သတင်း

ပျူစောထီးရွာကို PDF ဝင်တိုက်၊ ပျူ ၂ ဦးကို အရှင်ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ပျူစောထီးအားကောင်းသည့်ရွာကို ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

ပျူစောထီးအင်အား ၂၀ ခန့်ရှိသော ပခုက္ကူမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ အနောက်ဘုန်းကံရွာကို နယ်မြေချင်းထိစပ်နေသည့် ပခုက္ကူ၊ ရေစကြို၊ မြိုင်အခြေစိုက် ကာကွယ်ရေးတပ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နာရီဝက်ခန့်ကြာ အနီးကပ်တိုက်ပွဲဖြစ်ပြီးနောက် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိနိုင်ခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Earthquake People’s Defense Force ဆိုသော တော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ဘက်ကတော့ လက်နက်ကြီးပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လက်နက်ငယ်တွေနဲ့ပဲ ရွာထဲကို ဝင်ပစ်တာ။ ပစ်တာကတော့ အနီးကပ်ပဲ အထိခိုက်အခြေအနေ အတိအကျက မသိရဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် အနောက်ဘုန်းကံရွာခံ ပျူစောထီးအဖွဲ့ဝင်ကို ထိန်းသိမ်းထားပြီး ဒေသကာကွယ်ရေးအဖွဲ့များက အနောက်ဘုန်းကံရွာကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်က လေးမိုင်ခန့်အကွာမှ ရွာနှစ်ရွာကို ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့သည်ဟု သိရသည်။

ထိုသို့ စီးနင်းခံရသဖြင့် အနောက်ဘုန်းကံရွာနှင့် ၄ မိုင်အကွာရှိ ကန်တော်ရွာမှ အိမ် ၇၀ ကျော်နှင့် ဆားကျင်းရွာမှ အိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟုလည်း သိရသည်။​

ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ဖြိုခွင်းလျက်ရှိရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ထောင်နှင့်သောင်းနှင့်ချီသော ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း ပခုက္ကူမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စစ်တပ်၏ မီးရှို့မှုများကြောင့် ဒေသခံ ၂၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဇန်နဝါရီ ၃၁ ရက် အနောက်ဘုန်းကံရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲရုပ်သံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button