
ယမန်နေ့ (အောက်တိုဘာ ၂၁) က မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုကို မြို့နယ်သုံးခု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းပစ်ကူပေး၍ ခုခံခဲ့ ရကြောင်း သိရသည်။
မြိုင်မြို့မှ ၁၆ မိုင်အကွာ ပုသိမ် – မုံရွာကားလမ်းမပေါ်ရှိ လင်းကတောရွာရဲစခန်းကို မကွေးတိုင်းရှိ မြိုင်၊ ရေစကြိုနှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ PDF အဖွဲ့ပူးပေါင်းကာ နေ့တဝက်နီးပါး စီးနင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်တပ်က နှစ်ကြိမ်တိုင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သည်။
“စခန်းကို ကျွန်တော်တို့က မရမက သိမ်းမယ်။ စခန်းမရသ၍ မဆုတ်ဘူးဆိုပြီးချတာ။ လေယာဉ်နဲ့ အပစ် ခံရတာလဲ ပထမဆုံးပွဲပဲ။ ရဲဘော်တွေလည်း စည်းစည်းလုံးလုံးဖြစ်ပါတယ်။ ကိုယ်အကာအကွယ်နဲ့ဆိုတော့ ဒီကောင်တွေ တည်နေရာ ရှာမရဘူး” ဟု မြိုင် PDF ၏ တပ်ရင်း ၂ တာဝန်ခံ ဗိုလ် Crossက ပြောသည်။
ရဲစခန်းကို ဝင်ရောက်ရာတွင် ပခုက္ကူမြို့နယ်အခြေစိုက် Earthquake ဟုအမည်ပေးထားသည့် PDF အဖွဲ့ လည်း ပါဝင်ခဲ့ပြီး မွန်းတည့်ချိန်မှ ညနေ ၆ နာရီခွဲအထိ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်အား ၅၀ ခန့်ရှိ ရဲစခန်းကို ဝင်တိုက်စဉ် ခြံစည်းရိုးအတွင်းပိုင်းအထိ ထိုးဖောက်နိုင်ခဲ့သော်လည်း စစ် ကောင်စီဘက်က Mi35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲသည့်အပြင် နောက်တစ်ကြိမ်ရောက်လာကာ စက်သေနတ်ဖြင့် အနီးကပ် ပစ်ကူပေးခဲ့သည်ဟုဆိုသည်။
“စခန်းနားကို ကျွန်တော်တို ကပ်နိုင်သွားပြီ။ ခြံစည်းရိုးနားရောက်တဲ့အချိန်မှာ လေယာဉ်လာတဲ့အတွက် ကြောင့် နောက်ပြန်ဆုတ်ပြီး အကာအကွယ်ယူနေကြတာ။ လေယာဉ်နဲ့ပစ်ပြီးတော့ ကျွန်တော်တို့ ပြန်ပစ်ရတာ” ဟု ၎င်းက ပြောသည်။
ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် မြေပြင်တွင် အသာစီးရခဲ့သော်လည်း လေယာဉ်ပစ်ကူကြောင့် အခက်အခဲဖြစ်ခဲ့ရသည်ဟု ယမန်နေ့တိုက်ပွဲတွင် ပါဝင်ခဲ့သူ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
“လေယာဉ်ကိစ္စသာရှင်းနိုင်ရင် ဒီထက်ပိုပြီး ကောင်းကောင်းလုပ်နိုင်မှာ။ တိုက်ပြီး နှစ်နာရီလောက်နေတော့ တော်တော် အခြေနေကောင်းနေပြီ။ အထဲဝင်တဲ့သူတွေ ဝင်နေပြီ။ လေယာဉ်ရောက်လာတော့ မြင်သာတဲ့ နေရာကနေ အကာအကွယ်ရှိတဲ့နေရာတွေ ယူရတယ်။ လေယာဉ်နဲ့ မိနစ် ၄၀ လောက်ပတ်ပစ်သွားတယ်။ လေယာဉ်ပြန်သွားတော့မှာ ကျွန်တော်တို့ ပြန်တိုက်ရတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဘက်က ပထမအကြိမ်ရောက်လာသည့် ရဟတ်ယာဉ်ပြန်ထွက်သွားစဉ် ရဲစခန်းကို ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း စစ်ကိုင်းဘက်မှ လေယာဉ် ၅ စီး ထပ်တက်လာသည်ဟု သတင်းရသဖြင့် ခေတ္တ တပ်ဖျောက်နေခဲ့ရကြောင်းလည်း သိရသည်။
ညနေ ၄ နာရီကျော် အချိန်တွင် ရဲစခန်းကို သိမ်းယူနိုင်ရေးအတွက် ပြန်လည်တိုက်ခိုက်ခဲ့ကြကြောင်း၊ တစ်နာရီကျော်အကြာတွင် စခန်းအတွင်း၌ စစ်ကောင်စီက ပြုလုပ်ထားသည့် ဘန်ကာ ၄ ခုအနက် ၃ ခုကို စီးနင်းနိုင်ခဲ့သော်လည်း လေးခုမြောက်ကို စီးနင်းနေစဉ် နောက်တစ်ကြိမ် လေယာဉ်ရောက်လာသည်ဟု ဆိုသည်။
“ဘန်ကာ ၄ ခုရှိတာ ၃ ခုလောက်ကို သိမ်းပြီးပြီ။ ကျန်တဲ့တစ်ခုကို ခြံစည်းရိုးတွေဖျက်၊ မီးရှို့နေတဲ့ အချိန်မှာ Mi35 တစ်စီးထပ်လာပြီး စက်လက်နဲ့ လာပစ်တယ်” ဟု မြိိုင် PDF မှ ဗိုလ်Crossက ပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ စခန်းသိမ်းပုံစံအတိုင်းပဲ တိုက်တာ။ ခြံစည်းရိုးဖျက်တယ်။ မိုင်ရှင်းပြီး ဝင်ကြတာ။ လေယာဉ်နဲ့ လာပစ်တာက ရွာဘေးက သစ်တောအစပ်တွေကို ပစ်တာ။ ကျွန်တော်တို့ ဆုတ်သွားပြီ ထင်ပြီးတော့။ ညနေဘက်လာပစ်တော့လည်း ရွာအစပ်တွေကိုပဲ ပစ်သွားတာ” ဟုလည်း ၎င်းက ဆက်ပြောသည်။
ခြောက်နာရီကျော်ကြာ တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု ခန့်မှန်းရသော်လည်း အတည်မပြုနိုင်သေးဟု သိရသည်။
“ညပိုင်းကျတော့ ကိုယ့်လူ၊ သူ့လူမှားမှာ စိုးတဲ့အတွက် တပ်ပြန်ဆုတ်ခဲ့တာ။ ဒီကောင်တွေ အော်သံကြား ရတယ်။ စခန်းမှူးထိတယ်။ ဘယ်နေရာက ပစ်တာလဲ။ စခန်းမှူးထိအောင်ပစ်တဲ့နေရာက ဘယ်နေရာလဲ ဆိုပြီး လက်ညိုးတွေထိုးပြီး စက်လက်တွေနဲ့ (စခန်းထဲကနေ) ပစ်တာ” ဟု ဗိုလ် Cross က ပြောသည်။
ဒေသခံ PDF များက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် ရဲစခန်းမှူးက လေယာဉ်ပစ်ကူပေးရန် ဖုန်းဆက်တောင်းဆို သည်ကိုပင် ကြားရသည်လည်း ၎င်းက ပြောသည်။
“စခန်းမှူးဆို ဖုန်းဆက်တာ အသံတွေ တုန်နေပေ့ါ။ လေယာဉ်လွှတ်ပေးပါတော့ဆိုပြီး လျှောက်ဆက် နေ တာ။ ကျွန်တော်တို့ကို အနောက်တောင်ဒေါင့်က ဖိပစ်နေပါတယ်။ လေယာဉ်လွှတ်ပေးပါတော့ဆိုပြီး ဒုတိယတစ်ခါ ခေါ်ခိုင်းနေတာ”
ညနေ ၆ နာရီခွဲတွင် လူသူမကွဲတောသဖြင့် ပြန်လည်ဆုတ်ခွာလာကြကြောင်း၊ ထို့နောက် ညပိုင်းတွင် စစ်ကူလာသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။
မြိုင်၊ ရေစကြို၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တို့ ထိစပ်ရာဒေသရှိ လင်းကတောရွာ ရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ဒေသခံ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးသည်။
ထိုစဉ်က ရဲစခန်းကို ဝင်စီးကာ အဆောက်အအုံ ၁၁ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်အပြင် သေနတ် ၉ လက် နှင့် ခဲယမ်းကျည်ဆန်များ၊ ဗုံးသီးများ သိမ်းပိုက်နိုင်ခဲ့ကာ ဖမ်းမိသည် ရဲတပ်ဖွဲ့မိသားစုဝင် ၁၃ ဦးကိုမူ ပြန်လွှတ်ပေးခဲ့သည်။
ယခုလဆန်းပိုင်းကလည်း နယ်မြေချင်း ထိစပ်နေသော ထိုမြို့နယ်သုံးခုမှ PDF အဖွဲ့များ ပူးပေါင်း၍ ပုလဲ မြို့နယ် ကျားတက်ရွာရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)