအခြေအနေကို သတိထားကြရန်လည်း ထိုထုတ်ပြန်ချက်များတွင် တိုက်တွန်းထားသည်။

Earthquake Defense Force အဖွဲ့သည် ၂၀၂၂ တွင် မြိုင်မြို့နယ်မြောက်ပိုင်း၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ လင်းကတောရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု၊ ပခုက္ကူမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာမှ အနောက်ဘုန်းကန်ရွာ စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်မှုတို့ကို လုပ်ဆောင်ဖူးသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများ ရင်ဆိုင်နေရပြီးနောက် မြေပြင်တပ် အင်အားချည့်နဲ့နေချိန်တွင် လေကြောင်းကိုသာ အားကိုးနေရသည့် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို နည်းလမ်းမျိုးစုံ ဖြိုခွဲရန် ကြိုးပမ်းနေသည်။

မေ ၁၉ ရက်ကပင် စစ်ကောင်စီက ၎င်းတို့ထံ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းလျှင် ငွေပေးမည်ဟု နှုန်းထားအမျိုးမျိုး သတ်မှတ်ထုတ်ပြန်ထားသည်။

တော်လှန်ရေးအဖွဲ့များကလည်း အလားတူ ကြေညာထားပြီးဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button