သတင်း

မြောက်ဦး ပစ်ခတ်မှုတွင် အရပ်သား ၃ ဦး သေဆုံး၊ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်သား ၁၇ ဦးသေ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်အတွင်း ဩဂုတ်၂၈ ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းတစ်ခု ချုံခိုတိုက်ခိုက်ခံရသဖြင့် အရာရှိ ၂ ဦးအပါအဝင် ၁၇ ဦး သေဆုံးကြောင်း ရက္ခိုင့်တပ်တော် (AA)  နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 

အင်အား ၁၀၀ ကျော်ပါ ထိုစစ်ကြောင်း မြောက်ဦးမြောက်ဘက် ၇ မိုင်ခန့်အကွာ လက္ကာကျေးရွာနှင့် အောက်သကန်ကျေးရွာအကြား မိုင်းဆွဲခံရပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထိုသို့မိုင်းဆွဲခံရမှု၊ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်က နှစ်ပွင့်နဲ့တစ်ယောက်၊ တစ်ပွင့်နဲ့တစ်ယောက်၊ အားလုံး ၁၇ ယောက်ကျတယ်လို့ ပြောပါတယ်။ အဲဒီအလောင်းကို သူတို့က ကောက်ယူလို့မရလို့ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာ၊ အလောင်းကောက်မယ်ဆိုရင် လေယာဉ်နဲ့ လာကောက်မှပဲ ရမယ်ဆိုတဲ့အနေအထား ဖြစ်ခဲ့တာလို့ သိရတယ်” ဟု ထိုသူက ဆိုသည်။

စစ်ကောင်စီတပ် သေဆုံးမှုသတင်းနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို AA နှင့် စစ်ကောင်စီတပ် တာဝန်ရှိသူများထံ မေးမြန်းမရသေးပေ။

ထိုတိုက်ပွဲအပြီး မြို့အနီးဝန်းကျင်မှ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများဖြင့် ည ၉ နာရီအထိ ပစ်ခတ်ခဲ့သည်။

ထိုနေ့က မြောက်ဦးမြို့ပေါ်နှင့် မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာမှ အိမ်ခြေ ၂၀၀ ‌ကျော်နှင့် လူဦးရေ ၁၀၀၀ နီးပါးရှိသော ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာ ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြသည်။ 

ထို့ကြောင့် လက္ကာ၊ ဘူးရွက်မညှိုး၊ အောက်သားကန်၊ အိုးထိန်း ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ကင်းဆိပ်ရွာဒေသခံများလည်း ထွက်ပြေးနေရသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

“ကျွန်မတို့ရွာကို ရည်ရွယ်ချက်ရှိရှိ တည့်တည့်ချိန်ပြီး ပစ်တာပါ။ ရွာမှာ ULA/AA ရုံး ရှိတယ်ဆိုတာကို သိလို့ တမင်ပစ်နေတာပါ” ဟု ကင်းဆိပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ယင်းနေ့က ပြောသည်။

တိုက်ပွဲအပြီး နောက်တစ်နေ့ သြဂုတ် ၂၉ တွင် စစ်ကောင်စီက စစ်တွေနှင့် မြောက်ဦးရေလမ်းကြောင်း သွားလာခွင့် တားမြစ် ကန့်သတ်လိုက်ကြောင်း သိရသည်။

မြောက်ဦးဒေသသည် ရခိုင်မင်းနေပြည်တော်၏ မြို့တော်ဖြစ်ပြီး ရှေးဟောင်းဘုရားပုထိုး အများအပြားရှိသောကြောင့် အာဏာမသိမ်းခင်နှစ်များက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တွင် ဝင်နိုင်ရန် ကြိုးပမ်းနေချိန် တိုက်ပွဲများ မြို့အနီးအနား၌ ဖြစ်လာသည်။ 

ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် အထိနာပြီး လက်နက်အများအပြား ဆုံးရှုံးသလို နယ်ခြားစောင့်ရဲ ၁၄ ဦးကို AA က ဖမ်းသွားခဲ့သည်။ 

ယမန်နှစ် ဒီဇင်ဘာမှစတင်၍ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာသည့် AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသလို စစ်ကောင်စီတပ်က ရေကြောင်းမှ လူအင်အား၊ ရိက္ခာပို့ခြင်း၊ လေကြောင်းမှ ထောက်ပို့ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်နေသည်။ 

ယနေ့ ဩဂုတ် ၃၁ တွင် မောင်တောမြောက်ပိုင်း၊ ဝေလာတောင်ကြောအနီး လေကြောင်းမှ နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ရသေ့တောင်ဘက်မှာလည်း ပြိန်းတောကျေးရွာအရှေ့ဘက်တွင် လေကြောင်းမှ ပစ်ခတ်မှုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ရသေ့တောင် တိုက်ပွဲဖြစ်

ယမန်နေ့ (သြဂုတ် ၃၀) ယမန်နေ့က ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ညနေ ၆ နာရီခန့်က တစ်နာရီကြာ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ဖြစ်ခဲ့ သည်။

ရသေ့တောင်မြို့နယ် ငစံဘော်ရွာမှ ဒေသခံများ ထွက်ပြေးလာကြသည်ကို ဩဂုတ် ၃၁ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Phyo Ko Danny)

မေယုမြစ်အရှေ့ဘက်ခြမ်း ကုလားချောင်းကျေးရွာဘက်မှလာသည့် စစ်ကောင်စီတပ် ရိက္ခာထောက်ပို့လာသည်ကို မညင်းတောင်ကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲနေသည့် စစ်တပ်က လာရောက်ခေါ်ဆောင်ရာ အသင့်စောင့်နေသည့် AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြိန်းတောကျေးရွာသားတစ်ဦးက ပြောသည်။

“ဇက်သင်္ဘောက စစ်တွေဘက်က လာရင် ရသေ့တောင် ၅၃၆ တပ်ရင်းအောက်မှာ ရှိနေတာ။ အဲဒီကနေတစ်ဆင့် ကုလားချောင်းရွာဆိပ်ကို လာတယ်။ အဲဒီဆိပ်ကမ်းကနေ ရေစိုးချောင်းဗျူဟာကို ကုန်းကြောင်းရိက္ခာ တင်ပို့တော့ လမ်းမှာ ဖြစ်ကြတာ” ဟု သူက ဆိုသည်။ 

တိုက်ပွဲအပြီး ထောက်ပို့စစ်ကြောင်းမှာ ကုလားချောင်းရွာဘက်သို့ ပြန်ဆုတ်သွားပြီး မညင်းတောင်ကျေးရွာအနီး တောင်ကုန်းရှိ စစ်တပ်က အနီးဝန်းကျင်သို့  ပစ်ခတ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

“ဒီဘက်မှာ နှစ်ဖက်တင်းမာနေတာက ကြာနေပြီ၊ ဒီနေ့မှ စဖြစ်တာ။ အဲဒီမညင်းတောင် တောင်ထက်ကနေ အခုလည်း လှမ်းပစ်နေတယ်။ တိုက်ပွဲက ဆက်ဖြစ်လာဖို့ဘက်ကို များပါတယ်။ အခု ရွာက ကလေးတွေနဲ့ မိန်းမတွေက စဖိုကျွန်း ဘက်ကို ဟွန်ဒါတွေနဲ့ ကူးပြေးသွားကြပါပြီ” ဟု အထက်ပါအမျိုးသားက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

အမျက်တောင်၊ မညင်းတောင်၊ ကုလားချောင်း စသည့် ကျေးရွာသုံးရွာမှ ဒေသခံများမှာ ပြီးခဲ့သည့် နှစ်နှစ်ကျော်အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နေရပ်စွန့်ခွာခဲ့ရပြီး ယခုအချိန်ထိ စစ်ရှောင်စခန်းတွင် ခိုလှုံနေရဆဲဖြစ်သည်။

၂၀၂၀ နိုဝင်ဘာလတွင်းက ပြုလုပ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်ခန့်အလိုက ရခိုင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ကြား နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားခဲ့ကြသည်။

တချို့မှာ နေရပ်ပြန်ခဲ့ကြပြီး ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အနီးဝန်းကျင်ရှိ ဓောဓိကုန်း၊ ကုန်တန်း၊ သမီးလှ စသည့်ကျေးရွာများမှ ဒေသခံတချို့မှာ နောက်တစ်ကြိမ် ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီရွာ ၃ ရွာကလူတွေက အခုထိ နေရပ်ပြန်လို့ မရသေးဘူး။ စစ်ဘေးရှောင်စခန်းမှာပဲ နေနေကြရတယ်။ ရွာတွေက အားလုံး ပျက်စီးသွားပြီး စစ်တပ်က တပ်စွဲထားတာ ၃ နှစ်လောက်ရှိပါပြီ။ ရွာသားတွေ မပြန်ရတာလည်း ၃ နှစ်‌လောက် ရှိပြီ” ဟု ဒေသခံနောက်တစ်ဦးက ‌ပြောသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်ခြံစည်းရိုးအနီးကို စစ်ကောင်စီတပ် တိုက်လေယာဉ် ၂ စီးက ယမန်နေ့ (သြဂုတ် ၃၀) မွန်းတည့်ချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုနေ့က ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်အတွင်း ကျရောက်ခဲ့သလို စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စီးကလည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button