သတင်း

AA နှင့် စစ်ကောင်စီ မြောက်ဦးတိုက်ပွဲ ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံး 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်တွင် သြဂုတ် ၂၈ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးသွားကာ သံဃာ နှစ်ပါးနှင့် ရွာသား ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိသွား သည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေရာ ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် မြောက်ဦးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြို့ပေါ် အောင်မြေသုခ ဘုန်းကြီးကျောင်း၊ ကားဂိတ်ရှေ့ ပညာရောင်ခြည်ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲ ခဲ့သည်။ 

အလားတူ မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာမှ အိမ်ခြေ ၂၀၀ ‌ကျော်နှင့် လူဦးရေ ၁၀၀၀ နီးပါးရှိသော ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ 

“ကလေးတစ်ယောက်နဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့လူတွေ အများကြီးရှိတယ် ။ ဘယ်နှစ်ယောက်ဆိုတာကိုတော့ အတိအကျမသိရဘူး။ ကားနဲ့ ဆေးရုံကိုယူသွားပြီးတော့ သိရတယ်။ အခု ရွာက လူတွေ အကုန်ပြေးနေကြတယ်” ဟု ကင်းဆိပ်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါကင်းဆိပ်ကျေးရွာမှ အသက် ၄ နှစ်အရွယ် မောင် မြတ်သူလင်းနှင့် အသက် ၆၀ အရွယ် ဒေါ်အေးယိုင်နုတို့ သေဆုံးခဲ့သလို မောင်မြတ်သူလင်း၏ မိခင် ဒေါ်ဦးဝင်းခိုင်အပါအဝင်ရွာသား ၈ ဦးခန့် ဒဏ်ရာရှိသွားသည်။

“လက်နက်ကြီး ရွာထဲကျလို့ ထွက်ပြေးကြတဲ့အခါ ကလေးကို သူ့အမေ ရွက်လို့ ထွက်ပြေးရင်း နောက်ထပ်တစ်လုံးကျလို့ ထိသွားတာပါ။ ကလေးကတော့ ဆုံးသွားပါပြီ။ သူ့အမေလည်း ဒဏ်ရာနဲ့ ဆေးရုံမှာပါ” ဟု သေဆုံးသွားသည့် ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောသည်။

ပညာရောင်ခြည်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးနန္ဒအပါအဝင် သံဃာနှစ်ပါးနှင့် လက်သမားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း ထိုကျောင်းတည်ရှိရာ ထမ္မရာဇ်ရပ်ကွက်မှ လူကြီးတစ်ဦးက ပြောသည်။

“ဒဏ်ရာကတော့ သိပ်အများကြီးမဟုတ်ပါဘူး။ လက်နက်ကြီးကျည်စနည်းနည်းထိသွားတာပါ။ ကင်းဆိပ်မှာတော့ လောလောဆယ်သိရတာ ရွာသားနှစ်ယောက် သေတယ်။ ၈ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ထိုလူကြီးက ဆိုသည်။

ပြီးခဲ့သည့် သုံးလခန့်ကလည်း ကင်းဆိပ်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေမှုများပြုလုပ်ခဲ့၍ ရွာသားများထွက်ပြေးခဲ့ကြရသည်ဟု ရွာခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီးပစ်သံကြားလို့ အပြင်ကိုထွက်ကြည့်ကြပါတယ်။ ကြည့်တဲ့အချိန်မှာ သတိမထားမိဘူး။ ရွာက သစ်ပင် တွေ အုန်းပင်တွေကို လက်နက်ကြီးကျည်စထိတယ်လို့ လူတွေကပြောကြတယ်။ နောက်ပြီးမှ ရွာထဲမှာကျပြီး သေတာနဲ့ ဒဏ်ရာရကြတာကို သိရတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။

-ကင်းဆိပ်ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိမှန်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- စောမြတ်မွန်)

လက်ရှိတွင် ကျေးရွာအတွင်းလက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ပွဲမည်ကို စိုးရိမ်၍ ရွာလုံးကျွတ် ဘေးလွတ် ရာသို့ ထွက်ပြေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ရွာကို တမင်ရည်ရွယ်ချက်ရှိရှိ တည့်တည့်ကိုပစ်နေတာပါ။ ပစ်တာဟူသမျှ အားလုံးရွာထဲမှာကျတယ်။ အခုရွာက လူတွေ ဟိုပြေးဒီပြေး ပြေးနေကြပါတယ်။ ရွာထဲမှာ မနေရဲတော့ဘူး။ သူတို့က ရွာကိုသေချာချိန်ပြီး ပစ်နေတာပါ။ အခု သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့လူတွေကို ကားနဲ့ ဆေးရုံကိုယူသွားပါပြီ”ဟု ထိုအမျိုးသမီးငယ်က ပြောသည်။

“အစတုန်းကတော့ သူတို့(စစ်တပ်)လက္ကာရွာဘက်ကို လှမ်းပစ်တယ်။ ညနေပိုင်း ၅ နာရီလောက်မှာတော့ မထင်မှတ်ဘဲ ကျွန်မတို့ရွာဘက်ကို ပစ်ပါတယ်” 

ကင်းဆိပ်ကျေးရွာသားများ၏ ပြောဆိုချက်အရ ၎င်းတို့ရွာတွင် ရက္ခိုင့်တပ်တော်(AA)ရှိသည်ဟူသော အထင်ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။

လက္ကာရွာအနီး တိုက်ပွဲ ဖြစ် 

ကျောက်တော်ဘက်မှ လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ကြားဖြတ်ကာ မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက္ကာကျေးရွာနှင့် အောက်သကန်ကျေးရွာကြား ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းရှိရာ နေရာ ၆ ခုဖြစ်သော ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းများနှင့် ငွေတောင်ပေါက်၊ တိန်ညို၊ လင်းမြွေတောင်စခန်းနေရာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

မြောက်ဦးမြို့ခံတစ်ဦးက “တိုက်ပွဲဖြစ်တာက ညနေ ၄ နာရီလောက်က လက္ကာရွာနားမှာဖြစ်တာ။ အချိန်ဘယ်လောက် ကြာကြာဖြစ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရဘူး” ဟု ပြောသည်။

လက္ကာကျေးရွာနှင့် အောက်သကန်ကျေးရွာသည် ရန်ကုန် – စစ်တွေ အာရှကားလမ်းမပေါ်တွင်ရှိပြီး မြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်ရှိသည်။ 

“တိုက်ပွဲက မြို့ နဲ့ ၇ မိုင်ဝေးတဲ့ မြောက်ဘက်မှာဖြစ်တယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတာက မြို့အနောက် ဘက်က ရပ်ကွက်ထဲ ကျတယ်။ တိုက်ပွဲ ဧရိယာနဲ့ ဘာမှမဆိုင်တဲ့ ရွာထဲကို တမင်တကာလှမ်းပစ်တယ်။ ဒါဟာ စစ်ကောင်စီဟာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ ပေါ်လွင်ပါတယ်” ဟု မြောက်ဦးမြို့ခံ နောက်တစ်ဦးက ပြောသည်။

လက္ကာရွာအဝင် ဆိုင်းဘုတ် လက်နက်ကြီးထိပြီး လဲကျနေသည်ကို ဩဂုတ် ၂၈ ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ- Naing Lin Oo)

လက်ရှိတွင် တိုက်ပွဲအနီးမှ လက္ကာ၊ ဘူးရွက်မညှိုး ၊ အောက်သားကန်၊ အိုးထိန်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် အသွားအလာမရှိ ရပ်တန့်နေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုမှာ ညနေ ၉ နာရီအထိ ရှိခဲ့သည်ဟု မြောက်ဦးမြို့ခံများကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အင်အား ၁၃၀ ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် ကျောက်တော် တပ်မဘက်မှ ကားဖြင့် မဟာမုနိဘုရားအနီးသို့ရောက်ရှိလာပြီး ထိုမှတစ်ဆင့် မြောက်ဦးဘက်သို့ ခြေလျင် ချီတက် သွားခဲ့ကြသည်။

မောင်တောတွင် နှစ်ရက်ဆက် လေကြောင်းမှ ပစ်ခတ်

မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဝေဟင်မှ တိုက်ခိုက်ရေးလေယာဉ်များအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

ဩဂုတ် ၂၈ နံနက် ၁၀ နာရီခန့်က စတင်၍ နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၄၀ အနီးဝန်းကျင်တွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မောင်တော -တောင်ပြိုကားလမ်းမပေါ်ရှိ သင်္ဘောလကျေးရွာနှင့် မီးတိုက်ကျေးရွာအနီးက လက်ပံတောင်ကြောနှင့် ဝေလာတောင်ကြားသို့ လေကြောင်းမှ ညနေ ၃ နာရီခန့်မှ ၄ နာရီအထိ ၁ နာရီကြာ ပစ်ခတ်ခဲ့သည်ဟု မြင်တွေ့လိုက်ရ သူ တစ်ဦးက ပြောသည်။

“လေယာဉ်နဲ့ ၃ နာရီလောက်ကနေ တိုက်နေတာ။ ၄ နာရီ‌လောက် ပြန်သွားတယ်။ လေယာဉ်က သုံးစီးပါ။ တစ်စီးက ဂျက်လေယာဉ်၊ ကျန်နှစ်စီးက တိုက်ခိုက်ရေးရဟတ်ယာဉ်ပါ။ လက်ပံတောင်ကြောနဲ့ ဝေလာတောင်ကြားကို ပစ်တာ မြင်နေရတယ်”ဟု ဆိုသည်။

အလားတူ သြဂုတ် ၂၇ ၊ ညနေ ၃ နာရီခန့်တွင် ခမောင်းဆိပ်ဗျုဟာကုန်းအနီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

မောက်တောမြောက်ပိုင်း နယ်စပ်ခြံစည်းရိုးအနီးဝန်းကျင်နှင့် တခြားနေရာတချို့တွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများနှင့် ဗျူဟာကုန်းများမှ လက်နက်ကြီးများဖြင့်ပစ်ကူ‌ပေးလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

သြဂုတ် ၂၇ နံနက်ပိုင်း ၉ နာရီခန့်၌ ကြိမ်ချောင်းဗျူဟာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် မင်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးကြီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများဖြစ်ပွားနေပြီး ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်နှင့် တခြားမြို့နယ်များတွင်လည်း နှစ်ဘက်စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လျက်ရှိနေသည်။

မောင်တောတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုများ ပါဝင်လာကြောင်းနှင့် လက်နက်ကြီးများသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း နယ်စပ်တစ်လျှောက် တပ်လှန့်ထားကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button