သတင်း

မြဝတီ သုံးထပ်ကွေ့အနီး စစ်တပ်နှင့် ကော်ဘရာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်

ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ပိုင်း သုံးထပ်ကွေ့အနီး စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကော်ဘရာစစ်ကြောင်းတို့ ဇူလိုင်လဆန်းမှစတင်ကာ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဇူလိုင် ၇ မှစ၍ မြဝတီ-ဝေါလေကားလမ်းပေါ်ရှိ တောင်ကြောများတွင် တိုက်ခိုက်နေသည်ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ယနေ့ ပြောသည်။

“နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိတယ်။ အပြန်အလှန်ထိတွေ့မှုတွေ ရှိတယ်” ဟု သူက ပြောသည်။ 

ယနေ့ ဇူလိုင် ၂၉ တွင် သုံးထပ်ကွေ့နေရာအနီးတစ်ဝိုက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့ကလည်း ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး ဒဏ်ရာရပြီး ဆုတ်ခွာသွားသလို ကော်ဘရာစစ်ကြောင်းမှ တစ်ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့တိုက်ပွဲတွင် ခမရ (၂) မှ ဗိုလ်ကြီးတစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။ 

မြဝတီမြို့နယ်အတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄ ဖြင့် မြဝတီမြို့နယ် ဖလူးဒေသတွင် အင်အားစုဖွဲ့ကာ ဝေါလေဒေသအတွင်း ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားနေသည်ဟု သိရသည်။

“တောက်လျှောက်ဆိုသလိုပဲ စစ်ကြောင်းထိုးနေတာ” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီက ဒေသအသီးသီးရှိ တိုက်ပွဲများအကြောင်းကို သတင်းအမှောင်ချထားသည်။

အခြေစိုက်စခန်းများ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်သည်အင်အားပြုန်းတီးမှု၊ စိတ်ဓာတ်အင်အားအရ နိမ့်ပါးမှုများကြောင့် မွန်ပြည်နယ်အခြေစိုက် တပ်မတစ်ခုကို ခေါ်ယူအသုံးပြုနေရသည်ဟု အာဏာဖီဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို မှတ်ချက်ပြုထားသည်။

ဇူလိုင်ဒုတိယပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်အချို့ သေဆုံးမှုများရှိသလို လက်နက်ခဲယမ်းအမြောက်အမြားကို ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းနိုင်ခဲ့သည်။ 

ပိတ်မိနေသူများအား ကယ်ထုတ်ရန် စစ်ကူတက်လာသည့် ခမရ ၂၀၇ ကို ဇူလိုင် ၁၃ တွင် ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။

မြဝတီမြို့တောင်ဘက် ဝေါလေဒေသသည် KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်နယ်မြေအတွင်း ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည်။

KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းတွင် PDF တပ်ဖွဲ့ဝင်များလည်း ပါဝင်နေသည်။

ကရင်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သော စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းထားသည့် ကရင်ပြည်သူ့တပ်မတော် (Kaw Thoo Lei Army) လည်း ယင်းဒေသတွင် လှုပ်ရှားနေပြီး ဇူလိုင် ၂၇ က ဝေါလေဒေသ ရွှေအေးမြိုင်ရွာတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button