သတင်း

ပခုက္ကူခရိုင် ထောက်ပို့ ၃ ဦး အသတ်ခံရမှု ကျူးလွန်သူကို အရေးယူမည်ဟု KNU ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ပခုက္ကူခရိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ သုံးဦးကို သတ်ဖြတ်၍ လက်နက်များယူဆောင်သွားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။ 

လက်နက်ဝယ်ယူသည့်ကိစ္စဖြင့် KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာအုပ်စု၊ ဖားကျရွာတွင် ရောက်ရှိနေသည့် တော်လှန်ရေးအဖွဲ့ဝင်များဖြစ်သော ထောက်ပို့တပ်သား ကိုရဲဒင်း၊ ဦးပညာစာရနှင့် အခြားရဲဘော်တစ်ဦးတို့ အောက်တိုဘာ ၂၂ တွင် အသတ်ခံရခြင်း ဖြစ်သည်။

AK နှင့် M 16 အမျိုးအစားတို့ပါဝင်သည့် မောင်းပြန်သေနတ် ၁၄ လက်၊ ပစ္စတို ၃ လက်ကိုလည်း ယူဆောင်သွားကြသည်။ 

အမှုစစ်ဆေးဆဲဖြစ်သောကြောင့် သတင်းထုတ်ပြန်ဦးမည်မဟုတ်ဟု KNU ဒူးပလာယာခရိုင် (တပ်မဟာ ၆) အတွင်းရေးမှူး ပဒိုစောလစ္စတန်က Myanmar Now ကို ယနေ့ ပြောသည်။ 

“ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာပါ။ လောလောဆယ်တော့ ထုတ်ပြန်ဖို့ မဖြစ်နိုင်သေးပါ” ဟု သူက ပြောသည်။

KNDO တပ်ရင်း ၆ ဒုထောက်လှမ်းရေးမှူး ဌေးဝင်းအပါအဝင် လေးဦးကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ KNDO တပ်ရင်း ၆ တပ်ရင်းမှူးကိုပါ သက်သေအဖြစ် ခေါ်ယူစစ်ဆေးနေကြောင်း၊ အခင်းဖြစ်သည့်ရွာနှင့် အနီးဝန်းကျင်ရွာများကိုလည်း စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။  

“ဒီကိစ္စက ကျွန်တော်တို့ KNUရဲ့ နိုင်ငံရေးသိက္ခာကို တအားထိခိုက်သလို တော်လှန်ရေးအတွက်လည်း တအားနစ်နာမှု ဖြစ်ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အမှုစွဲချက်တင်ပါက သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များကို တရားရုံး၌ သက်သေခံပစ္စည်းအဖြစ် တင်ရမည်ဖြစ်သော်လည်း အဆိုပါလက်နက်များ ရှေ့တန်းစစ်မျက်နှာသို့ ရောက်နေသည်ဟု ဆိုသည်။

“ခုက ပြုသူ၊ ကျူးလွန်သူတွေက ပစ္စည်း(လက်နက်ခဲယမ်း)တွေကို တစ်နေရာတည်း မဟုတ်တဲ့နေရာတွေကို ရွှေ့ပြောင်းလိုက်တော့ အခုက အဲ့ဒါတွေအကုန် ပြန်လိုက်နေရတာ” ဟု ၎င်းက ဆိုသည်။

သတ်ဖြတ်ခံလိုက်ရသော NUG ထောက်ပို့အဖွဲ့ဝင် ၃ ဦး ရုပ်အလောင်းများ။ (ဓာတ်ပုံ-ပေးပို့) 

ခုံရုံးတင်ရာတွင်လည်း ပါဝင်ပတ်သက်သူအားလုံးကို တက်ရောက်ကြားနာစေမည်ဖြစ်ပြီး KNDO က ယူဆောင်သွားသည်ဆိုသော လက်နက်များကို ပြန်စုဆောင်း၍ ရသမျှ ပြန်လွှဲပေးမည်ဟု ပဒိုစောလစ္စတန်က ဆက်ပြောသည်။ 

“အမှန်က အမှုပြီးမှ အားလုံးပြန်လွှဲအပ်ရဖို့ပါ။ သို့သော် ရှေ့တန်းလိုအပ်ချက်ကြီးမားတဲ့အတွက် ပစ္စည်းအတော်အတန်ကို (ခုံ) ရုံးကို မတင်နိုင်ခြင်း၊ ပစ္စည်းအတိုင်း မဖြစ်နိုင်ခြင်းတွေ ရှုပ်ထွေးသွားပါတယ်။ ကျွန်တော်လည်း အောက်ခြေမှာရှိတဲ့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) တာဝန်ရှိသူ လူကြီးများနှင့် ချိတ်ဆက်အသိပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသည့် အသက် ၄၀ ကျော်အရွယ် ကိုရဲဒင်းသည် ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်မြို့နယ် များအတွက် လက်နက်ဝယ်ယူပေးနေသည့် NUG အသိအမှတ်ပြု ထောက်ပို့တပ်သားတစ်ဦးဖြစ်ပြီး ဦးပညာစာရမှာ မြင်းခြံမြို့နယ်မှဖြစ်ကြောင်း၊ အခြားရဲဘော်တစ်ဦးကိုမူ ၎င်းအနေဖြင့် မသိကြောင်း ပခုက္ကူမြို့နယ် PDF လက်နက်ရှာဖွေရေးတာဝန်ခံက ပြောသည်။ 

အဆိုပါရွာတွင် လက်နက်များနှင့်အတူ ထောက်ပို့ သုံးဦးက ဘုန်းကြီးကျောင်း၌ တည်းခိုနေစဉ် ၎င်းတို့နှင့် လက်နက်များကို စောင့်ရှောက်ပေးရန် KNDO တပ်ရင်း ၆ တပ်ရင်းမှူးက တပ်ဖွဲ့ဝင်ငါးဦးကို လုံခြုံရေးတာဝန်ပေးအပ်ခဲ့သည်ဟု ဆိုသည်။ 

KNDO သည် KNU အောက်မှ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ပူးတွဲတိုက်ခိုက်နေသည်။ 

ထိုလုံခြုံရေးတာဝန်ကျသော KNDO တပ်ဖွဲ့ဝင်အချို့က ထောက်ပို့သုံးဦးကို သတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းများ ယူဆောင်သွားကြောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများမှာ စုစုပေါင်း ငွေကျပ် သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“ပြည်သူတွေ ထောက်ပံ့ပေးထားတဲ့ဟာလေးနဲ့ ကျွန်တော်တို့မှာ လယ်ယာကိုင်းကျွန်းလုပ်ပြီးတော့ စုထားတဲ့ငွေလေးတွေနဲ့ ကျစ်ကျစ်ကြုတ်ကြုတ်နဲ့ မှာထားတဲ့ အနေအထားမှာ လမ်းကြောင်းအဆင့်ဆင့် ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ ကျွန်တော်တို့ဆီ ရောက်တာဗျာ။ ဒီအခြေအနေမျိုးမှာ လမ်းကြောင်းတစ်ခုရော၊ လူ့အသက်တွေရော ဆုံးရှုံးသွားတာ ကျွန်တော်တို့ ပခုက္ကူခရိုင်အတွက် ပိုပြီးတော့ ခက်ခဲသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၂၄ တွင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ ကနဦးဖြစ်စဉ် တင်ပြလွှာပေးပို့ထားပြီး MOD ဘက်က ယနေ့အထိ အကြောင်းပြန်မလာသေးဟု ၎င်းက ဆိုသည်။

“NUG ကိုရော KNU ကိုရော ပြောချင်တာကတော့ ကိုရဲဒင်းနဲ့ ပတ်သက်ပြီး တရားမျှတမှုကို ရှာဖွေပေးပါ။ ကိုရဲဒင်းနဲ့ ပတ်သက်ပြီး တရားမျှတမှု လိုချင်ပါတယ်။ ဒါကလည်း သူ့ဂုဏ်သိက္ခာနဲ့ သူ့မိသားစု ဂုဏ်သိက္ခာအတွက်ပါ။ လူတစ်ယောက်ရဲ့အသက် ဒီလိုဖြစ်သွားတဲ့အတွက် ထိုက်တန်တဲ့ တရားမျှတမှု၊ စီရင်မှု ကျွန်တော်တို့ လိုချင်ပါတယ်” ဟု ပခုက္ကူမြို့နယ် PDF လက်နက်ရှာဖွေရေးတာဝန်ခံက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button